အမျိုးသားများတွင် ဖြစ်တတ်သော မျိုးပွားခြင်းဆိုင်ရာ ပြဿနာများ
အမျိုးသားများရဲ့ နေ့စဉ်လူနေမှုဘဝမှာ ဆီးအောင့်ခြင်း၊ ဆီးပူဆီးကျင်ခြင်း၊ အူကျခြင်း စတဲ့ကိစ္စရပ်တွေကို ကြုံဖူး ကြားဖူးကြပါမှာပါ။ ဒါတွေဟာ မျိုးပွားမှုဆိုင်ရာ ပြဿနာတွေထဲက အချို့ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသားတွေဖြစ်တတ်တဲ့ မျိုးပွားခြင်းဆိုင်ရာ ပြဿနာတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
(၁)ပိုးဝင်ခြင်း (Infection)
အမျိုးသားတွေရဲ့ မျိုးပွားမှုဆိုင်ရာလမ်းကြောင်း ကိုပိုးဝင်ရင် လိင်တံ၊ ကပ္ပယ်အိတ်၊ ဆီးလမ်းကြောင်းနဲ့ သုတ်လွှတ်လမ်းကြောင်းတို့ကို ထိခိုက်စေပါတယ်။ ဒီလိုပိုးဝင်မှုတွေဟာ လိင်မှုတစ်ဆင့်ကူးစက်တာလည်းဖြစ်နိုင်ပါတယ်။ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးနဲ့ မှိ ုကြောင့်ဖြစ်နိုင်သလို အခြားသော ပိုးများကြောင့်လည်းဖြစ်နိုင်ပါတယ်။ အချို့သောပိုးဝင်မှုတွေက အလွယ်တကူ ကုသနိုင်ပါတယ်။ အချို့ကတော့ ကုသရခက်ခဲပါတယ်။ AIDSရောဂါလို လိင်ကနေတစ်ဆင့်ကူးစက်ခံရပြီဆိုရင်တော့ ပျောက်ကင်းအောင် ကုသလို့မရတော့ပါဘူး။
(၂)ကင်ဆာရောဂါများ
-လိင်တံကင်ဆာ
-ဆီးကျိတ်ကင်ဆာ
-ကပ္ပယ်အိတ်ကင်ဆာ စတဲ့ရောဂါများကလည်း သတိထားစရာဖြစ်ပါတယ်။
(၃)လုပ်ဆောင်မှုချို့ယွင်းသော ပြဿနာများ
မျိုးပွားစနစ်ရဲ့ လုပ်ဆောင်မှုချို့ယွင်းခြင်းကနေ ပြဿနာလေးတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေကတော့ ပန်းသေခြင်း (Impotence) နဲ့ သုတ်လွှတ်မြန်ခြင်း ( Premature Ejaculation) စသည်တို့ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားတွေမှာ
ရေမုတ် (Hydrocele)လို့ခေါ်တဲ့ ရောဂါလည်းဖြစ်တတ်ပါတယ်။ သူကတော့ ကပ္ပယ်အိတ်ဘေးမှာ အရည်အိတ်ကြီးဖြစ်နေတာပဲဖြစ်ပါတယ်။ နေရထိုင်ရအခက်ဆုံးနဲ့ လေးလံတဲ့အိတ်ကို ဆွဲထားရသလိုဖြစ်နေစေပါတယ်။ ခွဲစိတ်ကုသခြင်းကသာအကောင်းဆုံးဖြစ်ပါတယ်။
နောက်တစ်ခုကတော့ Testis (ဝှေးစေ့) တစ်လုံး သို့မဟုတ် နှစ်လုံးလုံး ကပ္ပယ်အိတ်ထဲမှာ မရှိတဲ့ရောဂါဖြစ်ပါတယ်။ အဲဒါကို Cryptorchidism လို့ခေါ်ပါတယ်။ အဲဒါကို ခွဲစိတ်မကုသဘူးဆိုရင် အဲဒီ Testis ကနေ ကင်ဆာဖြစ်နိုင်ပါတယ်။
အမျိုးသားတွေမှာ နောက်ထပ်အဖြစ်များတဲ့ ရောဂါတစ်မျိုးကတော့ ဆီးကျိတ်ရောင်တာပဲဖြစ်ပါတယ်။ Benign Prostatic Hypertrophy (BPH) လို့ခေါ်ပါတယ်။ အမျိုးသားရဲ့ ဆီးလမ်းကြောင်း (urethra) နဲ့ ဆီးအိမ်(bladder) အောက်ခြေမှာဝန်းရံထားတဲ့ ဆီးကျိတ်ရောင်တာဖြစ်ပါတယ်။ ဒီလိုဖြစ်ရင် ဆီးသွားရခက်ခဲခြင်း၊ ဆီးတစ်စက်တစ်စက်ကျခြင်းနဲ့ ဆီးခဏခဏသွားခြင်းဖြစ်တတ်ပါတယ်။ အမျိုးသားတွေအသက်ကြီးလာတာနဲ့အမျှ BPH ပိုဖြစ်နိုင်ပါတယ်။
အထက်ပါရောဂါအခြေအနေတွေကတော့ အမျိုးသားများမှာဖြစ်တတ်တဲ့ မျိုးပွားခြင်းဆိုင်ရာ ပြဿနာများကို ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)