All Articlesဆီးချိုရောဂါအထွေထွေရောဂါများ

Beneficial foods for diabetic patients

1 Mins read

ဆီးချိုဝေဒနာရှင်များအတွက် အကျိုးများစေမည့် အစားအစာများ

အရင်တစ်ပတ်က ဆီးချို ဝေဒနာရှင်တွေ ရှောင်ကြဉ်သင့်တဲ့၊ ဆင်ခြင်ပြီး စားသုံးသင့်တဲ့ အစားအစာတွေ အကြောင်း ပြောပြပြီးသွားပြီဆိုတော့ ဒီတစ်ပတ်မှာတော့ ဆီးချိုဝေဒနာရှင်တွေ ဘယ်လိုအစားအစားတွေစားရင် အကျိုးများမလဲဆိုတာ ပြောပြချင်ပါတယ်။

နံပါတ် တစ် အရေးအကြီးဆုံးအချက်ကတော့ “အာဟာရ မျှတစုံလင်အောင် စားရပါမယ်”။ အာဟာရမျှတအောင် စားရမယ်ဆိုတာ ကာဘိုဟိုက်ဒြိတ်ဓါတ်ပါဝင်တဲ့ ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံတို့အပါအဝင် အခြား ကစီဓါတ်များတဲ့အသီးအနှံတွေ ဖြစ်တဲ့ ပြောင်းဖူး၊ အာလူး ကန်စွန်းဥ၊ နောက်ပြီး ဆန်၊ ဂျုံ၊ ပြောင်းနဲ့ လုပ်ထားတဲ့ မုန့်အမျိုးမျိုး၊ အစားအစာအမျိုးမျိုး၊ အသားဓါတ်ပါဝင်တဲ့ အသား၊ ငါး၊ ဥနှင့် ပဲအမျိုးမျိုး၊ ဗီတာမင်နှင့် သတ္တုဓါတ်တွေကြွယ်ဝစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက် အမျိုးမျိုး၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) တွေ ပါဝင်တဲ့ သစ်သီးဝလံအမျိုးမျိုးတို့ကို ပမာဏ မှန်ကန်စွာ စုံစုံလင်လင် မျှမျှတတ စားသုံးရမယ်လို့ ဆိုလိုပါတယ်။ အလွယ် ပြန်ရှင်းပြရင် ထမင်းရော၊ အသားရော၊ အရွက်ရော၊ အသီးရော အားလုံးကို မျှမျှတတ စုံစုံလင်လင်နဲ့ ပမာဏ မှန်မှန် စားရပါမယ်။ ထမင်းနဲ့ သစ်သီးကတော့ အစားစားပြီးချိန် သကြားဓါတ်ကို အခြားအစားအစာတွေထက် အနည်းငယ် ပိုမိုတက်စေတဲ့အတွက် အဲ့ဒီ့နှစ်မျိုးကို လျှော့စားပြီး အသားနဲ့ ဟင်းသီးဟင်းရွက်ကို ပိုစားနိုင်ပါတယ်။ ထမင်းနဲ့ သစ်သီးကိုလည်း လုံးဝ ရှောင်ကြဉ်ရတာမျိုး မဟုတ်ဘဲ သင့်တင့်တဲ့ပမာဏကို စားသုံးနိုင်ပါတယ်။

နံပါတ် နှစ်မှာ ပြောချင်တာကတော့ နံပါတ် တစ် အချက်မှာ ပါဝင်တဲ့ သင့်တင့်တဲ့ ပမာဏ မှန်ကန်တဲ့ပမာဏဆိုတဲ့အကြောင်းပါ။ အာဟာရစုံလင်အောင် အကုန်စားမယ်ဆိုပြီး စားပါရဲ့ ပမာဏတွေ အများကြီး စားမိရင် မဝသေးရင် ဝလာနိုင်တယ်၊ ဝတဲ့သူတွေ ပိုဝလာနိုင်တယ်၊ နောက်ပိုင်း သွေးတွင်းသကြားဓါတ် ထိန်းညှိမှုကိုလည်း အဟန့်အတား ဖြစ်စေပါတယ်။ တစ်ဦးနဲ့ တစ်ဦး ကျား၊မ၊ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ရောဂါအခြေအနေတို့အလိုက် တစ်နေ့တာ စားသုံးရမယ့် ပမာဏနဲ့အချိုးအစား ကွာခြားတာကြောင့် မိမိ စားသုံးသင့်တဲ့ တစ်နေ့တာ ပမာဏနဲ့အချိုးအစားကို နားလည်တတ်ကျွမ်းတဲ့ အာဟာရဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုလိုပါတယ်။

