Condomဆိုတာကတော့ အထူးအထွေရှင်းပြစရာမလိုတော့လောက်အောင် ရင်းနှီးနေနိုင်တဲ့ ကိုယ်ဝန်တားတဲ့ နည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ ဆေးသောက်နေဖို့မလိုသလို ဆေးထိုးဖို့လည်းမလိုပါဘူး။ သားအိမ်ထဲမှာလည်း ထည့်ထားစရာမလိုသလို ဟော်မုန်းတွေမပါတဲ့အတွက်လည်းဟော်မုန်းတွေရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာမရှိပါဘူး။ အတူနေခါနီးမှာ အမျိုးသား သို့မဟုတ် အမျိုးသမီးက Condom သုံးထားရင် စိတ်ချရပြီလို့ဆိုနိုင်ပါတယ်။

Condom ရဲ့အားသာချက်တစ်ခုကျတာ့ လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ ရောဂါကာကွယ်အပြင်ကိုယ်ဝန်ကာကွယ်တာကိုပါ ပူးတွဲလုပ်ဆောင်နိုင်တာကြောင့်အင်မတန်အစွမ်းထက်တယ်လို့ ဆိုရမှာပါ။ ကိုယ်ဝန်ကာကွယ်နိုင်စွမ်းကလည်း 98% လောက်ရှိတာမို့ အစွမ်းထက်တယ်လို့ဆိုနိုင်ပါတယ်။

Condomကို များသောအားဖြင့်ပါးလွှာတဲ့ latexနဲ့လုပ်ထားပါတယ်။ latex နဲ့ ဓာတ်မတည့်ဘူးဆိုရင်လည်း အခြားအရာဝတ္တုနဲ့ပြုလုပ်ထားတဲ့ condom ကို အသုံးပြုနိုင်ပါတယ်။ အမျိုးသားသုံးနဲ့အမျိုးသမီးသုံး နှစ်မျိုးရှိပေမယ့် အမျိုးသားသုံးကပိုမိုရိုးရှင်းလွယ်ကူတဲ့အပြင် တစ်ဦးကသုံးထားရင်လုံ လောက်ပြီမို့ အမျိုးသားသုံးတွေက ပိုမိုတွင်ကျယ်ပါတယ်။

Condomကို အသုံးမပြုခင် အရေးကြီးတာကတော့ သက်တမ်းကုန်နေလားကြည့်ရပါမယ်။ ဒါ့အပြင် condomမသုံးခင် အမျိုးသားနဲ့ အမျိုးသမီးအင်္ဂါတွေ ထိတွေ့ထားခြင်းမရှိဖို့ လိုအပ်ပါတယ်။ နောက်ထပ်အရေးကြီးတာတစ်ခုက condom ကို တစ်ခုထက်ပိုပြီးမသုံးမိအောင်သတိထားရပါမယ်။ ကာကွယ်ချင်တဲ့စိတ်များပြီး နှစ်ထပ်သုံးထပ် စသဖြင့်သုံးမိရင် condomအခြင်းခြင်းပွတ်တိုက်မိပြီး ပေါက်ပြဲစေနိုင်တာကြောင့် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

အတူနေစဉ်မှာလည်း condomက ကျွတ်သွားတာမျိုးရှိနိုင်တာကြောင့် သတိထားသင့်ပါတယ်။ သုက်မလွှတ်သေးပေမယ့် အတူနေစဉ်မှာထွက်တဲ့ ရှေ့ပြေးအရည်ကြည်တွေမှာလည်း သုက်ပိုးတွေပါသွားနိုင်ပြီး ကိုယ်ဝန်ရနိုင်ပါတယ်။ အတူနေစဉ်မှာလည်း condomမကျွတ်အောင် ဂရုစိုက်ရပါမယ်။ မတော်တဆကျွတ်သွားခဲ့ရင်လဲ သုက်မလွှတ်သည့်တိုင်အောင် emergency contraceptive သောက်ပြီးကာကွယ်သင့်ပါတယ်။

Condom က တစ်ခါသုံးပဲဖြစ်တာမို့ အတူနေပြီးတိုင်းလဲလှယ်သင့်ပါတယ်။ အတူနေပြီး လွှင့်ပစ်တော့မယ်ဆိုရင်လည်း ပေါက်နေတာ၊ ယိုစိမ့်နေတာရှိမရှိသေချာစစ်ဆေးပြီးမှ ပစ်သင့်ပါတယ်။ မတော်တဆ ပေါက်ပြဲနေပြီဆိုရင်တော့ အရေးပေါ်ကာကွယ်မှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။

Condom ဟာ သုံးရတာလည်းလွယ်ကူတဲ့အပြင် အာနိသင်လည်းထက်မြက်ပါတယ်။ အကုန်အကျကလည်းအရမ်းသက်သာပြီး ကိုယ်ဝန်တားအပြင်ရောဂါတားနိုင်တာကြောင့် စိတ်ချရတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဆေးဝါးမပါတာကြောင့် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေမခံစားရပဲ အရမ်းကောင်း မွန်တဲ့နည်းလမ်းဖြစ်တာကြောင့် သုံးစွဲသင့်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Dr. ZZ