ကျောင်းတော်ကြီးကိုစောစောပို့ကြတော့မှာလား
ယနေ့ခေတ်ပြည်သူတွေဟာ မျက်မှောက်ကာလမှာ လူနေမှုအဆင့်အတန်း တိုးတက်လာတာနဲ့အတူ ပညာရေးကိုပိုပြီးဂရုစိုက်လာကြပါတယ်။ ဒါ့ကြောင့် သားသမီးများကို ပညာတတ်ကြီးတွေဖြစ်ဖို့ စောနိုင်သမျှစောစော သူများကကြောမသွားရလေအောင် အသက်မပြည့်ခင်မှာပဲ ကျောင်းအပ်ကြတဲ့အလေ့အထရှိကြပါတယ်။ ဒီလို ကျောင်းစောစောအပ်တဲ့အခါ ကလေးရဲ့ ပညာရေး၊ လူမှုဆက်ဆံရေးနဲ့ စိတ်နေစိတ်ထားအခြေအနေဟာ တကယ်တိုးတက်မှုရှိလာပါရဲ့လား…။
နယူးဇီလန်နိုင်ငံရဲ့ စာသင်ကျောင်းတစ်ခုမှာပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ကျောင်းအပ်ရမယ့်အသက်မတိုင်မီ ကျောင်းစောအပ်တဲ့ကလေးငယ်တွေဟာ စာသင်ကြားရာမှာ ပုံမှန်ကျောင်းအပ်တဲ့ကလေးငယ်တွေထက် ပိုပြီးထက်မြက်ခြင်းမရှိကြောင်းတွေ့ရှိရပါတယ်။ အချို့ကလေးတွေမှာဆိုရင် စာကိုစိတ်ဝင်စားမှုမရှိခြင်း၊ စာပိုဒ်တည်ဆောက်ရေးသားရာတွင် ပိုမိုအားနည်းခြင်းတို့ကိုပါတွေ့ရှိရပါတယ်။
အင်္ဂလန်နိုင်ငံ Cambridge တက္ကသိုလ်မှ ပညာသင်ကြားရေးဆိုင်ရာ ကျွမ်းကျင်သူ David Whitebread က ပညာရပ်ပိုင်းဆိုင်ရာ စာသင်ကြားမှုကိုအရွယ်မတိုင်ခင်စတင်ခြင်းဟာ ကလေးငယ်အပေါ်မှာ စိတ်ဖိစီးမှု နဲ့ စိတ်ပိုင်းဆိုင်ရာရောဂါဝေဒနာတွေကို ပိုမိုများလာစေနိုင်ပါတယ်လို့ဆိုထားပါတယ်။
ဒါဆိုရင် ကလေးကို ကျောင်းမအပ်ခင်အချိန်မှာ ဘာတွေသင်ကြားကြမလဲဆိုတဲ့မေးခွန်းက ပေါ်လာပါပြီ။ ဒီ့အတွက် ပညာရပ်သင်ကြားမှုမဟုတ်ပေမယ့် ပညာရပ်တွေထက် ကလေးငယ်ရဲ့ဖွံ့ဖြိုးမှုကို တိုးတက်စေတဲ့သင်ကြားမှုတစ်ရပ်ရှိပါတယ်။ ဒါကတော့ playful learning လို့ခေါ်တဲ့ ဆော့ကစားရင်းပညာသင်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာကလေးငယ်တွေကို ဆော့ကစားပေးရင်း သူတို့အတွက် ဖြေရှင်းစရာအခက်အခဲသေးသေးလေးတွေကို ပုံဖော်ပေးပြီး ဉာဏ်ရည်နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်အားကိုးစိတ်ကိုဖြစ်ပေါ်အောင် တည်ဆောက်ပေးတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ ရုပ်မြင်သံကြားတီဗီမှာ ထုတ်လွှင့်ခဲ့တဲ့ ချစ်စရာ့အရွယ်ကစားကြမယ် ဆိုတဲ့ အစီအစဉ်မှာ ကလေးငယ်တွေကို ပြိုင်ပွဲလေးတွေမှာပြုလုပ်ခိုင်းတဲ့ကစားနည်းလေးတွေဟာ playful learningပဲဖြစ်ပါတယ်။