နံပါတ် သုံး ဆီးချိုဝေဒနာရှင်တွေအတွက် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတဲ့နေရာမှာ insoluble fiber လို့ သွေးထဲမှာ ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်တွေက များစွာ အထောက်အကူ ပြုပါတယ်။ အဲ့ဒီ့ အမျှင်ဓါတ်တွေကို ဆန်ကြမ်း၊ ဂျုံကြမ်းနဲ့ ပဲအမျိုးမျိုးတို့ကနေ ရရနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုဝေဒနာရှင်တွေအနေနဲ့ သန့်စင်ထားတဲ့ ဆန်နုအစား ဆန်လုံးညို၊ ဂျုံအနုနှင့်ပြုလုပ်ထားသော ပေါင်မုန့်များအစား ဂျုံကြမ်းပေါင်မုန့်တို့ကို အစားထိုး စားသုံးပေးနိုင်ရင် နေ့စဉ် ဟင်းပွဲထဲမှာ ပဲတစ်မျိုးမျိုး ထည့်သွင်းစားသုံးပေးနိုင်ရင် အကျိုးများပါတယ်။

နံပါတ် လေး အချက်ကတော့ မပြည့်ဝဆီတစ်မျိုးဖြစ်တဲ့ အိုမီဂါ 3 fatty acid ပါ။ အိုမီဂါ 3 က နှလုံးကျန်းမာရေးကို အများကြီး အထောက်အကူဖြစ်စေလို့ အိုမီဂါ 3 ကြွယ်ဝစွာ ပါဝင်တဲ့ ပင်လယ်ငါးနဲ့တကွ ငါးအမျိုးမျိုး (အထူးသဖြင့် ဗိုက်သား) ကို တစ်ပတ်ကို နှစ်ရက် စားသုံးပေးသင့်ပါတယ်။ ငါးမကြိုက်သူများကတော့ omega 3 ဆေးတောင့်လေးတွေကို ဆရာဝန်နှင့် တိုင်ပင်ပြီး မှီဝဲနိုင်ပါတယ်။

နံပါတ် ငါး ဆီးချိုဝေဒနာရှင်တွေ ဝနေရင် ဝိတ်လျှော့ရပါမယ်။ ဝိတ်ကျလာတဲ့အမျှ ဆီးချိုထိန်းသိမ်းရတာလည်း ပိုလွယ်ကူလာတာကို တွေ့ရပါလိမ့်မယ်။

နံပါတ် ခြောက် ဆီးချိုဝေဒနာရှင်တွေ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်သင့်ပါတယ်။ တစ်ပတ်ကို မိနစ် ၁၅၀ ခန့် လမ်းလျှောက်ပေးခြင်းဖြင့် ရောဂါအခြေအနေ တိုးတက်ကောင်းမွန်လာတာကို တွေ့နိုင်ပါတယ်။ စစချင်းမှာ အချိန်မပေးနိုင်ရင် တစ်ပတ်ကို မိနစ် ၅၀ လောက်ကနေ စကြည့်ပြီး တဖြည်းဖြည်း တိုးယူသွားပါ။ Gym ကို join ဖို့ အခက်အခဲရှိတယ်၊ အပြင်ထွက်လျှောက်ဖို့ အခက်အခဲရှိတယ်ဆိုရင်လည်း မိမိခြံဝန်းအထဲ၊ အိမ်အထဲမှာပဲ လျှောက်လို့ရပါတယ်။

နံပါတ် ခုနစ် ဆီးချိုဝေဒနာရှင်တွေ ဆေးလိပ်ဖြတ်ရပါမယ်။ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကတော့ ရေးစရာမလိုအောင် သိထားပြီးကြပြီဆိုတော့ ကိုယ်ကျန်းမာရေးကို အစွမ်းကုန် စောင့်ရှောက်ချင်သူတွေကတော့ ဆေးလိပ်ဖြတ်ရပါမယ်။

