ညအိပ်ရေးပျက်ခြင်းနှင့် မျက်ကွင်းညိုတာဆက်စပ်နေပါသလား?
”အိပ်ရေးမပျက်စေနဲ့ မင်းရဲ့ မျက်ကွင်းလေးတွေ ညိုပြီးမဲမယ်”
FM ကပျံ့လွင့်လာတဲ့ Xboxရဲ့သီချင်း
ဟုတ်ပြီ။ဒီတော့ ကျွန်တော်တို့တွေ အိပ်ရေးပျက်တဲ့အခါ မျက်ကွင်းလေးတွေ တကယ်ကိုပဲညိုမဲတတ်ကြပါသလား?
အဖြေကတော့ ဟုတ်ပါတယ်။ ညိုတတ်ပါတယ်။ မဲတတ်ပါတယ်။
ဘာကြောင့်ဒီလို ဖြစ်ရသလဲ?
မျက်ကွင်းညိုခြင်းကို လူတိုင်းတစ်ခါမဟုတ်တစ်ခါ ကြုံဖူးကြမှာပါ။မိန်းကလေးတွေဆို ပိုသိကြမှာပေါ့။သူတို့က အမြဲကိုယ့်မျက်နှာလေးကို ဂရုတစိုက်လေးနေကြတာကိုး။
အိပ်ရေးပျက်ခြင်းဟာ မျက်လုံးတစ်ဝိုက်မှာရှိတဲ့ ပါးလွှာတဲ့အရေပြားအောက်ခြေက သွေးကြောလေးတွေကိုကျယ်စေလို့ သွေးစီးဆင်းမှုများပြီး မျက်လုံးတစ်ဝိုက်အသားရောင်ရင့်လာတာကြောင့် မျက်ကွင်းညိုခြင်းကိုဖြစ်ပေါ်စေပါတယ်။
ဒါ့အပြင် အိပ်ရေးပျက်ပင်ပန်းနွမ်းနယ်ခြင်းဟာ မျက်လုံးတစ်ဝိုက်မှာရှိတဲ့ ကြွက်သားနဲ့တစ်သျှူးလေးတွေကို လျော့ရဲစေပြီး အရည်တွေစုလာစေတာကြောင့် ရောင်ရမ်းခြင်းကိုဖြစ်စေပြီး မျက်ကွင်းညိုခြင်းကိုပိုဆိုးစေပါတယ်။
အခြားဘယ်အခြေအနေတွေကရော မျက်ကွင်းညိုခြင်းကိုဖြစ်စေနိုင်သလဲ?
အိပ်ရေးပျက်ခြင်းအပြင် မျိုးရိုးလိုက်ခြင်း၊နေလောင်ခြင်း၊မျက်လုံးတစ်ဝိုက်ရှိသဘာဝအတိုင်းထွက်သော အရောင်ခြယ်(Pigment)များခြင်း၊ဓါတ်မတည့်ခြင်း၊အသက်အရွယ်ကြီးရင့်ခြင်း၊နာတာရှည်ရောဂါတစ်မျိုးမျိုးခံစားနေရခြင်း(ဥပမာ နာတာရှည်ကျောက်ကပ်ရောဂါ) စသည်တို့တွင်လည်း မျက်ကွင်းညိုခြင်းကိုတွေ့နိုင်ပါတယ်။
ဘယ်လိုကုသမလဲ?
အိပ်ရေးပျက်လို့ဖြစ်ရတာမို့ အိပ်ရေးဝဝအိပ်ခြင်းဖြင့် ကုသနိုင်ပါတယ်။အိပ်တဲ့အခါမှာလဲ ပက်လက်လှန်အိပ်ခြင်းဟာ မျက်လုံးညိုခြင်းအတွက်ပိုကောင်းပါတယ်။မှောက်ခုံအိပ်တဲ့အခါမှာ မျက်လုံးဟာအောက်ရောက်နေပြီး ကမ္ဘာမြေဆွဲအားကြောင့် မျက်လုံးတစ်ဝိုက်မှာ အရည်တွေပိုစုလာနိုင်လို့ပါ။
Moisturizer နဲ့ Sun screen။ moisturizerလိမ်းခြင်းဖြင့် မျက်လုံးတစ်ဝိုက်ရှိကြွက်သားတစ်သျှူးလေးတွေကို ရေဓါတ်ပြည်ဝစေပြီးမျက်ကွင်းညိုခြင်းကို သက်သာစေနိုင်ပါတယ်။နေပူထဲအပြင်ထွက်တဲ့အခါမှာလဲ SPFမြင့်တဲ့ sunscreen တွေလိမ်းခြင်းဖြင့် မျက်ကွင်းညိုခြင်းကို အထိုက်အလျောက်ကာကွယ်နိုင်ပါတယ်။
ရေခဲကပ်ခြင်း။
ရေခဲကို လက်ကိုင်ပဝါပါးပါးဖြင့်ရစ်ပတ်ပြီး မျက်လုံးအောက်အရေပြားပေါ် မိနစ်၂၀ခန့် ကပ်ပေးခြင်းဟာ ရောင်ရမ်းခြင်းကိုသက်သာစေရုံမက ကျယ်နေသောသွေးကြောလေးတွေကိုလည်း ကျဉ်းစေနိုင်တာကြောင့် မျက်ကွင်းညိုခြင်းကိုသက်သာစေပါတယ်။
လက်ဖက်ခြောက်အစိုထုပ်ကလေးတွေကို မျက်လုံးအပေါ်အုပ်ပေးခြင်း၊၊ ရှေးဦးစွာ လက်ဖက်စိမ်း(သို့)ရိုးရိုးလက်ဖက်ခြောက်ထုပ်ကိုရေနွေးတွင် ၅မိနစ်ခန့်စိမ်ပါ။ပြီးလျှင် ရေခဲသေတ္တာထဲတွင် ၁၅မိနစ်ခန့် အအေးခံပါ။ထိုအအေးခံထားသော အထုပ်ကလေးကို မျက်လုံးအောက်တွင်၁၅မိနစ်ခန့်ကပ်ပေးပါ။ လက်ဖက်တွင်ပါဝင်သော ကဖင်းနှင့်အင်တီအောက်ဆီးဒန့်များက ရောင်ရမ်းခြင်းကိုသက်သာစေပြီး သွေးကြောလေးတွေကိုကျဉ်းပေးစေနိုင်ပါတယ်။ သခွားသီး ပါးပါးအလွှာလေးများကို အုပ်ပေးခြင်းဖြင့်လည်း မျက်ကွင်းညိုခြင်းကိုအထိုက်အလျောက်သက်သာစေနိုင်ပါတယ်။
သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့်ပြသ၍ လေဆာကုထုံး၊ Filler ထိုးခြင်းနှင့် ပလတ်စတစ်ဆာဂျရီ နည်းပညာများဖြင့်လည်း ကုသနိုင်ပါသေးတယ်။
အားလုံးပဲ မျက်ကွင်းညိုခြင်းမှ ကင်းရှင်းနိုင်ကြပါစေ။
drye’lwin