အစားနည်းသောကလေးများ
ကလေးငယ်တွေဟာ ပုခက်ထဲထည့် မိဘထားရာနေစဉ်အရွယ်မှာ အစားအသောက်ကျွေးမွေးရာမှာ အခက်အခဲသိပ်မရှိတတ်ပါဘူး။ ဒါပေမဲ့ ကလေးငယ်ကိုယ်တိုင် တတောက်တောက်နဲ့ လမ်းလျှောက်သွားနိုင်တဲ့ အရွယ်ရောက်လာစဉ်မှာတော့ အစားအသောက်ဂျီးများကာ ကျွေးမွေးရခက်ခဲပြီး အစားနည်းလာတတ်ကြပါတယ်။ ဒီလို ဖြစ်ရတာဟာ ပတ်ဝန်းကျင်အရာတိုင်းဟာ လမ်းလျှောက်တတ်စ ကလေးငယ်အရွယ်အတွက် စိတ်ဝင်စားဖွယ်၊ စူးစမ်းဖွယ်ရာ အသစ်အဆန်းများဖြစ်လာပြီး အစားအသောက်အပေါ် တပ်မက်စိတ် လျော့နည်းလာလို့ပဲ ဖြစ်ပါတယ်။
အစားအသောက်အပေါ် စိတ်ဝင်စားမှု လျော့နည်းလာခြင်းအပေါ် မိဘတွေ စိတ်ပူပင်တတ်ပြီး အစားအသောက်ဝင်ဖို့အတွက် ကလေးငယ်ကို ဖိအားပေးတာ၊ ခြိမ်းခြောက်ကျွေးမွေးတာတွေ မပြုသင့်ပါဘူး။ အစာစားခြင်းက ကလေးအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်သင့်ပါဘူး။ ကလေးငယ်ဟာ နားလည်သိတတ်စအရွယ်ရောက်လာပြီ ဖြစ်တာကြောင့် အစားတစ်ဇွန်းစားတိုင်း၊ ရေတစ်ငုံသောက်တိုင်း ချီးကျူးခြင်း၊ မြှောက်ပင့်ပြောဆိုခြင်းတွေ ပြုလုပ်တာက အစာကျွေးရာမှာ ပိုမိုချောမွေ့စေနိုင်ပါတယ်။
ပုံမှန်အစာစားချိန်မှာ အစားနည်းနေပါက မကြာခဏ အစာကျွေးခြင်း ပြုလုပ်နိုင်ပါတယ်။ ပုံမှန် အစာကျွေးချိန်များကြားတွင် အသီးနှင့် ဟင်းသီးဟင်းရွက်များကျွေးခြင်း၊ အာဟာရရှိသော၊ လတ်ဆတ်သော မုန့်နှင့် ဥအမျိုးမျိုး ဖြည့်စွက်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ ကလေးငယ်တွေရဲ့ အစာအိမ်အရွယ်အစားဟာ သေးငယ်တာကြောင့် အစာနည်းနည်းနှင့် မကြာခဏကျွေးခြင်းက အစားနည်းတဲ့ ကလေးတွေအတွက် သင့်တော်ပါတယ်။
ဒါ့အပြင် ကလေးငယ်အတွက် အချိန်ပေးကာ မိသားစုနှင့်အတူ မိသားစုထမင်းဝိုင်းတွင် အတူစားစေခြင်း၊ မိမိကိုယ်တိုင် စားသောက်တတ်စေရန် လေ့ကျင့်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ မိမိကိုယ်တိုင် ဇွန်းကိုင်စားသောက်တတ်စေရန် မိဘများက ကူညီသင့်ပါတယ်။ မိသားစုဝင်များနှင့်အတူ စားသုံးခြင်းက စူးစမ်းတတ်သော ကလေးငယ်အပေါ် အစားအစာကို စိတ်ဝင်စားမှု ဖြစ်ပေါ်နိုင်ပြီး အချိန်အကန့်အသတ်နှင့် စားသောက်နိုင်စေရန် ကူညီပါတယ်။ (မိသားစုဝင်များ စည်းကမ်းတကျ စားသောက်ခြင်းအပေါ် များစွာ မူတည်ပါတယ်။) ကလေးငယ်အတွက် သန့်ရှင်း၍ အာဟာရရှိသော အစားအစာအသစ်များကိုလည်း မြည်းစမ်းကျွေးပြီး အစားအစာများကို တစ်ဖန် စိတ်ဝင်စားရန် ပြုလုပ်နိုင်ပါတယ်။
သို့သော် ကလေးငယ် နှစ်သက်သော အစားအသောက်များကိုသာ ထပ်သလဲလဲ ကျွေးမွေးခြင်းမျိုးတော့ မပြုသင့်ပါဘူး။ ငယ်ရွယ်ပြီး ကြီးပြင်းလာမယ့် ကလေးငယ်မှာ အာဟာရဓာတ် ပြည့်စုံစွာ လိုအပ်ပါတယ်။ တစ်နေ့တာ စားသောက်သော အစားအစာများတွင် အာဟာရဖြစ်စေသော အစားအစာ အုပ်စုဝင်များ(ဆန်၊ဂျုံ၊ ပြောင်း၊ အာလူး၊ ပဲအမျိုးမျိုး)၊ ကိုယ်ခန္ဓာကြီးထွားဖွံဖြိုးစေသော အစားအစာအုပ်စု (အသား၊ ငါး၊ နို့ နှင့် ဥအမျိုးမျိုး)၊ ရောဂါကာကွယ်သော အစားအစာများ(အသီးနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး) တို့ အချိုးအစားကျ ပါဝင်သင့်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)