strong>ဂျပန်ဦးနှောက်ရောင်ရောဂါ ( Japanese Encephalitis Disease
JE D)
ဂျပန်ဦးနှောက်ရောင်ရောဂါ (JE ) ဟာ၊ကျူးလက်စ် ခြင်ကိုက်ခံရပြီး၊ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ပိုး( JE Virus) ကူးစက်ခံရလို့ ဖြစ်လာရတဲ့၊ ရောဂါဆိုးတစ်ခုဖြစ်တယ် ။ အဲ့ဒီခြင်ကိုက်ခံရပြီး၊ ၅-၁၅ ရက်အတွင်းမှာ အောက်ပါတွေ ခံစားလာရတယ်။
လက္ခဏာတွေက
ရုတ်တရက်အပြင်းဖျားတယ်။ခေါင်းကိုက်တယ်၊ ပျို့အန်တယ်။စိတ်ရှုတ်ထွေး ကယောင်ကတန်းဖြစ်လာပြီး၊ ကိုယ်ခန္ဓာရဲ့လှုပ်ရှားမှုတွေ ခက်ခဲလာတယ်။ချမ်းတုန်ဖျားလာတယ်။တက်ချက်လာတတ်တယ်။ဦးနှောက်မှာ ရောင်ရမ်းလာတာကြောင့်၊ သတိလစ်မေ့မျောရာကနေ၊ အသက်သေဆုံးတဲ့အထိ၊ ဆ ိုးရွားလာစေတယ်။အာရုံကြောစနစ်နဲ့ဗဟိုနာဗ်ကြောစနစ်တွေကို၊ ထိခိုက်စေတဲ့အတွက်၊ အသက်မသေခဲ့ရင်တောင်မှနောက်ဆက်တွဲဆိုးကျိုးအဖြစ်၊စကားမပြောနိုင်၊ ကိုယ်လက်မလှုပ်ရှားနိုင်ခြင်း၊နားလေးခြင်း ၊အသိဉာဏ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဖွံဖြိုးမှုနောက်ကျခြင်း စတဲ့ ဆိုးရွားစွာထိခိုက်ခြင်းတွေ ကျန်ရစ်ခဲ့စေပါတယ်။ အဲလိုမစွမ်းမသန်လေးတွေ ဖြစ်ကျန်ခဲ့တာကလည်း၊ မိသားစုအပေါ်၊ တာဝန်ပိုကြီးစေတယ်။
ရောဂါက ပြင်းထန်သလို၊ အဖြစ်မြန်အပျက်မြန်အသေမြန်စေတယ်။ သေဆုံးနှုန်း ၃၀% ရှိစေသလို၊ အသက်မသေပြန်ရင်လည်း၊ လူစဉ်မမှီတဲ့ အထိုင်အထ အသွားအလာ ကိုယ်တိုင်မလုပ်နိုင်တော့ဘဲ၊ သူတပါးကိုမှီခိုနေရတဲ့၊ မစွမ်းမသန်သူတွေ ဖြစ်လာနိုင်တာကလည်း၊ ၃၀% လောက်ရှိတယ်။ ဒါ့ကြောင့်ကုသဆေး သတ်သတ်မှတ်မှတ်မရှိဘဲ၊ ရောဂါဖြစ်လာရင်အသေအပျောက်များလွန်းတဲ့အတွက်၊ ( Japanese Encephalitis Vaccine) ကာကွယ်ဆေးထိုးထားမှသာ၊ ဒီရောဂါဆိုးရန်မှ၊ စိတ်ချရမှာ ဖြစ်တယ်။
အဖြစ်များတဲ့ နိုင်ငံတွေ
မြန်မာနိုင်ငံအပါအဝင်အာရှနိုင်ငံတွေမှာ အဖြစ်များပါတယ်။အာရှနိုင်ငံတွေမှာ လူတွေနဲ့မွေးမြူရေးတိရိစ္ဆာန်တွေ တဝင်းတခြံထဲ အတူနေထိုင်ကြတာကလည်း၊ ကူးစက်မှုလွယ်ကူစေတယ်။ အဖြစ်များသူကူးစက်နိုင်ခြေများသူတွေက၊ တောနေ လူထုတွေ၊တောင်သူလယ်သမားတွေ၊ ဝက်နဲ့ ဌက်မွေးသူတွေမှာ ဖြစ်နိုင်ခြေပိုများတယ်။ အသက်အရွယ်မရွေး