ကပ်ရောဂါမကူးစက်ဖို့ လူစုလူဝေးတွေကိုဘာလို့ရှောင်ရှားခိုင်းတာလဲ ?
ကမ္ဘာတစ်ဝှမ်းမှာ လူတွေဖိန့်ဖိန့်တုန်အောင်ကြောက်နေကြတဲ့ Covid-19 ကူးစက်ရောဂါပိုးဟာ မြန်မာနိုင်ငံကိုပြန့်နှံ့ကူးစက်လာခဲ့တာ အခုဆိုရင် လပေါင်းအတော်ကြာမြင့်နေပြီပဲဖြစ်ပါတယ်။ မကြာသေးခင်အထိ Covid-19 ရဲ့ဗီဇဟာ D614 အနေနဲ့ပဲရှိနေပြီး လတ်တလောမကြာခင်ကမှ ဗီဇအသစ် G614 ဆိုပြီး ပြောင်းလဲသွားခဲ့ပါတယ်။ G614 သာ D614 ထက်ကူးစက်နှုန်း ၁၀ ဆလောက်ပိုမိုမြင့်မားပါတယ်။ ရောဂါလက္ခဏာတွေကတော့ D ရော G ရော တူတူပါပဲ။ ဒါ့ကြောင့် ဗီဇအသစ်ပြောင်းလဲသွားပေမယ့်လည်း D ကိုစမ်းသပ်စစ်ဆေးကုသတဲ့အတိုင်း ကုသမှုပြုလုပ်ပေးလို့ရပါတယ်။ ဒီလို ဗီဇအသစ်ပြောင်းလဲလာတာတွေဟာ မြန်မာနိုင်ငံမှာသာမက India နဲ့ တခြားနိုင်ငံတစ်ချို့မှာပါ တွေ့ရှိနေရပါပြီ။ ထို့အပြင် ဗီဇအသစ်ပြောင်းလဲပြီးနောက် မြန်မာနိုင်ငံမှာ Covid-19 ကူးစက်နှုန်းဟာ ယခင်ကထက်များစွာ ပိုမိုမြင့်မားလာတာတွေ့ရပါတယ်။
ဒီလို အရှိန်မသေသေးတဲ့ Corona virus (ခေါ်) Covid-19 ရောဂါပိုးကို ရင်ဆိုင်နိုင်ဖို့ဆိုတာ ကိုယ်ခံအားကောင်းမွန်နေမှရမှာပါ။ ဒါ့ကြောင့် ကိုယ်ခံအားကောင်းမွန်အောင် နေထိုင်စားသောက်ခြင်းဟာအရေးကြီးပါတယ်။ ထို့ပြင် Covid-19 ရောဂါပိုးဟာ လေထဲကနေတစ်ဆင့်ကူးစက်ပြန့်ပွားတတ်တဲ့ရောဂါပါ။ ရောဂါပိုးရှိသူကနေ ချောင်းဆိုးလိုက်တဲ့အခါ၊ နှာချေလိုက်တဲ့အခါ ထိုရောဂါပိုးပါဝင်တဲ့လေကိုရှူရှိုက်မိရာကနေကူးစက်နိုင်ပါတယ်။ဒါ့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက လူစုလူဝေးကိုတတ်နိုင်သမျှရှောင်ရှားခိုင်းတာပဲဖြစ်ပါတယ်။ရောဂါပိုးရှိသူနဲ့ ၁ မီတာအတွင်း ထိတွေ့ဆက်ဆံပြီးရင် ကူးစက်နိုင်ချေများတဲ့အတွက် Social distancing လို့ခေါ်တဲ့ လူတစ်ဥိးနဲ့တစ်ဦး ၆ ပေ အကွာမှာနေဖို့ဆိုတာအရမ်းအရေးကြီးလာပါတယ်။ ပြီးရင် ပိုးမကူးစက်နိုင်အောင် Mask မဖြစ်မနေတပ်ဆင်ဖို့လည်းလိုလာပါတယ်။
ထို့ပြင် ရောဂါပိုးရှိသူဆီကနေ ထွက်ရှိထားတဲ့ secretions တွေကတစ်ဆင့် ကူးစက်တတ်ပါသေးတယ်။ ဒါ့ကြောင့် Bus ကားစီးတဲ့အခါပဲဖြစ်ဖြစ်၊ ပစ္စည်းတစ်ခုခုကိုထိတွေ့ကိုင်တွယ်ပြီးတဲ့အခါမှာပဲဖြစ်ဖြစ် လက်ကိုဆပ်ပြာနဲ့သေချာဆေးကြောဖို့များစွာအရေးကြီးပါတယ်။ ယခုဆိုရင် အရှေ့လတွေက case တွေသိပ်မတွေ့တော့ဘူးဆိုတဲ့ Covid-19 ဟာ ဗီဇအသစ်ပြောင်းလဲပြီး ကူးစက်နှုန်းမြန်လာလို့ တချို့ လူစုလူဝေးဖြစ်နိုင်တဲ့နေရာတွေကိုပိတ်နေကြရပါပြီ။ Local transmission လို့ခေါ်တဲ့ ပြည်တွင်းကူးစက်မှုတွေလည်းများပြားလာပါတယ်။ ဒါ့ကြောင့် အားလုံးအနေနဲ့ မိမိကိုယ်ကို ဖျားနာတာ၊ ချောင်းဆိုးတာ၊ ဝမ်းသွားတာ၊အန်တာ၊အနံ့အရသာမရတာ၊ကိုယ်လက်ကိုက်ခဲတာ၊နုံးတာ၊စိတ်အခြေအနေမမှန်တာ စတဲ့လက္ခဏာတွေရှိလာပြီဆိုရင် ဖျားနာကုဆေးခန်းကိုသွားပြီးစစ်ဆေးကုသမှုခံယူဖို့ လက်မနှေးကြဖို့တိုက်တွန်းချင်ပါတယ်။ ထို့ပြင် မိမိပတ်ဝန်းကျင်မှာ Covid-19 သံသယလူနာရှိနေပါက၊ နိုင်ငံခြားမှပြန်လာပြီး Quarantine မဝင်သူရှိနေပါက၊ ရောဂါပိုးရှိသူနှင့်ထိတွေ့ဆက်ဆံထားသူရှိနေပါက အချိန်မှီသတင်းပေးကြရန်လိုအပ်ပါသည်။
ဒေါက်တာသွန်းထည်ဝါ (ဆေး ၂)