နောက်ဆုံးအနေနဲ့ မိမိပြသနေတဲ့ ဆီးချိုရောဂါကု သမားတော်နဲ့ ရက်ချိန်းမှန်မှန်ပြ၊ သောက်ရမယ့်ဆေးတွေကို ပမာဏမှန်၊ အချိန်မှန်၊ နည်းလမ်းမှန်သောက်၊ မဝအောင်နေ၊ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုအတွက် အာဟာရဆရာဝန်နဲ့တိုင်ပင်၊ စိတ်ဖိစီးတွေကိုလည်း လျှော့ချနိုင်ဖို့ ကြိုးစားပြီး ဆီးချိုဝေဒနာရှင်များ သက်ရှည်ကျန်းမာကြပါစေရှင်။

Dr Honey Su Naing
M.B.,B.S (Mdy)
M.Sc Nutrition & Dietetic (UK)

Related posts
အထွေထွေရောဂါများအရေပြားရောဂါများ

သဲဝဲစားခြင်း ဆိုတာ

1 Mins read
သဲဝဲစားခြင်း ကို ခြေထောက်ပွေးစွဲခြင်းလို့လည်းခေါ်ပါတယ်။ ‌ခြေခုံ၊ခြေချောင်းကြားတွေမှာအများဆုံးဖြစ်တတ်တဲ့ အရေပြားမှိုစွဲခြင်းရောဂါတစ်မျိုးပါ။ သဲဝဲစားခြင်းဟာ ကူးစက်တတ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး ပူနွေးပြီးစိုထိုင်းဆမြင့်တဲ့ အများသုံးရေကူးကန်၊ ရေချိုးခန်း နှင့် လော်ကာခန်းများမှာ ခြေဗလာသွားမိရင်တောင်ကူးစက်တတ်ပါတယ်။ သဲဝဲစားနေကြောင်းသိနိုင်တဲ့အချက်တွေကတော့… (၁)ခြေချောင်းလေးများကြား ယားခြင်း၊ တဆစ်ဆစ်ကိုက်ခြင်း နှင့် ပူစပ်ပူလောင်ဖြစ်ခြင်း (၂)ခြေ‌ဖဝါး၊ ခြေချောင်းလေးများကြား…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အသဲကွဲခြင်း ရဲ့ ကျန်းမာရေးဆိုးကျိုးများ

1 Mins read
အသဲကွဲခြင်း ကြုံရတဲ့အခါ ကမ္ဘာကြီးအဆုံးသတ်သွားသလို ခံစားချက်မျိုး ခံစားရတယ်ဆိုတာကို အသဲကွဲဖူးသူတိုင်း သိကြ ပါတယ်။ အသဲကွဲလို့ ခံစားရတဲ့ နာကျင်မှုဟာ ဖော်မပြနိုင်လောက်အောင် မချိမဆံ့ခံရတဲ့ဝေဒနာဖြစ်ပြီး ဘယ်အရာ ကိုမှ အာရုံစူးစိုက်လို့မရနိုင်တော့လောက်တဲ့ထိကို ခံစားရတတ်ကြပါတယ်။ လမ်းခွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်ခြင်းများကို တွေ့ကြုံခံစားရခြင်းဟာ ခန္ဓာကိုယ်ကိုပါ…
စိတ်ကျန်းမာရေးဖိုးဖိုးဖွားဖွား ကျန်းမာရေးအထွေထွေရောဂါများ

သူငယ်ပြန်ခြင်း (သို့) အယ်လ်ဇိုင်းမားရောဂါ ( Alzymer's Diseases )

1 Mins read
အရပ်အခေါ်အရ သူငယ်ပြန်ခြင်း ရောဂါလို့လူသိများတဲ့ အယ်လ်ဇိုင်းမားရောဂါဆိုတာ… ပြင်းထန်တဲ့အာရုံကြောဆိုင်ရာရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုထိခိုက်စေပါတယ်။ အယ်လ်ဇိုင်းမားရောဂါဟာ သူငယ်ပြန်ခြင်း ကိုဖြစ်စေတဲ့ ရောဂါအမျိုးအစားတွေထဲက အဖြစ်အများဆုံးအကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါဟာ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ အတွေးအခေါ်၊အမူအကျင့်နှင့် အသိအမြင်ဆိုင်ရာလုပ်ဆောင်ချက်များကိုယို့ယွင်းခြင်းကိုဖြစ်စေတဲ့ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းများကို အတိအကျရှာဖွေတွေ့ရှိမှုမရှိသေးသော်လည်း ၊ မျိုးရိုးဗီဇ ၊…

Leave a Reply

Your email address will not be published. Required fields are marked *