ဘိုးဘိုး၊ဘွားဘွားတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ပြောင်းလဲမှုများ

ဘိုးဘိုး။ဘွားဘွားတို့ဟာ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ ခန္ဓာကိုယ်အလေးချိန်ဟာ ကျလာတတ်ပါတယ်။ အသက်ခုနစ်ဆယ်ကျော်လာတဲ့အခါမှာတော့ ကိုယ်အလေးချိန်ဟာ သိသိသာသာကျဆင်းလာပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ လူမှုရေးပြဿနာဆိုင်ရာအကြောင်းအရာတွေ ပါဝင်တယ်။ ဒါပေမယ့် နှစ်ဆယ့်ငါးရာခိုင်နှုန်းကတော့ အကြောင်းရင်းမရှိပါဘူး။

အသက်အရွယ်ကြီးရင့်တဲ့ဘိုးဘိုး၊ဘွားဘွားတွေမှာ ကိုယ်အလေးချိန် ရုတ်တရက် အလျင်အမြန်ကျဆင်းလာတယ်ဆိုတာ ရောဂါဝေဒနာတစ်ခုခုဖြစ်နေတာကိုပြသတာပါ။ မကြာခင်မှာ ကျန်းမာရေးချို့ယွင်းလာတော့မယ့် ရှေ့ပြေးလက္ခဏာလို့ပြောလို့ရပါတယ်။ ကင်ဆာရောဂါနဲ့ နှလုံးရောဂါသည်တွေမှာ ကိုယ်အလေးချိန်ဟာ ပိုပြီးသိသိသာသာကျဆင်းပါတယ်။ လူကြီးတစ်ဦးဟာ တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန်ရဲ့ လေးရာခိုင်နှုန်း သို့မဟုတ် ငါးနှစ်အတွင်းမှာ ကိုယ်အလေးချိန်ရဲ့ဆယ်ရာခိုင်နှုန်း ကျဆင်းလာပြီဆိုရင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်သင့်ပါတယ်။

ကိုယ်အလေးချိန်ကျဆင်းရတဲ့အကြောင်းအရင်းများ

(၁) ကင်ဆာရောဂါ နှင့် ကင်ဆာမဟုတ်သော အခြားရောဂါများကြောင့် ကိုယ်တွင်းမှာရှိတဲ့အရေးပါတဲ့ အင်္ဂါတွေချို့ယွင်းလာခြင်း

(၂) စိတ်ကျရောဂါ၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ မေ့လျော့ခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာရပ်များကြောင့် ကိုယ်အလေးချိန်ကျဆင်းသွားခြင်း

(၃) လူမှုရေးပြဿနာများ၊ စီးပွားရေးပြဿနာအခက်အခဲများ

(၄)အကြောင်းတရားရှာဖွေ၍မရဘဲ ကိုယ်အလေးချိန်ကျဆင်းလာခြင်း စသည်တို့ပဲဖြစ်ပါတယ်။

အချို့သောလူကြီးတွေမှာ အထက်ပါအကြောင်းချင်းရာတွေဟာ စုပေါင်းပြီးဖြစ်နေတတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ဝေဒနာရှိနေတဲ့ သက်ကြီးရွယ်အိုတစ်ဦးဟာ သူ့ကိုကျွေးတဲ့အစားအစာတွေကို စားချင်မှစားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာ သူ့မှာ Alzheimer’s ရောဂါ ရှိတာမျိုးဖြစ်စေ၊ ထင်ယောင်ထင်မှားဖြစ်ပြီး အရာရာကိုသံသယစိတ်ဝင်နေတဲ့စိတ်ရောဂါမျိုးဖြစ်စေ ရှိနေရင် ကျွေးသမျှကိုစားမှာမဟုတ်ပါဘူး။ ဒီတော့ အာဟာရချိူ့တဲ့ပြီး ရုပ်ပိုင်းဆိုင်ရာရောဂါတွေဝင်လာပါမယ်။ကိုယ်အလေးချိန်လည်းကျဆင်းလာပါမယ်။ ဒီဥပမာဟာ စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းတစ်ခုပါ။

ရုပ်ပိုင်းဆိုင်ရာရောဂါတစ်ခုနဲ့ ဥပမာပြုရရင် သည်းခြေကျောက်တည်နေတဲ့ လူကြီးတစ်ဦးဟာ အစာစားချင်စိတ်လျော့နည်းပြီး ပျို့ခြင်း၊အန်ခြင်း ဖြစ်တတ်ပါတယ်။ ဒီတော့ အာဟာရပြည့်ဝတဲ့ အစားအစာတွေစားဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်အလေးချိန်ကျဆင်းလာမှာပါ။

