ချစ်စရာလေးတဲ့။
ဒီနေ့ ဒေါက်တိုမလေး မိချိုတစ်ယောက် အဖွားရှိရာ ရွာကလေးဆီသို့ တစ်ခေါက်တစ်ခါ အရောက်လာခဲ့ပေသည်။ ရွာအဝင်ဝ သစ်ပင်ကြီးတွေက ရင်ကိုအမှန်တကယ်အေးချမ်းစေတာကတော့ အမှန်ပင်။ ရွာအဝင်မှကျော်လာခဲ့၍ အဖွားအိမ်ရှိရာကို တာလမ်းမကြီးပေါ်မှ လျှောက်လာရင်း တာတစ်ဖက် လယ်ကွင်းများကြား ဆော့ကစားနေသောကလေးများကို ကြည့်ရင်း ပြန်နုပျိုသွားသလိုပင် ခံစားရ၏။
“ဖွားဖွားရေ။ ဖွားဖွား။ တီတီကြီး၊ တီတီလေး၊ မပုံ့။ ဘယ်သူမှမရှိကြဘူးလား ဝေ့။ “
တစ်ကြော်ကြော်အော်ရင်း ဆရာဝန်မလေးဆိုရင် နူးညံ့ပျော့ပျောင်းချိုသာသော အသံရှိမှာပဲဆိုတဲ့ လူအချို့ရဲ့မှတ်ချက်အသံတွေကို စဉ်းစားမိရင်း ရယ်မိသွားသည်။
“ဟယ်။ ချိုချို လာတယ်ဟဲ့။ အကြောင်းမကြား ဘာမကြားနဲ့။ အကြောင်းကြားရင် လာခေါ်မှာပေါ့။ “
“ဟီး။ ဒီလိုပဲ။ စပရိုက်လေ။” ပြောရင်း ပါလာသမျှအထုပ်တွေကို ခုံပေါ်ပစ်ချ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
“ငါ့တူမလေးလည်း အခုမှပဲပေါ်တော်မူတော့တယ်။ ဆရာဝန်ဖြစ်ပြီဆိုတော့ အထာတွေကိုင်နေတယ်ပေါ့။ “
“အောင်မလေး တီတီကြီးရယ်။ သမီးလား၊ အထာကိုင်မှာ။ အားတာနဲ့ တန်းလာတာ၊ စိတ်ကတော့ အမြဲရောက်တာပေါ့။ “
“ညည်းဖွားဖွားက အိမ်ပေါ်မှာ။ သွားပြီး ကန်တော့လိုက်ဦး။ “
“ဟုတ်” ဟုပြောရင်း ဖွားဖွားဆီသွားကန်တော့၊ ခဏနား၊ ရေချိုးပြီး စကားပြောကြသည်ဆိုပါတော့။ အဲဒီမှာ တွေ့တော့တာပါပဲ။ ကိုယ့်ဦးလေးတစ်ယောက်မှာ ၁၀နှစ်သား ချစ်စရာကလေးတစ်ယောက်ရှိတော့ သူ့အကြောင်း မပါမဖြစ်ပေါ့။ ဒီမောင်လေး ဉာဏ်ကောင်းကြောင်း၊ စာတော်ကြောင်းပြောရင်းက “ညည်းမောင်လေးတောင် အခု မျက်နှာလေးပြည့်လာတယ်။ အစားကောင်းကောင်းစားပုံရတယ်၊ ပိုချစ်ဖို့ကောင်းလာတယ်” တဲ့။
အွန်။ ဟုတ်မှာပေါ့၊ စားလည်းစား၊ ကစားလည်းကစား ဆိုတော့ ဝတာကကောင်းတာပေါ့ တွေးနေရင်း နောက်ဆက်ပြောလိုက်တဲ့ စကားကြောင့် မောင်လေးကို ပြေးကြည့်မိပါတော့တယ်။ “မျက်လုံးလေးတွေလည်း မို့မို့လေး” တဲ့လေ။
ပြေးကြည့်လိုက်တော့ ကိုယ်ထင်တာမှန်ပြီပေါ့။ မျက်လုံးမို့မို့ ပါးဖောင်းဖောင်း ခြေထောက်လေးတွေပါ ခပ်ဖောဖောလေးဖြစ်နေပါပေါ့လား။ အောင်မလေးဟဲ့ ခြေထောက်တော်မှာလည်း အနာထပိတ်သူဠေး လက္ခဏာတွေ တွေ့လိုက်တော့ပိုသေချာသွားပြီပေါ့။
“အန်တီရေ။ ကလေးဆီးသွားတာနည်းသွားသေးလား၊ ဘာအရောင်လဲ။ “
“ဆီးအရောင်ကတော့ အရောင်ရင့်တယ်၊ ဆီးသွားလည်းနည်းတော့ ရေသောက်နည်းတယ်ထင်လို့ ရေများများတိုက်နေတယ်။ “
“အောင်မလေး။ သေတော့မှာပဲ။ ကလေးက ကျောက်ကပ်ရောင်နေတာ။ မျက်လုံးမို့မို့ ညအိပ်ပြီးရင် ထလာရင် အဖောင်းဆုံးဖြစ်မယ်။ မျက်နှာအန်းလာတယ်၊ ခြေထောက်တွေ ဖောတယ်၊ ပြီးတော့ ဆီးအရောင်က လက်ဖက်ရည်ကြမ်းအရောင်လိုရင့်တယ်၊ ဆီးသွားနည်းသွားတယ်ဆိုတာ ကျောက်ကပ်ရောင်နေတဲ့လက္ခဏာတွေ အန်တီရဲ့။ ပြီးတော့ ကလေးခြေထောက်မှာ ရှိခဲ့တဲ့အနာတွေကနေ ပိုးဝင်ပြီး အဲ့ပိုးက ကျောက်ကပ်ရောင်စေတယ်။ တစ်ခါတစ်ရံ လွန်ခဲ့တဲ့ ၂ ပတ်လောက်က လည်ချောင်းနာဖြစ်ဖူးရင်လည်း ကျောက်ကပ်ရောင်တာဖြစ်တတ်တယ်။”
အဲ့တော့မှ ကလေးအမေခဗျာ ပြာပြာလဲလဲ ဖြစ်သွားပါတော့တယ်။ “ဒါဆို ဘာလုပ်ရမှာလဲ။ လုပ်ပါဦး”
“ဒီလို ကျောက်ကပ်ရောင်တာက သွေးတိုးတက်တယ်။ နှလုံးထိခိုက်တတ်တယ်။ ဒါကြောင့် ဆေးရုံသွားပြီး သေချာပိုးသတ်ဆေးနှင့် ကုရမှာ။ ဦးလေးပြန်လာတာနဲ့ ဆေးရုံသွားကြမယ်။ ပြင်ထား”ဟု ပြောရင်း ကိုယ်ပါ အထုပ်မဖြေရသေးခင် မြို့ကို ပြန်ရောက်ကိန်းဆိုက်လေတော့သတည်း။
ရီချို(ဆေး ၁)