သွေးပေါင်၊ ရေပေါင်လို့ ကလေးဦးနှောက်ကိုထိခိုက်သွားတဲ့အခါ
မိခင်အချို့ဟာ မွေးဖွားချိန်ရောက်တဲ့အခါ ဗိုက်နာပြီးရေမွှာပေါက်သွားပေမယ့် ကလေးဆက်လက်မမွေးနိုင်တဲ့အခါ သွေးပေါင်၊ရေပေါင်ခြင်းကိုကြုံရတတ်ပါတယ်။ ဒီအခါမှာ အမေဆီကနေ သန္ဓေသားဆီကို သွေးအရောက်နည်းသွားတဲ့အခါ ကလေးရဲ့ဦးနှောက်ဟာ အောက်စီဂျင်လုံလောက်စွာမရရှိတော့တဲ့အတွက် ကလေးငယ်ဟာ ချို့ယွင်းချက်များနဲ့ ရှင်သန်လာရပါတော့တယ်။ ကလေးဆီကိုအမေရဲ့သွေးလုံလောက်စွာမရရှိတဲ့အတွက် မွေးဖွားလာတဲ့အခါမှာ ကလေးငယ်ဟာ
– ပြာနှမ်းနေခြင်း
– နှလုံးခုန်မှုမမှန်ခြင်း၊ နှေးကွေးခြင်း
– ပျော့ခွေနေခြင်း
– တက်ခြင်း
– အသက်ရှူနှေးခြင်း၊ အသက်လုံးဝမရှူတော့ခြင်း စသည့်အနေအထားများဖြင့်မွေးဖွားလာတတ်ပါတယ်။ ဒီအခါမှာ အသက်အန္တရာယ်အလွန်စိုးရိမ်ရတဲ့အခြေအနေဖြစ်တာကြောင့် အိမ် သို့မဟုတ် ကျေးလက်ဆေးပေးခန်းတွင်မွေးဖွားခြင်းဖြစ်ပါက နီးစပ်ရာဆေးရုံသို့အမြန်လွှဲပြောင်းဖို့လိုအပ်ပါတယ်။
အကယ်၍ ကလေးရဲ့ဦးနှောက်ဟာ အတိုင်းအတာတစ်ခုအထိအောက်စီဂျင်ပြတ်လပ်သွားခဲ့မယ်ဆိုရင်တော့
– ကလေးရဲ့ ကြွက်သားများလှုပ်ရှားမှုပုံမှန်မဟုတ်တော့ခြင်း
– ဦးနှောက်ဉာဏ်ရည်နိမ့်သွားခြင်း
– ကလေးရဲ့ ဖွံဖြိုးတိုးတက်မှုများ အလွန်အမင်းနောက်ကျနှေးကွေးသွားခြင်း စသည်တို့ဖြစ်သွားနိုင်ပါတယ်။ ဒါကို ဦးနှောက်ထိခိုက်မှုကြောင့် အကြောနဲ့ကြွက်သားများ အားနည်းသွားတဲ့ရောဂါစု ဖြစ်တဲ့ စီပီ (Cerebral Palsy)ရောဂါလို့ ခေါ်ပါတယ်။ စီပီဖြစ်လာပြီဆိုရင်တော့ ပျက်စီးပြီးသားဦးနှောက်အစိတ်အပိုင်းများကတော့ပြန်ကောင်းမလာနိုင်တဲ့အတွက် လူသာမာန်လူကောင်းလိုတော့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် မိဘများက ကြိုးစားရင်ကြိုးစားသလို၊ စောစောသိရင်သိသလို အရေးတယူပြုစုပေးမယ်ဆိုရင် တိုးတက်မှုရှိလာမှာပဲဖြစ်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