စိတ်ပူပန်သောကလွန်ကဲခြင်းပြဿနာနှင့် ပြန်ပြင်မရသော ဒဏ်ရာဟောင်းများ
အခက်အခဲတွေ၊ ဖိစီးမှုတွေ၊ အတားအဆီးတွေနဲ့ ကြုံတဲ့အခါမှာ စိတ်ပူပန်ကြတာ၊ စိုးရိမ်ကြတာဟာ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ။ လူတိုင်းစိတ်ပူတတ်ကြပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်လွန်ခြင်း ရောဂါ (anxiety disorder) ကတော့ သာမန်စိတ်ပူပန်ခြင်းမဟုတ်ပဲ သင့်ရဲ့ ဘဝ လူမှုနေထိုင်မှုပုံစံကိုပါ ထိခိုက် စေလာနိုင်တဲ့ အရာမျိုးဖြစ်ပါတယ်။ သူရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) စိတ်ပူပန်လွန်ခြင်း (excessive worrying)
ဥပမာ (၁) ကိုယ့်ကို ငတုံးလို့ ထင်မှာစိုးရိမ်ပြီး ဆရာမပေးလိုက်တဲ့ သာမန်အိမ်စာကို အမှားမပါအောင် အခေါက်ခေါက်အခါခါ ညမအိပ်ပဲ အချိန်ကြာမြင့်စွာ ပြန်စစ်နေခြင်း
(၂) အကြောင်းမရှိပဲ အိမ်ကို သူခိုးဝင်မှာ၊ လူစိမ်းကပ်မှာ စိုးရိမ်ပြီး အိပ်ရေးပျက်ခံကာ တံခါးပေါက်များအား ခဏခဏ စစ်ဆေးခြင်း
(၃) မိုးလေးနည်းနည်းချုပ်ချိန် လူစည်ကားနေပါလျက်နဲ့ မိမိဘေးနှင့်သာမန်ဘေး ချင်းယှဉ်လျက်ဖြစ်ဖြစ်၊ အနောက်မှ ဖြစ်ဖြစ် ပုံမှန် လမ်းလျှောက်နေသူအား မိမိနောက်လိုက်နေပါသည်ဟု ထင်မှတ်ခြင်း စတဲ့ ပုံစံမျိုးတွေဟာ Anxiety disorder ရောဂါထဲမှာ တွေ့ရအများဆုံး လက္ခဏာတွေ ဖြစ်ပါတယ်။
(၂) စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း
သာမန်လူတစ်ယောက်မှာလဲ အရမ်း စိတ်ပူပန်စိုးရိမ်လာပြီဆိုရင် နှလုံးခုန်မြန်လာခြင်း၊ ခြေဖဝါး၊ လက်ဖဝါးတို့တွင် ချွေးပြန်လာခြင်း၊ အာခေါင်ခြောက်ခြင်းတို့ ဖြစ်တတ်ပေမယ့် စိုးရိမ်ပူပန်လွန်ရောဂါရှိတဲ့ သူတွေမှာဆိုရင်တော့ ၆လအတွင်း ရက်တော်တေ်ာများများမှာ အဆိုပါ လက္ခဏာတွေ ခံစားနေရမှာ ဖြစ်ပါတယ်။ ကတုန်ကယင်ဖြစ်လာပြီ (restless) ဆိုရင်တော့ ရောဂါအတွက် သတိပြုရမယ့် အခြေအနေဆိုတာ သိသင့်ပါတယ်။
(၃) ပင်ပန်းနွမ်းနယ်နေခြင်း
စိုးရိမ်ပူပန်လွန်ခြင်းဟာ ပုံမှန်ထက် မလိုအပ်ပဲ ပိုမိုတက်ကြွခြင်း (overactive) ကိုဖြစ်စေတဲ့အပြင် ညအိပ်မပျော်ခြင်း (insomnia) ကိုဖြစ်စေတာမို့လို့ ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေပါတယ်။ (ဥပမာ ညနေ ၆ နာရီ ပြန်လာနေကျ လူတယောက်အတွက် ၆ နာရီအိမ်ပြန်မရောက်လျှင်ပင် ပူပန်လွန်ပြီး ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခြင်း)
(၄) အရာရာကိုကြောက်ရွံလာခြင်း၊ အာရုံစိုက်ရန်ခက်ခဲခြင်း
လူတွေနဲ့ စကားပြောရမှာကြောက်လာခြင်း၊ အိမ်မွေး တိရစ္ဆာန်တွေကိုပင် ကြောက်လာခြင်း၊ အလုပ်မှာအာရုံစူးစိုက်ရန် ခက်ခဲလာခြင်း၊ ပတ်ဝန်းကျင်က မိမိအားအပြစ်မြင်နေပြီလို့ ထင်နေခြင်း၊ စိတ်အလျင်စောမှုကြောင့် အလုပ်များအမှားများခြင်း စတဲ့ လက္ခဏာတွေကို ဆက်ပြီးဖြစ်လာနိုင်ပါတယ်။
(၅) Panic attack
ဒါကတော့ anxiety disorder ကို မကုပဲထားမယ်ဆိုရင် ဖြစ်လာနို်င်တဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ တစ်စုံတရာကို အစိုးရိမ်လွန်မှုကြောင့် ဖြစ်ပြီး ရင်တုန်လာခြင်း၊ ချွေးပြန်လာခြင်း၊ ရင်ဘတ်စူးအောင့်လာခြင်း၊ နှလုံးအမောဖောက်ခြင်း (heart attack)၊ နှလုံးရောဂါအခံရှိသူများ ရုတ်တရက် နှလုံးရပ် သေဆုံးခြင်း စသည်အထိ ပြင်းထန်နိုင်ပါတယ်။
စိုးရိမ်ပူပန်လွန်ရောဂါ (anxiety disorder) ဘယ်လို လျော့ချရမလဲ။
(၁) အာဟာရပြည့်ဝစွာ စားသုံးပါ။ အထူးသဖြင့် အချဉ်ဖောက်ထားသော အစားအစာများ (ဥပမာ ဒိန်ချဉ်၊ဒိန်ခဲ) စသည်တို့ဟာ probiotic များပါဝင်တဲ့ အပြင် စိတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
(၂) ကဖင်းဓာတ်ပါသော အစားအစာများ (ကော်ဖီ၊ လက်ဖက်ရည်) ကို ရှောင်ရှားပါ။
(၃) Anxiety disorder ရောဂါက အရက်သောက်ခြင်းနဲ့ အလွန်ဆက်စပ်နေတာဖြစ်လို့ အရက်သောက်ခြင်း ကို သတိပြုရှောင်ရှားသင့်ပါတယ။်
(၄) ဆေးလိပ်သောက်ခြင်းကို အဓိကရှောင်ရှားသင့်ပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ ယောဂ ကစားခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းများသည် စိတ်ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။
(၅) ဆရာဝန်မှ ညွှန်ကြားသော ဆေးဝါးများကို အတိအကျ သောက်သုံးသင့်ပါတယ်။
လူတိုင်းလူတိုင်း စိုးရိမ်ပူပန်မှုမှ ကင်းဝေးကြပါစေ….
Dr.Zaw Htet Aung
( I am your doctor)