ကိုယ်ဝန် ဘယ်လိုတားကြမလဲ (၂)
ကျွန်တော်။ ။ ကဲ အခုဆိုရင် တားဆေးကဒ်အကြောင်း သိသင့်သလောင်သိပြီထင်တယ်။ ဒါနဲ့ ကျွန်တော်သတိရတုန်းလေး ပြောလိုက်ဦးမယ် တစ်လမှတစ်လုံးဘဲ သောက်ရတယ်ဆိုတဲ့ဆေး သူများလာညွန်းရင်မသောက်နဲ့ဗျ။ လုံးဝစိတ်မချရဘူး ကိုယ်ဝန်ရသွားလိမ့်မယ်။ သုံးလခံထိုးဆေး အကြောင်းဆက်ဆွေးနွေးကြတာပေါ့။
အမျိုးသမီး။ ။ ဟုတ်ကဲ့ဆရာ တားတဲ့နည်းလမ်း ကောင်းကျိုးဆိုးကျိုးအကုန်သိတော့ ကိုယ်နဲ့အဆင်ပြေမယ့် နည်းကိုရွေးလို့ရတာပေါ့ဆရာ။
ကျွန်တော်။ ။ သုံးလခံထိုးဆေးကပရိုဂျက်စတင်(progestin) လို့ခေါ်တဲ့ဟော်မုန်းဆေးတစ်မျိုးတည်းဘဲပါတယ်။ အဲ့တော့ နို့တိုက်မိခင်တွေမှာလည်း ထိုးလို့ရတယ်။ပြီးတော့ တားဆေးကဒ်လို မူးတာပျို့တာရင်တုန်တာ သိပ်မရှိဘူး။ ဒါပေမယ့် သူကနည်းနည်း ဝလာတတ်တယ်။
အမျိုးသမီး။ ။ ဟုတ်လားဆရာ တော်တော်များဝလာတတ်လို့လား။
ကျွန်တော်။ ။ ဆေးကြောင့်ဆိုတာထက် ဝိတ်တက်လွယ်တဲ့ ချိုလွန်းတဲ့အစားအသောက်တွေ အဆီအစိမ့်တွေကြိုက်တတ်တာ၊ ကိုယ်လက်လှုပ်ရှားမှု့ နည်းတာ အဲ့ဒါတွေကအဓိကဗျ။ အများစုက ဆေးချည်းအပြစ်ပုံချနေတာဗျ။ ကိုယ့်ရဲ့ စားသောက်မှု့ပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု့ အနည်းအများကို လည်းပြန်ကြည့်သင့်တယ်။
အမျိုးသား။ ။ ဆရာ တခြားရော ဘာဆိုးကျိုးတွေရှိသေးလဲ။ ဟဲဟဲ ကျွန်တော်ကတော့ ဝလာလည်း အချစ်မလျော့ပါဘူးဗျာ။
ကျွန်တော်။ ။ ဟုတ်ကဲ့ သူက တားဆေးကဒ်နဲ့ မတူတာက ရာသီမမှန်တတ်ဘူး။ မမှန်ဘူးဆိုတာ အမျိုးမျိုးဖြစ်နိုင်တယ်။ လုံးဝမပေါ်တာ၊ နည်းနည်းနည်းနည်း ရက်ရှည်ဆင်းနေတာ၊ တချို့ အများကြီး ရက်ရှည်ဆင်းတာစသဖြင့်ပေါ့။ လုံးဝမဆင်းတာ စိတ်ပူစရာမလိုပါဘူး။ နည်းနည်းနဲ့ ရက်ရှည်ဆင်းတာက စိတ်အနှောင့်အယှက်တော့ဖြစ်တာပေါ့။ အများကြီးဆင်းရင်တော့ ဆေးခန်းပြန်ပြဖို့လိုတယ်။ခန္ဓာကိုယ်ထဲက သွေးတွေအများကြီးထွက်သွားတော့ သွေးအားနည်းမှာစိုးရတယ်ဗျ။
အမျိုးသမီး။ ။ ရာသီလုံးဝ မပေါ်တော့ ဆရာရယ် အထဲမှာသွေးပုပ်တွေ အောင်းနေမှာပေါ့။ ပြီးတော့အသားအရေ မွဲခြောက်လာမှာပေါ့။
ကျွန်တော်။ ။ ရာသီမပေါ်တာဟာ အထဲမှာအောင်းနေတာမဟုတ်ဘူးဗျ။ ဆင်းစရာသွေးမရှိလို့ကိုမဆင်းတာ။ ဟော်မုန်းဆေး တွေကတော့သွေးသားအပြောင်းအလဲ ဖြစ်စေတဲ့အတွက် အသားအရေ မွဲခြောက်တာကတော့ ဖြစ်နိုင်ပါတယ်။ သွေးသားက တစ်ယောက်နဲ့တစ်ယောက်မတူတော့ သူများဖြစ်တိုင်း ကိုယ့်မှာဖြစ်မယ်လို့တော့ ပြောလို့မရဘူးပေါ့။
အမျိုးသမီး။ ။ ဆင်းစရာသွေးမရှိလို့ ဟုတ်လား ဆရာ။ နားမလည်လို့ နည်းနည်းထပ်ရှင်းပြလို့ရမလား ဆရာ။