ဒီလို ဆော့ကစားရင်းပညာသင်တဲ့ ကစားနည်းလေးတွေကိုသင်ကြားပေးခြင်းအားဖြင့် ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုအားပေးပြီး သူ့ရဲ့ဝန်းကျင်မှာရှိတဲ့ လူကြီး၊ ကလေးငယ်များနဲ့ပေါင်းသင်းဆက်ဆံရာမှာလည်း တိုးတက်မှုရှိတာကိုတွေ့ရပါတယ်။ ပုံမှန်ကျောင်းအပ်ချိန်ရောက်လို့ ကျောင်းအပ်တဲ့အခါမှာလည်း ထက်ထက်မြက်မြက်ရှိပြီး ပုစ္ဆာဖြေရှင်းနိုင်စွမ်းပိုများတာကို တွေ့ရပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူလတ်တန်းစားမိသားစုက ပေါက်ဖွားလာကြတဲ့ကလေးငယ်အတော်များများဟာ ကျောင်းစောစောအပ်ခံရပြီး ကျောင်းအပြီးမှာ ကျူရှင်ကိုဆက်သင်ကာ အိမ်ပြန်ရောက်တော့ ရုပ်ရှင်၊ကာတွန်းကြည့်ပြီး အိပ်ရာဝင်၊ နောက်နေ့မနက်ပြန်ထကာ ဒီသံသရာမှာပဲနေ့တိုင်းလည်ပတ်နေကြတာတွေ့ရပါတယ်။ ဒီအခါမှာ ကလေးငယ်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းကိုထိခိုက်နိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိြးမှုအပြင် ကိုယ်ကာယပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမှာပါအားနည်းသွားတတ်ကြပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ ကျောင်းအပ်ချိန်မတိုင်ခင်မှာကိုယ့်ရဲ့ကလေးကို စာဖတ်ပြခြင်း၊ သားသမီးများနဲ့အတူဆော့ကစားခြင်း၊ ပတ်ဝန်းကျင်ရှိသင့်တော်သောကလေးငယ်များနဲ့ထိတွေ့ပေးပြီးဆော့ကစားစေခြင်း အစရှိတဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့သင်ကြားမှုများကိုသာ ရွေးချယ်ပြီး ကလေးငယ်များရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးအောင် ပံ့ပိုးပေးနိုင်ကြပါစေလို့ ရည်ရွယ်ရင်း….။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ေက်ာင္းေတာ္ႀကီးကိုေစာေစာပို႔ၾကေတာ့မွာလား
ယေန႔ေခတ္ျပည္သူေတြဟာ မ်က္ေမွာက္ကာလမွာ လူေနမႈအဆင့္အတန္း တိုးတက္လာတာနဲ႔အတူ ပညာေရးကိုပုိၿပီးဂ႐ုစိုက္လာၾကပါတယ္။ ဒါ့ေၾကာင့္ သားသမီးမ်ားကို ပညာတတ္ႀကီးေတြျဖစ္ဖို႔ ေစာႏိုင္သမ်ွေစာေစာ သူမ်ားကေၾကာမသြားရေလေအာင္ အသက္မျပည့္ခင္မွာပဲ ေက်ာင္းအပ္ၾကတဲ့အေလ့အထ႐ွိၾကပါတယ္။ ဒီလို ေက်ာင္းေစာေစာအပ္တဲ့အခါ ကေလးရဲ႕ ပညာေရး၊ လူမႈဆက္ဆံေရးနဲ႔ စိတ္ေနစိတ္ထားအေျခအေနဟာ တကယ္တိုးတက္မႈ႐ွိလာပါရဲ႕လား…။
နယူးဇီလန္ႏိုင္ငံရဲ႕ စာသင္ေက်ာင္းတစ္ခုမွာျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုအရ ေက်ာင္းအပ္ရမယ့္အသက္မတိုင္မီ ေက်ာင္းေစာအပ္တဲ့ကေလးငယ္ေတြဟာ စာသင္ၾကားရာမွာ ပံုမွန္ေက်ာင္းအပ္တဲ့ကေလးငယ္ေတြထက္ ပိုၿပီးထက္ျမက္ျခင္းမ႐ွိေၾကာင္းေတြ႔႐ွိရပါတယ္။ အခ်ိဳ႕ကေလးေတြမွာဆိုရင္ စာကိုစိတ္ဝင္စားမႈမ႐ွိျခင္း၊ စာပိုဒ္တည္ေဆာက္ေရးသားရာတြင္ ပိုမိုအားနည္းျခင္းတို႔ကိုပါေတြ႔႐ွိရပါတယ္။