ရောဂါ ဖြစ်နိုင်ပေမဲ့အသက်၁၅နှစ်အောက်ကလေးတွေမှာ၊ အဖြစ်ပိုများပါတယ်။ အာရှတိုက် မြောက်ပိုင်းနေထိုင်သူတွေအတွက်တော့၊ နွေရာသီနဲ့ မိုးရာသီမှာ (JE ) ရောဂါအဖြစ်များပေမဲ့၊ အပူပိုင်းနဲ့ သမပိုင်းရာသီရှိတဲ့ အာရှနိုင်ငံတွေမှာတော့၊ ရာသီမရွေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါအဖြစ်များတာတွေ့ရတယ်။
JE ဗိုင်းရပ်ပိုးတွေဟာ၊ ငဟစ်ဌက်( Heron )နဲ့ အိမ်မွေးဝက်တွေမှာ အဓိကအားဖြင့်၊ပေါက်ပွားရှင်သန်ကြပါတယ်။ အဲဒီဌက်တွေနဲ့ဝက်တွေကိုကိုက်ခဲ့တဲ့၊ ကျူးလက် ခြင်တွေက၊ လူတွေကိုကိုက်ခြင်းအားဖြင့်၊ ရောဂါကူးစက်စေတယ်။ လူလူချင်းကတော့မကူးစက်စေပါဘူး။ဘေးပတ်ဝန်းကျင်မှာကျူးလက်ခြင်ပေါက်ပွားနိုင်တဲ့ မြောင်းပုတ် ရေအိုင်တွေရှိနေရင်အဲဒီနေရာတဝိုက်မှာ၊အဲဒီရောဂါ ပိုမို ဖြစ်ပွားနိုင်တယ်။
မြန်မာနိုင်ငံနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ
ဆေးရုံစာရင်းများအရ ၂၀၁၆ ခုနှစ်မှာ၊ အဲဒီရောဂါပိုးတွေ့သူ၃၉၃ ဦးရှိပြီး၊ ၂၀၁၇ အောက်တိုဘာလကုန်အထိကတော့၊ အဲဒီရောဂါပိုးတွေ့သူပေါင်း ၃၀၆ ဦး၊ ရှိခဲ့ပါတယ်။ အဲဒါအေဲဒီရောဂါဂါပိုးေ၊ ၃၀% ကတော့အသက်မသေသူတွေဖြစ်ပေမဲ့၊ အထက်ဖော်ပြပါ မစွမ်းမသန်လေးတွေအဖြစ်၊ သူတပါးအပေါ်တသက်လုံး မှီခိုနေရသူလေးတွေ ဖြစ်ကျန်ရစ်ခဲ့ရပါတယ်။ ဆေးရုံကို ရောက်မလာတဲ့ အရပ်ထဲတင်ဒီရောဂါနဲ့ ဖျားနာသူ တွေ၊ သေဆုံးသူတွေက ဒီထက်မက များနိုင်ပါသေးတယ်။ လူတွေက အသေမြန်တဲ့ သွေးလွန်တုတ်ကွေးကိုသာ အမည်ကြားရုံနဲ့ ကြောက်တတ်ကြအစိုးရိမ်ကြီးတတ်ကြပေမဲ့၊ သွေးလွန်တုတ်ကွေးရဲ့ သေနှုန်းက ၂%ပဲ ရှိပါတယ်။ အသေလည်းမြန်သလိုပိုလည်းသေစေ၊ မသေပြန်လည်း လူဖြစ်ရှုံးစေတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါက ပိုကြောက်စရာ ကောင်းတာမို့၊ ကာကွယ်ဆေး မဖြစ်မနေ ထိုးသင့်တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံကာကွယ်ဆေးထိုးအစီအစဉ်မှာ၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကိုအခုစတင်ထည့်သွင်းပြီးဖြစ်ပါတယ်။အပြင်မှာ အဲဒါထိုးရင် ငွေ သိန်းချီကုန်ပေမဲ့ အခုတိုးချဲ့ကာကွယ်ဆေးအစီအစဉ်အရ၊တပြည်လုံးက