Cervical ring ဆိုတဲ့ပစ္စည်းကတော့ combined oral contraceptive နဲ့ အာနိသင်ခြင်းတူပါတယ်။ ကွဲပြားတာတစ်ခုကတော့ ပါးစပ်ကသောက်ရတာမဟုတ်ပဲ မိန်းမကိုယ်ထဲထည့်ထားရတာမျိုးပါ။ diaphragm,cervical cap တို့လို သားအိမ်အဝမှာထားမှရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိပဲ မိန်းမကိုယ်ထဲမှာထည့်ထားလိုက်ရင် က်ုယ်ဝန်ရခြင်းကို ကာကွယ်နိုင်မှာပါ။

အလုပ်လုပ်ပုံခြင်းကတော့ combine oral contraceptive လိုပါပဲ။ အဆိုပါပစ္စည်းမှာလည်း oestrogen,progesteroneပါဝင်တာဖြစ်ပြီး သွေးတွင်းမှာအဆိုပါဟော်မုန်းတွေရောက်ရှိပြီး မျိုးဥကြွေတာကိုကာကွယ်တာ၊ သားအိမ်ကအချွဲတွေကို ပိုမိုထူထဲစေပြီး သုက်ပိုးကောင်းကောင်းမသွားနိုင်အောင်လုပ်တာ၊ သုက်ပိုးနဲ့မျိုးဥမတွေ့အောင် ကာကွယ်တာတွေဟာ သောက်ဆေးနဲ့တူညီတဲ့အာနိသင်တွေဖြစ်ပါတယ်။

အသုံးပြုတာကတော့ တစ်လမှတစ်ခါပုံမှန်လဲလှယ်ပေးရုံပါပဲ။ တစ်ခါထည့်ပြီး သုံးပတ်ကြာအောင်ထားပြီး သုံးပတ်ပြည့်ပြီဆိုတာနဲ့ လဲပြီး ငါးပတ်မြောက်မှာ အသစ်တစ်ခုထည့်ရပါတယ်။ ထုတ်ထားတဲ့အပတ်မှာလည်းကိုယ်ဝန်ရမှာမပူရပဲ ကာကွယ်ပေးထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ထွက်ကျလာရင်လည်း သန့်စင်တဲ့ရေနွေးနဲ့ သေချာစွာဆေး ကြောပြီးပြန်ထည့်ထားလို့လည်းရပါတယ်။

ကိုယ်ဝန်ကာကွယ်နိုင်တဲ့နှုန်းကတော့ 99% ကျော်တယ်လို့ဆိုထားပါတယ်။ နေ့တိုင်းဆေးသောက်နေစရာမလိုလို့ မေ့တတ်သူတွေအနေနဲ့လည်း သင့်တော်ပါတယ်။ အဆိုပါ ပစ္စည်းထည့်ထားရင် ပုံမှန်ရာသီလာနေကျထက် ပမာဏနည်းတာ၊ အကိုက်အခဲနဲ့ ဗိုက်အောင့်သက်သာတဲ့အကျိုးကျေးဇူးတွေလည်းရနိုင်ပါတယ်။

အသစ်လဲဖို့မေ့နေပြီဆိုရင်တော့ ဘယ်လောက်နောက်ကျနေပြီးလည်းဆိုတာ ကြည့်ရပါမယ်။ ထည့်ထားတာ 3-4 ပတ်ကြားဆိုရင် ထုတ်လိုက်ပြီး 5ပတ်မြောက် ပထမနေ့မှာမှ ပြန်ထည့်လို့ရပါတယ်။ မလဲတာ 4ပတ်ကျော်ရင်တော့ သတိရတာနဲ့ အသစ်တစ်ခုချက်ချင်းလဲထည့်ပြီး နောက်ထပ်ကိုယ်ဝန်တားတဲ့နည်းလမ်း ဥပမာ Condomကို 7ရက်အနည်းဆုံးသုံးတာ ဒါမှမဟုတ် emergency contraceptiveသုံးတာနဲ့ ကာကွယ်ရင်လည်းကာကွယ်ရပါမယ်။

အခြားကောင်းကျိုးနဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကတော combined oral contraceptive နဲ့အတူတူပဲဖြစ်ပါတယ်။ နေ့စဉ်သောက်ဖို့မလိုပဲ အသစ်တစ်ခုကိုမှန်မှန်လဲနေရုံနဲ့ ကာကွယ်မှုပေးနိုင်တဲ့အတွက် စိတ်ချရတဲ့နည်းလမ်းဖြစ်ပါတယ်။ နေရာမကျမှာမပူရပဲ အာနိသင်ထက်ပေမယ့် လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါပိုးတွေကိုတော့ မကာကွယ်နိုင်ပါဘူး။ ကိုယ်ဝန်တားနည်းတွေရဲ့ထုံးစံအတိုင်း အားနည်းချက်ကင်းတဲ့နည်းမရှိသလို လုံးဝမသုံးသင့်တဲ့နည်းလို့လည်းမရှိပါဘူး။ တစ်ဦးချင်းအနေနဲ့ရွေးချယ်အသုံးပြုပြီး မှန်ကန်စွာသုံးတတ်ဖို့ကသာ အရေးအကြီးဆုံးဖြစ်ပါတယ်။

Dr. ZZ