အဂၤလန္ႏိုင္ငံ Cambridge တကၠသိုလ္မွ ပညာသင္ၾကားေရးဆိုင္ရာ ကြၽမ္းက်င္သူ David Whitebread က ပညာရပ္ပိုင္းဆိုင္ရာ စာသင္ၾကားမႈကိုအရြယ္မတိုင္ခင္စတင္ျခင္းဟာ ကေလးငယ္အေပၚမွာ စိတ္ဖိစီးမႈ နဲ႔ စိတ္ပိုင္းဆိုင္ရာေရာဂါေဝဒနာေတြကို ပိုမိုမ်ားလာေစႏိုင္ပါတယ္လို႔ဆိုထားပါတယ္။
ဒါဆိုရင္ ကေလးကို ေက်ာင္းမအပ္ခင္အခ်ိန္မွာ ဘာေတြသင္ၾကားၾကမလဲဆိုတဲ့ေမးခြန္းက ေပၚလာပါၿပီ။ ဒီ့အတြက္ ပညာရပ္သင္ၾကားမႈမဟုတ္ေပမယ့္ ပညာရပ္ေတြထက္ ကေလးငယ္ရဲ႕ဖြံ႔ၿဖိဳးမႈကို တိုးတက္ေစတဲ့သင္ၾကားမႈတစ္ရပ္႐ွိပါတယ္။ ဒါကေတာ့ playful learning လို႔ေခၚတဲ့ ေဆာ့ကစားရင္းပညာသင္ျခင္းပဲျဖစ္ပါတယ္။ ဒါဟာကေလးငယ္ေတြကို ေဆာ့ကစားေပးရင္း သူတို႔အတြက္ ေျဖ႐ွင္းစရာအခက္အခဲေသးေသးေလးေတြကို ပံုေဖာ္ေပးၿပီး ဥာဏ္ရည္နဲ႔ ကိုယ့္ကိုယ္ကိုယံုၾကည္အားကိုးစိတ္ကိုျဖစ္ေပၚေအာင္ တည္ေဆာက္ေပးတဲ့နည္းလမ္းပဲျဖစ္ပါတယ္။ ဥပမာအေနနဲ႔ ႐ုပ္ျမင္သံၾကားတီဗီမွာ ထုတ္လႊင့္ခဲ့တဲ့ ခ်စ္စရာ့အရြယ္ကစားၾကမယ္ ဆိုတဲ့ အစီအစဥ္မွာ ကေလးငယ္ေတြကို ၿပိဳင္ပြဲေလးေတြမွာျပဳလုပ္ခိုင္းတဲ့ကစားနည္းေလးေတြဟာ playful learningပဲျဖစ္ပါတယ္။
ဒီလို ေဆာ့ကစားရင္းပညာသင္တဲ့ ကစားနည္းေလးေတြကိုသင္ၾကားေပးျခင္းအားျဖင့္ ကေလးငယ္ရဲ႕ ဦးေႏွာက္ဖြံ႔ၿဖိဳးမႈကိုအားေပးၿပီး သူ႔ရဲ႕ဝန္းက်င္မွာ႐ွိတဲ့ လူႀကီး၊ ကေလးငယ္မ်ားနဲ႔ေပါင္းသင္းဆက္ဆံရာမွာလည္း တိုးတက္မႈ႐ွိတာကိုေတြ႔ရပါတယ္။ ပံုမွန္ေက်ာင္းအပ္ခ်ိန္ေရာက္လို႔ ေက်ာင္းအပ္တဲ့အခါမွာလည္း ထက္ထက္ျမက္ျမက္႐ွိၿပီး ပုစာၦေျဖ႐ွင္းႏိုင္စြမ္းပိုမ်ားတာကို ေတြ႔ရပါတယ္။
ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာ လူလတ္တန္းစားမိသားစုက ေပါက္ဖြားလာၾကတဲ့ကေလးငယ္အေတာ္မ်ားမ်ားဟာ ေက်ာင္းေစာေစာအပ္ခံရၿပီး ေက်ာင္းအၿပီးမွာ က်ဴ႐ွင္ကိုဆက္သင္ကာ အိမ္ျပန္ေရာက္ေတာ့ ႐ုပ္႐ွင္၊ကာတြန္းၾကည့္ၿပီး အိပ္ရာဝင္၊ ေနာက္ေန႔မနက္ျပန္ထကာ ဒီသံသရာမွာပဲေန႔တိုင္းလည္ပတ္ေနၾကတာေတြ႔ရပါတယ္။ ဒီအခါမွာ ကေလးငယ္ရဲ႕ ကိုယ္ပိုင္ဆံုးျဖတ္ႏိုင္စြမ္းကိုထိခိုက္ႏိုင္ၿပီး ဥာဏ္ရည္ဖြံ႔ၿဖိျးမႈအျပင္ ကိုယ္ကာယပိုင္းဆိုင္ရာဖြံ႔ၿဖိဳးမႈမွာပါအားနည္းသြားတတ္ၾကပါတယ္။ ဒါေၾကာင့္ မိဘမ်ားအေနနဲ႔ ေက်ာင္းအပ္ခ်ိန္မတိုင္ခင္မွာကိုယ့္ရဲ႕ကေလးကို စာဖတ္ျပျခင္း၊ သားသမီးမ်ားနဲ႔အတူေဆာ့ကစားျခင္း၊ ပတ္ဝန္းက်င္႐ွိသင့္ေတာ္ေသာကေလးငယ္မ်ားနဲ႔ထိေတြ႕ေပးၿပီးေဆာ့ကစားေစျခင္း အစ႐ွိတဲ့ အသက္အရြယ္နဲ႔ လိုက္ဖက္တဲ့သင္ၾကားမႈမ်ားကိုသာ ေရြးခ်ယ္ၿပီး ကေလးငယ္မ်ားရဲ႕ ဥာဏ္ရည္ဖြံ႔ၿဖိဳးေအာင္ ပံ့ပိုးေပးႏိုင္ၾကပါေစလို႔ ရည္ရြယ္ရင္း….။
ေမတၱာျဖင့္
စိုင္းျမတ္သူ