ကျွန်တော်။ ။ ပုံမှန် တစ်လတစ်ခါ သားဥအိမ်က သားဥကြွေ တယ်။ သားဥကြွေလာတာနဲ့ သားအိမ်နံရံက ထူလာရတယ်။ဘာလို့ဆို ကြွေတဲ့သားဥနဲ့ အမျိုးသားရဲ့ သုတ်ပိုးနဲ့တွေ့လို့ သန္ဓေအောင်တဲ့အခါ ထူနေတဲ့သားအိမ် နံရံမှာ တွယ်ကပ်ဖို့ပေါ့။ ဒါပေမယ့် အမျိုးသားရဲ့ သုတ်ပိုးနဲ့မတွေ့လို့ သန္ဓေမအောင်တဲ့အခါ သားဥလေးကလည်းပျက်စီးသွားပြီး ထူနေတဲ့ သားအိမ်နံရံဟာလည်း သွေးအဖြစ်ပျော်ဆင်းသွားတယ်။ အဲ့ဒါပုံမှန်ရာသီဖြစ်စဉ်ပေါ့။ သုံးလခံထိုးဆေးက သားဥမကြွေအောင်တားတယ်။ သားအိမ်နံရံအပေါ်မှာကြတော့ သွေးသားအပြောင်းအလဲပေါ် လိုက်ပြီးအထူအပါးပြောင်းလဲစေတယ်။ အဲ့တော့ သားအိမ်နံရံမထူတဲ့အခါ သွေးလုံးဝမဆင်းဘဲ အရမ်းထူလာတဲ့အခါ သွေးအများကြီးဆင်းတာပေါ့။
အမျိုးသမီး။ ။ အော်… ဒါဆို သွေးမဆင်းလည်း ကိုယ်ဝန်မရှိနိုင်ဘူးပေါ့။
ကျွန်တော်။ ။ သားဥကြွေတာကို တားထားတဲ့အတွက် သွေးဆင်းဆင်း မဆင်းဆင်း ကိုယ်ဝန်မရှိနိုင်ပါဘူး။ ဒါပေမယ့် စမထိုးခင်ကတည်းက ကိုယ်ဝန်မရှိတာ ကျိန်းသေဖို့တော့လိုတာပေါ့။
အမျိုးသမီး။ ။ ဘယ်လိုသိနိုင်မလဲ ဆရာ။
ကျွန်တော်။ ။ ကိုယ်ဝန်မရှိမှန်း သေချာတဲ့ အခြေအနေတွေပေါ့။ရာသီစလာတဲ့ရက်မှတစ်ပတ်အတွင်းဖြစ်နေတာ၊ နောက်ဆုံးရာသီပေါ်ကတည်းကခုချိန်ထိ အမျိုးသားနဲ့အတူမနေထားတာ၊ ကလေးမွေးပြီး တစ်လအတွင်း၊ ကလေးကို မိခင်နို့တမျိုးတည်းသာတိုက်ပြီး ရာသီကလုံးဝမပေါ်သေးဘူးဆိုရင် ၆ လအတွင်း၊ ကိုယ်ဝန်ပျက်ကျပြီး တစ်ပတ်အတွင်း စတဲ့အခြေအနေတွှေမှာတော့ တားဆေးစသုံးလို့ရပါတယ်။
အမျိုးသမီး။ ။ ဒါဆိုဆရာ ဆီးစစ်ကြည့်ဖို့ရောမလိုဘူးလား။
ကျွန်တော်။ ။ ဆီးစစ်ကြည့်ဖို့လည်းလိုပါတယ်။ ဒါပေမယ့် ဆီးအဖြေကို အလုံးစုံယုံကြည်လို့မရပါဘူး။ ဘာလို့ဆို သန္ဓေအောင်ပြီးနောက် ၃ ပတ်လောက်ကြာမှ ဆီးထဲမှာ စစ်ကြည့်လို့ရတာပါ။ အဲ့ဒါကြောင့် ကိုယ်ဝန်ဟာ၁ ပတ်သား ၂ ပတ်သားလေးဘဲရှိသေးရင် ဆီးအဖြေမှာကိုယ်ဝန်မရှိဘူးဘဲပြပါလိမ့်မယ်။
အမျိုးသမီး။ ။ အော် ဒါဆို ဆရာခုနကပြောတဲ့အခြေအနေတွေအတွင်းလည်းဖြစ်ရမယ် ဆီးအဖြေမှာလည်းကိုယ်ဝန်မရှိရဘူးပေါ့။ ဒါနဲ့ဆရာ တချို့ပြောတယ် အားဆေးနဲ့တွဲထိုးရင်ကောင်းတယ်ဆိုပြီးတော့လေ။
ကျွန်တော်။ ။ အမှန်ကတော့ မလိုပါဘူး။ အားဆေးဆိုတာ ပါးစပ်က သောက်လည်းရနေတာပါ။ တားဆေးနဲ့ရောပြီးထိုးရင် ဆေးအာနိသင်ပြောင်းသွား နိုင်လို့ကိုယ်ဝန်တားနိုင်စွမ်းလျော့သွားနိုင်တယ်။ ပြီးတော့မချေရပါဘူး။ ချေရင်သွေးထဲဆေးမြန်မြန် ရောက်တော့ ဆေးအာနိသင်ကုန်တတ်လို့ပါ။
အမျိုးသမီး။ ။ ကျေးဇူးတင်ပါတယ် ဆရာ ခုလိုပြည့်ပြည့်စုံစုံရှင်းပြပေးလို့။
ဒေါက်တာမျိုးကိုကို