ဆီးချိုဆိုတာ ဒါမျိုးလား?
ယနေ့ စနေနေ့မို့ ဆေးခန်းကို စောစောလာသော ဒေါက်တာစု တစ်ယောက် ဝင်လာသည်နှင့် မျက်မှန်းတန်းမိသော ပြနေကြလူနာတစ်ယောက်နှင့် ဘေးမှာခြေထောက်ပတ်တီးနှင့်လူနာတစ်ယောက်တွေ့လိုက်ရသည်
“အမ လာလာဝင်ခဲ့”
“ဆရာမရေ ကျွန်မအမလေ တောကလာတာ ခုဆီးချိုတွေတက်နေလို့”……
လူနာကုတင်ပေါ်ရောက်၍ ဆီးချိုဖောက်ကြည့်လိုက်တော့ ၄၀၀ကျော်!လူနာ မပြောပေမဲ့ ဆရာဝန် ဗီဇမို့ မနေနိုင်မေးလိုက်မိသည်…..
“အမ ခြေထောက်က ဘာဖြစ်တာလဲ?”
“အရေကြည်ဖုလေး ပေါက်ထွက်ပြီး အနာဖြစ်တာ ဆရာမ ၁ လလောက်ရှိပီ”
“ဟယ် တစ်လတောင်ရှိပီလား? ပြပါဦးကြည့်ရအောင်?””
ပတ်တီးဖြေကြည့်ပီး တွေ့လိုက်ရသည်မှာ နီရဲယောင်ကိုင်းနေသော ခြေဖမိုး၊ ခြေဖဝါးကိုလှန်ကြည့်လိုက်တော့ လက်တစ်ဆစ်ခန့် အနာဝတွင် ဂွမ်း၊အမဲရောင် အမှုန့်သိပ်ထားသည်။
“အမရေ အနာက ပိုးဝင်နေတယ် ကြီးလဲကြီးတယ်”
“ဆရာမရေ အနာက သက်သာလာတာ အရင်ကအရည်တွေထွက်တယ်၊ ခုဆေးမှုန့်လေးတွေထည့်တော့ ခြောက်သွားတာ”
လူနာကယောင်ကိုင်းနေသောသူ့ခြေထောက်ကိုပြ၍ပြောသည်။ မခြောက်ခံနိုင်ရိုးလား အမှုန့်တွေအစီအရီ သိပ်ထားတော့ အနာလည်း မစိုနိုင်တော့….
“အမကို ဆရာမ အနာကိုသေချာ ပြမယ်နော်”
အနာအဝမှာပိတ်ဆို့ထားတဲ့ ဂွမ်းစကိုဖယ်၊သန့်ရှင်းအောင် လုပ်၊တွေ့လိုက်ရတဲ့ အနာရဲ့ အနက်ကခြေဖမိုးဘက်ပင်ရောက်လုနီးပါး ၊အနံ့က ပုပ်အက်အက်အနံ့၊
အောက်ခြေမှာ ပြည်အဖွေးသား…….မြင်လိုက်ရတဲ့မြင်ကွင်းက ထင်ထားသည်ထက်ပိုဆိုးနေသည်။လူနာကိုလဲ ပြလိုက်သည်။
“ဟယ် ဆရာမရယ် ကျွန်မက ဆေးမှုန့်တွေသိပ်နေတော့ သက်သာတယ်ချည်း ထင်နေတာ”
“ဟုတ်တယ် အမရေ ….အနာက အဝပိတ်နေတော့ အောက်ကိုချည်းလှိုက်စားနေတာ ခုတော့အမဆေးရုံသွားပြီး အနာကိုသေချာကုမှ ရတော့မယ်”
“ဆရာမရယ် ဆေးရုံမသွားလို့မရဘူးလား?”
” အမရယ် အနာကတော်တော်ဆိုးနေတာ၊ဆီးချိုတွေကလဲ ဒီလောက်တက်နေတာအမဆေးရုံသွားပြီး ဆီးချိုကို သေချာထိန်းပီးကုမှရမှာ၊မဟုတ်ရင် ခြေထောက်ဖြတ်ရတဲ့အထိဖြစ်သွားလိမ့်မယ်”
လူနာလဲ လန့်သွားပြီး
“ဒါဆိုသွားပါမယ် ဆရာမရယ် ဒီလောက်ဖြစ်တတ်မှန်းမသိလို့ပါ”
လိုအပ်သော ဆေးများပေးပြီး လူနာထွက်သွားတော့ ဒေါက်တာစုခေါင်းထဲ အတွေးများစွာဝင်လာတော့သည်…..ဆီးချိုရောဂါ အကြောင်းကောင်းကောင်းမသိ ၊ဆီးချို၏ နောက်ဆက်တွဲ ကျန်းမာရေး အန္တရာယ်များကိုလည်း မသိရှိပဲပေါ့ပေါ့တန်တန် သဘောထားခြင်းကြောင့် ခြေထောက်ဆုံးရူံးရမည့် အနေအထားထိရှောက်ရှိလာရသော လူနာကို ယူကြုံးမရဖြစ်မိသည်။ စောစောစီးစီးသာ အနာကိုသေချာကုသမည်ဆိုပါက အနာလုံးဝပျောက်ကင်းသက်သာနိုင်သည်။ယနေ့အဖို့ ဒေါက်တာစုတစ်ယောက် ထိုလူနာ ခြေထောက် အမြန်ပြန်ကောင်းစေရန် ဆုတောင်းပေးရုံမှတပါးဘာမှမတတ်နိုင် ….နောက်များတွင်လည်း လူနာများအား ရောဂါနှင့်ပတ်သက်၍ အသိပညာများများပေပြီးမိမိရောဂါကို ပိုမိုသိရှိစေရန် လမ်းညွန်ပေးမည်ဟုသာ ဆုံးဖြတ်ချက်ချလိုက်ရပါတော့သည်….
မယ်တင် (ဆေး ၁)