Diaphragmဆိုတဲ့ ကိုယ်ဝန်တားပစ္စည်းကလည်း ကိုယ်ဝန်ကိုတားဆီးရာမှာ အသုံးဝင်တဲ့နည်းဖြစ်ပါတယ်။ diaphragm ဆိုတဲ့ဝေါဟာရဟာ ခန္ဓာဗေဒမှာတော့ ရင်ဝမ်းခြားကြွက်သားလို့ခေါ်ပါတယ်။ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကိုပိုင်းခြားထားပေးတယ့် ကြွက်သားနစ်ခုဖြစ်ပါတ၌။ diaphragm contraceptiveကလည်း အလားတူကာရံပေးထားနိုင်တဲ့အစွမ်းရှိပါတယ်။

နားလည်လွယ်အောင်ပြောရရင်တော့ အမျိုးသမီးcondomလို့ ခပ်လွယ်လွယ်သဘောပေါက်နိုင်ပါတယ်။ အမျိုးသားရဲ့သုက်ပိုးတွေကို အမျိုးသမီးရဲ့သားအိမ်ထဲမဝင်နိုင်အောင် ကာရံတားဆီးပေးထားနိုင်ပါတယ်။ အဲဒီလိုကာရံထားလိုက်ရင် သုက်ပိုးတွေက မျိုးဥနဲ့မတွေ့တော့ပဲ ကိုယ်ဝန်ရတာကိုတားဆီးနိုင်ပါတယ်။

အသုံးပြုရတာကတော့ အဆိုပါပစ္စည်းကို အမျိုးသမီးရဲ့သားအိမ်ခေါင်းမှာ ကာထားရက်သားဖြစ်အောင် အံဝင်ခွင်ကျ ထားရမှာဖြစ်ပါတယ်။ နေရာလွဲရင် ကိုယ်ဝန်ရသွားနိုင်တာမို့ သေချာအောင်ဂရုစိုက်ရပါမယ်။ diaphragmကိုအတူနေပြီးရင် အနည်းဆုံး 6နာရီလောက်ထားရပါမယ်။ diaphragmမှာပါတဲ့ ဓာတုပစ္စည်းတွေကလည်း သုက်ပိုးတွေကိုနှေးကွေးစေတဲ့ အာနိသင်ရှိတာကြောင့် ကိုယ်ဝန်မရအောင်ကာကွယ်တာ တော်တော်အစွမ်းထက်တယ်လို့ဆိုရမှာဖြစ်ပါတယ်။

Diaphragm ကိုသုံးတော့မယ်ဆိုရင် အနည်းဆုံးတစ်ကြိမ်လောက်တော့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ထားသင့်ပါတယ်။ တကယ်ထားရမယ့်နေရာမှာ မရောက်ပဲလွဲနေရင်လည်း အာနိသင်ရမှာမဟုတ်တဲ့အတွက် နေရာကျဖို့လိုအပ်ပါတယ်။ နောက်ထပ်အရေးကြီးတာက ကြုံရာအရွယ်အစားမသုံးဖို့ပါ။ မိန်းမကိုယ်၊ သားအိမ်ခေါင်းအရွယ်အစားတွေက အမျိုးသမီးတစ်ဦးနဲ့တစ်ဦးမတူညီနိုင်ပါဘူး။ ကလေးမွေးဖူးတာ မမွေးဖူးတာ စသဖြင့် ကွာခြားပါတယ်။ သုံးတော့မယ်ဆိုလည်းမိမိနဲ့ကိုက်ညီတဲ့အရွယ်ကိုသေချာရွေးရမှာပါ။

ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ အဆိုပါပစ္စည်းကြောင့် ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်။ မထုတ်ပဲထားမိတာ၊ မေ့နေတာမျိုးရှိရင်လည်း ရောဂါပိုးတွေအလွယ်တကူဝင်ရောက်နိုင်တာ ပေါက်ဖွားနိုင်တာတွေရှိလို့ ဂရုစိုက်ရမှာပါ။ အကျိုးတွေအနေနဲ့ကတော့ ဟော်မုန်းမပါလို့ ဟော်မုန်းရဲ့ဆိုးကျိုးတွေကိုရှောင်ရှားနိုင်ပါတယ်။ ပုံမှန်ဆေးသောက်ဆေးထိုးနေဖို့လည်းမလိုတာကြောင့် အဆင်ပြေနိုင်ပါတယ်။

ကိုယ်ဝန်တားတဲ့နည်းလမ်းကတော့ မျိုးစုံရှိနိုင်သလို ရွေးစရာတွေ လည်းအရမ်းများပြားပါတယ်။ ဟော်မုန်းပါတာ၊ မပါတာ၊ သားအိမ်ထဲထားတာ၊ လက်မောင်းမှာထားတာ၊ ကပ်ထားရတာ၊ ဆေးထိုးရတာ၊ အတူနေတိုင်းသုံးရတာ စသဖြင့်ကွဲပြားနေပေမယ့် ကိုယ်ဝန်မရအောင်တားဆီးနိုင်တဲ့အာနိသင်ကိုပေးနိုင်တာကြောင့် အဆင်ပြေတာကိုရွေးချယ်ပြီးသုံးရမှာဖြစ်ပါတယ်။

Dr. ZZ