ကလေးတွေကိုအခမဲ့ထိုးနှံပေးနေပြီ ဖြစ်ပါတယ်။ WHO က အသိအမှတ်ပြုတဲ့ အခုထိုးနှံပေးနေတဲ့ဂျပန်ဦးနှောက်ကာကွယ်ဆေးဟာ၊အာရှနိုင်ငံတွေဖြစ်တဲ့၊ ထိုင်း ကမ္ဘောဒီးယား သီရိလင်္ကာ၊ အိန္ဒိယ၊ တောင်နဲ့မြောက်ကိုရီးယား၊ လာအိုမလေးရှားနဲဗီယက်နမ်တို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ ကတည်းကနေ အခုထိလူသန်းလေးရာကျော်ကို အောင်မြင်စွာထိုးနံှပေးပြီး၊ ရောဂါဆိုးမှကာကွယ်ပေးနိုင်ခဲ့ပါတယ်။ဘေးအန္တရာယ်လည်းကင်းလို့ အဲဒီဆေးကိုအထက်ပါနိုင်ငံတွေမှာ လက်ရှိလည်း သုံးစွဲနေဆဲဖြစ်ပါတယ်။အခုလည်းမြန်မာနိုင်ငံမှာ၊အသက်၉လနဲ့ ၁၅နှစ်အကြား ကလေးတွေကို၂ကြိမ်ခွဲ ပြီး ထိုးနှံပေးမှာ ဖြစ်ပါတယ်။
ပထမအသုတ်ကအခုနှစ်နိုဝင်ဘာ၁၅ ရက်မှ၂၃ နေ့အထိ ကျောင်းသူ/သား ၅ နှစ်မှ၁၅နှစ်အတွင်း ကလေးတွေကိုစာသင်ကျောင်းတွေမှာ ထိုးပေးနေပြီ ဖြစ်ပြီး၊ ဒုတိယအသုတ်ကို၊ ဒီဇင်ဘာ ၁၁ ရက်မှ၂၀ရက်အတွင်းမှာ၊ လူထုကြားထဲက ၉လမှ၅နှစ်အောက်ကလေးတွေနဲ့ စာသင်ကျောင်းတွေက ဆေးမထိုးလိုက်ရသေးသူ၁၅နှစ်အရွယ်ထိကလေးတွေကို၊ ကာကွယ်ဆေး ထိုးပေးမှာ ဖြစ်ပါတယ်။
တပြည်လုံးအနှံ့ ကလေးတိုင်း ၉ လမှ၁၅ နှစ်အတွင်း၊ အဆိုပါကာကွယ်ဆေး မထိုးလိုက်ရမရှိအောင်အထူးသတိထားစေချင်ပါတယ်။သူတပါးကလေးက ဆေးထိုးထားလို့၊ကာကွယ်မှုအပြည့်ရပြီး၊ ဒီရောဂါကြောင့်၊ အသက်မသေ နောက်ဆက်တွဲ မစွမ်းမသန်မဖြစ်တော့ပေမဲ့၊ ကာကွယ်ဆေး မထိုးလိုက်ရတဲ့ ကိုယ့်ကလေးမှာတော့၊ ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်နိုင်ခြေနဲ့ ဖြစ်လာရင်လည်း၊ အသက်အန္တရာယ်နဲ့ မစွမ်းမသန်ဖြစ်ကျန်ဘို့ လမ်းနီးကပ်နေလို့၊ ကြောက်စရာ အလွန်ကောင်းပါတယ်။
ယခုကာကွယ်ဆေးကိုလုံးဝမထိုးသင့်သေးသူများ
ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကိုအရင်က ထိုးဖူးခဲ့တုန်းက ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြသာနာ(သို့) ပြင်းထန်တဲ့ ဓါတ်မတည့်မှု ဖြစ်ခဲ့ဘူးသူများ။ ကလေးက Gelatin ဂျယ်လက်တင်၊ ဂျင်တာမိုင်စင်၊ ဆူးခို့ စ် Sucrose ၊ ဆီရမ်အယ်လ်ဗြူမင် (Human serum albumin) နဲ့ ကာဗာမိုဒ် Carbamide စတာတွေနဲ့ ဓါတ်မတည့်ဘူးသူများ။ မွေးရာပါ ကိုယ်ခံအားကျဆင်းသူ။ ရောဂါကြောင့်(သို့) ဆေးဝါးမှီဝဲနေရလို့ ကိုယ်ခံအားကျဆင်းနေသူ။ အေအိုင်ဒီအက်စ်ခုခံအားကျဆင်းရောဂါရှိနေသူ။
