ကိုယ်ဝန်တားတဲ့နည်းလမ်းများစွာရှိတဲ့အထဲမှာမှ မိမိနှစ်သက်ရာ၊ အဆင်ပြေရာနည်းလမ်းတွေကို ရွေးချယ်အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။ ထိုးဆေး၊ သောက်ဆေးစသဖြင့် မျိုးစုံရှိတဲ့အထဲမှာ သူ့နည်းနဲ့သူအားသာချက်၊ အားနည်းချက်တွေရှိကြပါတယ်။ ဆေးပုံမှန်သောက်ရတာ၊ အချိန်မှန်သောက်ရတာ၊ အပြည့်အဝကာကွယ်မှုမပေးနိုင်တာစတဲ့အားနည်းချက်တွေလည်း အမျိုးမျိုးရှိကြပါတယ်။ အဆိုပါနည်းလမ်းတွေထဲကမှ IUCD ဟာလည်းအသုံးများတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

IUCD ဆိုတာ intrauterine contraceptive device ရဲ့အတိုကောက်နာမည်ဖြစ်ပါတယ်။ သားအိမ်တွင်းမှာထည့်ထားရတဲ့ကိုယ်ဝန်တားတဲ့ အရာဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ဟော်မုန်းပါတာနဲ့ မပါတာဆိုပြီးရှိပါတယ်။ ဟော်မုန်းမပါတဲ့အမျိုးအစားမှာတော့ copper ပါဝင်ပါတယ်၊ တစ်ခါတစ်ရံမှာ gold, silver တို့လည်း အနည်းငယ်ပူးတွဲပြီးပါတတ်ပါတယ်။

IUCDရဲ့အလုပ်လုပ်တဲ့ပုံစံကတော့ copper ပါရင် အမျိုးသားရဲ့သုက်ပိုးကိုသေကျေအောင် ဒါမှမဟုတ် သားအိမ်ထဲမှာ ကောင်းကောင်းမွန်မွန်သွားလာလို့မရအောင် ပြုလုပ်ပေးပါတယ်။ အဆိုပါနည်းလမ်းက သုက်ပိုးနဲ့ သားဥမတွေ့အောင်နဲ့ မျိုးအောင်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ဟော်မုန်းပါရင်တော့ သားအိမ်မှာ မျိုးအောင်ပြီးသားဆဲလ်ကို ကပ်တွယ်လို့မရအောင်ပြုလုပ်ပေးပါတယ်။

IUCD ရဲ့ အဓိကအားသာချက်ကတော့ ဆေးသောက်ရသလို အချိန်မှန်မှန်သောက်နေဖို့ မလိုတာပါပဲ။ ဆေးသောက်ရင် မေ့နေတာ၊ အချိန်နောက်ကျသွားတာ၊ မှားသောက်မိတာ စတာတွေရှိနိုင်ပေမယ့် IUCD မှာတော့ အဆိုပါအကြောင်းအရာတွေမရှိပါဘူး။ ဒါ့အပြင် တစ်ခါထည့်ထားပြီးရင် 5နှစ်ခံတာတွေရှိသလို 12 နှစ်လောက်ထိခံတာလည်းရှိလို့ မကြာခဏလဲနေဖို့လည်းမလိုပါဘူး။ ဟော်မုန်းပါတဲ့ တခြားဆေးတွေကရပ်လိုက်တာနဲ့ ကိုယ်ဝန်ပြန်ရနိုင်ခြေက အနည်းငယ်ခက်ခဲနိုင်ပေမယ့် IUCD မှာတော့ အဆိုပါကိစ္စလည်းမကြုံရပါဘူး။

နောက်ဆက်တွဲဆိုးကျိုးအနေနဲတော့IUCD ကို သားအိမ်ထဲထည့်ထားရတာကြောင့် တစ်ခါတစ်လေမှာ ရှာမရတော့တာမျိုးဖြစ်နိုင်ပါတယ်။ သားအိမ်ထဲမှာ ထည့်ထားရတဲ့အတွက် မတော်တဆမျိုးအောင်လာခဲ့ရင် သန္ဓေသားက အခြားနေရာမှာသွားနေရပြီး နေရာလွဲပြီးကိုယ်ဝန်ဆောင်တဲ့ ectopic pregnancy ဖြစိန်ုင်ပါတယ်။

ကိုယ်ဝန်တားတဲ့နည်းလမ်းတွေမှာ သဘောကျလောက်တဲ့အချက်ကော စိုးရိမ်စရာကောင်းတဲ့အချက်တွေပါ ရောပြီးရှိနေတတ်ပါတယ်။ ဆေးသောက်ဖို့ရွေးကြသလို ဆေးထိုးဖို့လည်းရွေးတတ်ကြပါတယ်။ ဘယ်နည်းလမ်းကိုရွေးရွေး ကောင်းကျိုးဆိုးပြစ်တွေကို ကောင်းကောင်းနားလည်ပြီး သေချာစွာသုံးဖို့လိုပါတယ်။

Dr. ZZ