အိမ်မှာနေတဲ့ ဘိုးဘိုး၊ဘွားဘွားတို့ ဖြစ်တတ်တဲ့ မတော်တဆမှုများ
အသက်အရွယ်ကြီးရင့်လာတဲ့ ဘိုးဘိုး၊ဘွားဘွားများဟာ အိမ်မှာနေရင်းနဲ့ မတော်တဆထိခိုက်မှုတွေရှိတတ်ပါတယ်။ အသက်ခြောက်ဆယ့်ငါးနှစ်နဲ့အထက် လူကြီးတွေဟာ တစ်နှစ်ကို တစ်ကြိမ်မက ချော်လဲတတ်ကြပါတယ်။ ချော်လဲတိုင်း အသက်အန္တရာယ်ရှိလောက်အောင် ပြင်းထန်တဲ့ဒဏ်ရာရမယ်လို့ တစ်ထစ်ချမပြောနိုင်ပေမယ့်
- တင်ပဆုံရိုး၊ ပေါင်ရိုးနဲ့ လက်ကောက်ဝတ်ရိုးကျိုးခြင်း
- ပါင်ရိုး နဲ့ ပုခုံးအရိုးလွဲခြင်း
- ခေါင်းထိခိုက်မိခြင်း နှင့် ပွန်းပဲ့ဒဏ်ရာများရခြင်း
- ဖူးယောင်ခြင်း၊ အညိုအမဲစွဲခြင်း၊ ဒဏ်ဖြစ်ခြင်း
- တစ်ခါချော်လဲပြီးသွားတဲ့အခါမှာ ကြောက်လန့်တဲ့စိတ်ကြောင့် နောင်မှာကိုယ်လက်လှုပ်ရှားမှုပြုရမှာကိုကြောက်လန့်သွားခြင်းနဲ့ မိမိကိုယ်ကိုယုံကြည်ချက်ပျောက်ဆုံးသွားခြင်း တို့ဖြစ်တတ်ပါတယ်
သက်ကြီးရွယ်အိုတွေဟာ အိမ်မှာချော်လဲနိုင်တဲ့နှုန်းဟာ လမ်းသွားရင်းဖြစ်နိုင်တဲ့ ယာဉ်တိုက်မှုထက် ဆယ့်နှစ်ဆပိုများပါတယ်။
ဘိုးဘိုး၊ဘွားဘွားတွေ ဘာကြောင့် အိမ်မှာ မတော်တဆမှု ချော်လဲမှုတွေဖြစ်ရသလဲ?
လူကြီးတွေဒီလိုဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့
- အမြင်အာရုံချို့ယွင်းလာခြင်းနဲ့ ခံစားသိမြင်နိုင်မှုလျော့ကျလာခြင်း
- ကွက်သားတွေအားနည်းလာပြီး အရိုးအဆစ်တွေ တောင့်တင်းကြွပ်ဆတ်လာခြင်း
- အခြားကျန်းမာရေးပြဿနာများ
- သောက်သုံးနေရတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများခံစားရခြင်း
- အာရုံခံစားမှုလျော့နည်းပြီး မိမိကိုယ်ကို ဟန်ချက်ညီအောင် မထိန်းသိမ်းနိုင်ခြင်း
- ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
- အစာအာဟာရမပြည့်စုံခြင်း၊ရေသောက်နည်းခြင်း
- ကယ်စီယမ်ဓာတ်နည်းခြင်း ( Calcium ဓာတ်ချို့တဲ့ရင် ချော်လဲတဲ့အခါ အရိုးကျိုးလွယ်ပါတယ်)
- အိမ်ထဲမှာ အလင်းရောင် ကောင်းကောင်းမရတာမျိုး၊ ကြမ်းပြင်မညီတာမျိုး၊ ဖျာကဲ့သို့သော အခင်းတစ်ခုခုကြောင့် ချော်လဲထိခိုက်ခြင်း
စသည်တို့ပဲဖြစ်ပါတယ်။
ဘိုးဘိုး၊ဘွားဘွားတို့ကို ဒီလိုအိမ်တွင်းထိခိုက်မှုတွေမဖြစ်အောင် ဘယ်လိုကာကွယ်ပေးမလဲ?
အထက်ဖော်ပြပါ ဖြစ်စေနိုင်တဲ့ အကြောင်းအရာအများစုဟာ ပြုပြင်ပြောင်းလဲပေးလို့ရပါတယ်။ အဲဒီအချက်တွေကို ဂရုစိုက်ပြီး ပြုပြင်ပေးခြင်းအားဖြင့် ဘိုးဘိုး၊ဘွားဘွားတို့ကို ကာကွယ်ပေးရာရောက်ပါတယ်။ ဒါ့အပြင်
- လမ်းကိုဂရုစိုက်ပြီး ပုံမှန်လျှောက်ခိုင်းပေးခြင်း
- ဘိုးဘိုး၊ဘွားဘွားတို့ကို ကျန်းမာပြီး လှုပ်ရှားမှုတွေလုပ်နိုင်အောင် ၊ဟန်ချက်ညီအောင် အာဟာရပြည့်ဝတဲ့ အစားအစာစားစေခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း
- ဖိနပ်ကို သက်တောင့်သက်သာရှိစေပြီး အံဝင်ခွင်ကျဖြစ်တဲ့ ဖိနပ်များသာ စီးစေခြင်း
- ဘိုးဘိုး၊ဘွားဘွားတို့ရဲ့ အိပ်ရာနဲ့ ရေချိုးခန်း၊အိမ်သာ သွားတဲ့လမ်းမှာ အလင်းရောင်ကောင်းကောင်းရှိသင့်ခြင်း
- ကြမ်းခင်းများ၊ဖျာများ၊ကော်ဇောများဟာ ပြဲစုတ်နေတဲ့နေရာရှိရင်၊ အစအနများထွက်နေရင်၊ အပ်ချည်မျှင်များထွက်နေရင် ညှိပြီး ချော်လဲနိုင်လို့ ဂရုစိုက်သင့်ပါတယ်။
- လူကြီးတို့ရဲ့ မျက်စိကိုလည်း နှစ်စဉ်စစ်ဆေးပေးသင့်ပါတယ်။
အိမ်မှာလူကြီးတစ်ယောက်ချော်လဲတဲ့အခါ?
ကိုယ့်ရဲ့အိမ်မှာ လူကြီးတစ်ယောက်ချော်လဲခဲ့တယ်ဆိုရင် ဘာလုပ်ရမလဲဆိုတာတွေ ပြောပြပေးချင်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)