အသက်ကြီးလာတဲ့အခါမှာ ဇီဝရုပ်ဖြစ်ပျက်ပြောင်းလဲမှုအချို့ကလည်း ကိုယ်အလေးချိန်ကျဆင်းမှုကိုဖြစ်စေနိုင်ပါတယ်။ အစားအစာရဲ့အရသာနဲ့ အနံ့ကိုခံစားနိုင်စွမ်းကျလာခြင်း၊ အစာကို ကောင်းကောင်းမဝါးနိုင်ခြင်း၊ အစာအိမ်က အစာချေဖျက်နိုင်စွမ်းကျဆင်းလာခြင်း တို့ကလည်း ဘိုးဘိုး၊ဘွားဘွားတို့ ပိန်သွားစေတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။

အချို့သော လူကြီးတွေမှာ တာရှည်ဝမ်းချုပ်တတ်ခြင်းဟာလည်း အာဟာရမပြည့်စုံခြင်းကြောင့်ဖြစ်ပါတယ်။ ပြုစုစောင့်ရှောက်တဲ့လူတွေဟာ လူကြီးတွေအာဟာရပြည့်ဝဖို့ကို ဂရုပြုပေးရပါမယ်။ အူလမ်းကြောင်းကို လှုံ့ဆော်ပေးတဲ့ အမျှင်ပါတဲ့အသီးအနှံ၊အစားအစာတွေကို ကျွေးပေးခြင်းမှသာ ဝမ်းပုံမှန်သွားပြီး မအီမသာဖြစ်ခြင်းကင်းကင်းနဲ့ အစားကိုကောင်းကောင်းစားနိုင်မှာပါ။

ဘယ်လိုကာကွယ်၊ကုသကြမလဲ?

ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ အကြောင်းရင်းကိုရှာပြီးမှကုသလို့ရမှာပါ။ အာဟာရချို့တဲ့မှုကြောင့် ကိုယ်အလေးချိန်ကျဆင်းတယ်ဆိုရင် အာဟာရပြည့်စုံအောင်ကျွေးမွေးခြင်းဟာ ကုသမှုပါပဲ။ ဆင်းရဲမွဲတေခြင်း၊ ဝေးလံခေါင်ဖျားတဲ့နေရာဒေသဖြစ်ခြင်း၊ သွားနှင့်ခံတွင်းမှာ ရောဂါရှိခြင်း၊ အစားအစာ ဝါးမြိုရာမှာ အခက်အခဲဖြစ်ခြင်း၊ ပြုစုယုယမည့်သူမရှိခြင်း စတဲ့အကြောင်းအရာတွေဟာ အာဟာရချို့တဲ့ပြီး ကိုယ်အလေးချိန်ကျဆင်းစေတဲ့ အချက်တွေဖြစ်ပါတယ်။

ဆရာဝန်ညွှန်ကြားချက်နဲ့ တိုက်ရတဲ့ အာဟာရဖြည့်စွက်စာ ဆေးဝါးတွေဟာ သောက်သုံးဖို့ လွယ်ကူပြီး လူကြီးတွေအတွက်လည်း အကျိုးဖြစ်ထွန်းမှုကောင်းပါတယ်။ အာဟာရရှိတဲ့အစားအစာတွေကို အလွယ်တကူပြင်ဆင်ဖို့ခက်ခဲတယ်ဆိုရင် ဒါမှမဟုတ် အစားအစာကိုဝါးမြိုဖို့ ခက်ခဲတယ်ဆိုရင်လည်း လိုအပ်တဲ့ကယ်လိုရီနဲ့ အာဟာရတွေပါဝင်တဲ့ ဖြည့်စွက်စာအမှုန့်တွေကို ဖျော်တိုက်လို့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းမှုကို ဖြည့်စွက်စာတွေ အားဆေးတွေနဲ့ ဖြည့်တင်းပေးလို့ရပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုက်ရာချို့ယွင်းမှု၊ အားငယ်မှုကြောင့် ကိုယ်အလေးချိန်ကျဆင်းပြီးကျန်းမာရေးချို့ယွင်းသူ ဘိုးဘိုး၊ဘွားဘွားများကိုတော့ အကြောင်းအရင်းကို သေချာရှာပြီး ပြုစုကုသမှုအပြင်၊ ဆွေးနွေးတိုင်ပင်မှုနဲ့ ကြင်နာယုယမှုပါပေးရမှာဖြစ်ပါတယ်လို့ ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)