ဆီးချိုနှီးနွယ်ခြေထောက်ရောဂါ
ဆီးချိုရောဂါလို့ဆိုလိုက်တာနဲ့ insulin ထိုးရတာ၊ အမြင်မှုန်ဝါးလာတာ၊ သွေးတိုး၊ လေဖြတ် နှလုံးသွေးကြောကျဉ်းတာ၊ ခြေထောက်မှာအနာဖြစ်တာ စသည်ဖြင့် နောက်ဆက်တွဲရောဂါတွေကို တသီတတန်းကြီး ပြေးမြင်တတ်ကြပါတယ်။ အဲဒီနောက်ဆက်တွဲ ရောဂါတွေထဲကမှ အများစုက ခြေထောက်ဖြတ်ရမှာကို ပိုပြီးစိုးရိမ်ကြပါတယ်။
ဆီးချိုရောဂါဆိုတာ အခြေခံအားဖြင့်သွေးထဲမှာ အချိုဓာတ်အရမ်းများတာလို့ သိထားကြပေမယ့် တခြားလက္ခဏာတွေလည်းရှိတတ်ပါတယ်။ အကျဉ်းချုပ်ပြောရရင် သွေးထဲမှာအချိုဓာတ်များလာရင် သွေးကြောမျှင်လေးတွေမှာ အနာတရဖြစ်တတ်ပါတယ်။ အဲဒီသွေးကြောလေးတွေ ယောင်ရမ်းရာက သူတို့တာဝန်ယူပြီး ထောက်ပံ့ပေးနေတဲ့ အာရုံကြောမျှင်လေးတွေပါ အားနည်းတတ်ပါတယ်။ အဲဒီလိုအာရုံကြောတွေထိခိုက်လာပြီးဆိုရင်တော့ ဆီးချိုရောဂါရဲ့ ကျိန်စာဆိုးလို့တင်စားရမယ့် ခြေထောက်ရောဂါ စပါတော့တယ်။
အရင်ဆုံး အာရုံကြောတွေထိခိုက်လာလို့ ပူတာ၊ အေးတာ၊ နာတာ၊ ထုံတာတွေ၊ အာရုံခံစားမှုတွေ လျော့နည်းလာပါတယ်။ ခလုတ်တိုက်တာ၊ ဓားရှတာ၊ ထိခိုက်ဒဏ်ရာရတာတွေကို မသိနိုင်တော့တဲ့အတွက် ခြေထောက်၊ ခြေဖဝါး၊ ခြေချောင်းတို့မှာ အနာတွေဖြစ်လာပါတယ်။ အဲဒီအနာတွေကနေ ရောဂါပိုးဝင်တာကတစ်ဆင့် အနာမကျက်တာ၊ ပြည်တည်တာတွေဖြစ်ပြီး နောက်ဆုံးမှာတော့ခြေထောက်ဖြတ်ရတဲ့အခြေအနေထိရောက်နိုင်ပါတယ်။
ဆီးချိုရောဂါကြောင့် သွေးကြောတွေရောင်ရမ်းရာကနေ ခြေထောက်မှာသွေးလည်ပတ်မှု နှေးကွေးတာမျိုးလည်းုဖြစ်တတ်ပါတယ်။ သွေးလည်ပတ်မှု နှေးကွေးလာရင်ထိလို့ထိမှန်းမသိတာတွေ၊ နာလို့နာမှန်းမသိတာတွေကြောင့် အနာဖြစ်နိုင်တဲ့အပြင် ခြေချောင်းတွေမည်းနက်တာ၊ အရောင်ပြောင်းတာတွေဖြစ်ပြီး ခြေထောက်ပုပ်တာလည်းဖြစ်နိုင်တာမို့ အန္တရာယ်များလှပါတယ်။
ဆီးချိုရောဂါသည်တွေ ခြေထောက်ထိခိုက်လာပြီဆိုရင်တော့ အထူးကြပ်မတ်ဖို့လိုအပ်လာပါပြီ။ ဆီးချိုရောဂါကြောင့် အနာကျက်တာလည်းနှေးတာမို့သောက်ဆေးနဲ့တင်မကပဲ တစ်ခါတစ်ရံ ထိုးဆေးနဲ့ပါကုသရပါတယ်။ သိပ်မပြင်းထန်တဲ့ အနာတွေအတွက် တစ်ပတ်ကနေ နှစ်ပတ်အထိ ဆေးသောက်ရတာမျိုးရှိသလို အရိုးပါထိရင် ခြောက်ပတ်ခန့်ထိ ကုသခံရမှာပါ။ ဒါ့အပြင် တစ်ဖက်မှာလည်း ဆီးချိုကိုပုံမှန်ပမာဏအတွင်းရှိအောင် ထိန်းသိမ်းထားသင့်ပါတယ်။ မိမိခြေထောက်ကိုလည်း နေ့စဉ်ဂရုစိုက်ကြည့်ရှုသင့်ပါတယ်။ အဲဒီလိုဂရုစိုက်မှအနာတွေပွန်းပဲ့ရာတွေကို စောစောသိပြီး စောစောကုသနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ခြေထောက်ကို ခြောက်သွေ့အောင်၊ သန့်ရှင်းအောင် ဂရုပြုရပါမယ်။ အသားမာတွေ၊ အရေပြားကွဲတာတွေကို မပေါ့ဆပဲ အထူးဂရုစိုက်ပြီး ကုသသင့်ပါတယ်။ ခြေထောက်မှာအနာမဖြစ်အောင်နေနိုင်ရင် အကောင်းဆုံးပါပဲ။ ခြေထောက်ကိုထိခိုက်တာ နည်းနိုင်သမျှနည်းအောင်လည်း ကာကွယ်သင့်ပါတယ်။ ဥပမာ-ခြေဗလာသွားတာမျိုးရှောင်ကြည်ဖို့နဲ့ ဖိနပ်စီးရင်ခြေထောက်ကို အကာအကွယ်ပေးနိုင်တဲ့ ဖိနပ်မျိုး၊ ထူထဲတဲ့ဖိနပ်မျိုးတွေ ရွေးချယ်သင့်ပါတယ်။
“ဆီးချိုရှိရင်သတိယှဉ် ကာကွယ်စောင့်ရှောက် သင့်ခြေထောက်” ဆိုတဲ့အတိုင်း ဆီးချိုရောဂါသည်တွေအနေနဲ့ မိမိခြေထောက်ကို အထူးဂရုပြုသင့်ပါတယ်။ အဲဒီလိုဂရုပြုကြပါမှ ဆီးချိုကြောင့်ဖြစ်တဲ့ ခြေထောက်ရောဂါတွေကို ရှောင်လွှဲနိုင်ကြမှာဖြစ်ပါတယ်။
Dr.ZZ