အတက်ကျဆေးသောက်နေသော်လည်း အတက်ရောဂါ ခဏတိုင်း ဖြစ်နေသူများ။ နာတာရှည်ရောဂါတစ်ခုခုကိုလောလောဆယ်ခံစားနေရသူများ ကိုယ်ဝန်ဆောင် နေသူများ။ အထက်ပါတို့ကတော့အဲဒီကာကွယ်ဆေး လုံး ဝ မထိုးပေးသင့်ပါဘူး။ ရက်ရွှေ့ဆိုင်းပြီး နောက်မှကာကွယ်ဆေး ထိုးပေးသင့်သူတွေကတော့ လောလောဆယ်အပုူကြီး ပြီး ဖျားနာနေသူ။ လောလောဆယ်ကူးစက်ရောဂါ ခံစားနေရသူ။ တီဘီဖြစ်နေ ပြီး တီဘီဆေး မသောက်ရသေးသူ (သို့) တီဘီဆေး စသောက်နေပေမဲ့ ၂ လပြည့်အောင်မသောက်ရသေးသူ။ နားအလယ်ခန်းရောင်ရမ်းနေသူ။ နားပြည်ယိုနေသူ။ ပရက်နီဆိုလုံး ဟိုက်ဒြို ကော်တီဆုန်းစတဲ့ စတီးရွိုက် ဆေးတွေကိုပမာဏများများအသုံးပြု နေရသူ။
အထက်ပါတို့ကတော့ လောလောဆယ်ကာကွယ်ဆေး မထိုးသင့်သေးဘဲ၊ အဲဒီအချက်တွေ မရှိတော့တဲ့အခါမှာတော့ကာကွယ်ဆေးကို ပြန်လည်ထိုးနှံသင့်ပါတယ်။ ဒါ့ကြောင့်မိဘတွေအနေနဲ့ ကာကွယ်ဆေး မထိုးခင်မိမိကလေးရဲ့ ရောဂါ ရာဇဝင်နဲ့ အလာဂျီရှိမရှိ တွေကိုသက်ဆိုင်ရာ ဆရာဝန်ဆရာမတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဆေးထိုးရမဲ့စာရင်းထဲအချိန်မှီမပါရင်လည်း သက်ဆိုင်ရာ ဆေးထိုးစုရပ်သို့အကျိုးအကြောင်း မေးမြန်းစုံစမ်း ပြီး၊ ဒီတသုတ်မပါ နောက်လ ဒီဇင်ဘာလ အသုတ်ထဲ ထိုးနိုင်အောင်စီစဉ်သင့်ပါတယ်။အဓိက ကတော့တပြည်လုံးအတွက်၊အခမဲ့ကာကွယ်ဆေးထိုးအစီအစဉ်မှာ ဆေးမထိုးလိုက်ရတဲ့သူ၊ကာကွယ်မှုမရယူလိုက်ရတဲ့သူတွေ မရှိရအောင်၊ အထူးသတိထားပြီး ထိုးနှံစေကြဘို့ပါဘဲ။
ကာကွယ်ဆေးမထိုးခင် ပြုလုပ်သင့်သည်များ
ဆေးထိုးမသွားခင်ဗိုက်ဆာမနေအောင်ထမင်းဟင်း မုန့်ကျွေးထားပါ။ စောင့်ဆိုင်းနေရရင်လည်း ကျွေးစရာ လတ်ဆတ်သန့်ရှင်းတဲ့အစားအစာ နဲ့ သောက်ရေယူဆောင်သွားပါ။ စောင့်ရရင်လည်း အရိပ်ထဲမှာသာ နေပြီး စောင့်ဆိုင်းပေးပါ။ ပြင်ပအစားအစာတွေ ဝယ်မကျွေးပါနဲ့။ ကာကွယ်ဆေးထိုးပြီးရင်လည်း၊ စုရပ်မှာ နာရီဝက်စောင့်ကြည့်ပေးပါ။ ဆေး ထိုးပြီးပြီးချင်း အမြုတ်မထတဲ့ အချိုရည်ရိုးရိုး , ရေ နဲ့သံပုရာရည်တစ်မျိုးမျိုး တိုက်ပေးပါ။ ဘာထူးခြားမှုမှမရှိရင်အိမ်ပြန်အနားယူခိုင်းပါ။ အိမ်ရောက်လို့ မူးဝေ အော့အန်ဖျားနာ စသဖြင့်ထူးခြားတာ တစ်ခုခု တွေ့ရရင်နီးစပ်ရာ ဆေးရုံ ဆေးခန်းနဲ့ ကျန်းမာရေးဌာနသို့ အမြန်သွား ပြပါ။ ကာကွယ်ဆေးဘယ်ရက်က ထိုးခဲ့တယ်ဆိုတာလည်း ပြောပြပါ။ အိမ်မှာ တင်၊ ဆေးမြီးတိုနဲ့ကြိတ် ပြီး အချိန်မဖြုန်းသင့်ဘူး။
ဘေးထွက်ဆိုးကျိုးအနေနဲ့
ဆေးထိုးတဲ့နေရာ နီရဲတာ၊နာကျင်တာ ဖျားတာ မူးဝေတာ စတဲ့ မပြင်းထန်တဲ့ လက္ခဏာတွေသာ တွေ့ရတတ်ပါတယ်။ ၁ ရက်၂ရက်အတွင်းမှာ၊ အဲဒါတွေက အလိုလိုသက်သာသွားနိုင်ပါတယ်။ ကာကွယ်ဆေးနဲ့ မတည့်တဲ့ ပြင်းထန်တုန့်ပြန်မှုမျိုးကလည်း၊လူတစ်သန်းမှာ တစ်ယောက်အောက်သာ တွေ့ရတာမို့ ရှားပါးပါတယ်။ အခုကာကွယ်ဆေး ထိုးစဉ်ကာလအတွင်း၊ ပင်လောင်းမှာ ကျောင်းသူတစ်ယောက်အဖိတ်အစဉ်ရှိခဲ့တာက ကာကွယ်ဆေးကြောင့်မဟုတ်ဘဲ၊ အစာအဆိပ်သင့်တာကြောင့်လို့ သတင်းရရှိပါတယ်။ အခုလ နိုဝင်ဘာ ၂၀ ရက်နေ့အထိ၊ ကာကွယ်ဆေးထိုးခြင်း ၄ ရက်မြောက်နေ့မှာကလေး၆ သန်းခန့်ကို၊တပြည်လုံးအနှံ့ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးနှံပေးခဲ့တာ၊ ဘေးကင်းစွာ အောင်မြင် ပြီးစီးခဲ့တာ တွေ့ရပါတယ်။
ဒါ့ကြောင့်မိမိကလေးရဲ့ နောင်ရေးစိတ်အေးရအောင်ရောဂါဆိုးက ကာကွယ်ပေးတဲ့ တန်ဘိုးကြီး မားတဲ့ ယခုကာကွယ်ဆေးကိုအခမဲ့ ထိုးနှံပေးတဲ့ နိုင်ငံတော်ရဲ့စေတနာကို၊ လေးစားဂုဏ်ယူသင့်ပါတယ်။ နေ့စဉ်ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သတင်းလွှာတွေသိချင်ရင်အင်တာနက်မှာ “ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စာမျက်နှာ” မှာဝင်ဖတ်ရှုနိုင်သလို၊ သိလိုတာကိုလည်း၊ စာရေးမေးမြန်းနိုင်ပါတယ်။ မလိုတမာ အတင်းဖွနေသူတွေရဲ့ အခြေအမြစ်မရှိတဲ့ စကားတွေကိုလက်မခံမယုံကြည်သင့်ပါဘူး။ ကုသဆေး အတိအကျ မရှိတဲ့၊ သေနှုန်းနဲ့ မစွမ်းမသန် ဖြစ်န ှုန်းမြင့်တဲ့ ကြောက်စရာ အကောင်းဆုံး ဂျပန်ဦးနှောက်ရောင်ရောဂါကိုတစ်ခါထိုးရုံနဲ့ တသက်တာ ကာကွယ်မဲ့ ၊ အခုကာကွယ်ဆေးကိုထိုးဖြစ်အောင်သာ ထိုးဘို့ တိုက်တွန်းလိုပါတယ်။
ကလေးများ ရောဂါဆိုးများဘေးမှကင်းဝေးကြပါစေ။
ဒေါက်တာအေးမြချယ် (ကလေးအထုူးကုဆရာဝန်ကြီ)း