အရိုးတွေနာလို့ ဆိုသော ပြဿနာ….
ယနေ့ ကြာသပတေးနေ့ ပရဟိတဆေးခန်း ထိုင်ရမည်။ ဆရာမ ဒေါ်ယမင်း ခြေလှမ်းတွေ သွက်လက်လို့ ပရဟိတဆေးခန်းဆိုတော့ လာတဲ့လူနာတွေက သက်ကြီးပိုင်းတွေချည်းပဲလေ အဲသည်တော့ လာသမျှ ဒူးနာ၊ ခါးနာ၊ အဆစ်အမြစ်နာ။
ဆရာမ ဒေါ်ယမင်း ရှင်းပြရတာ အာပေါက်မတတ် သူတို့ပြောတာလေး နားထောင်ကြည့်ကြရအောင်လား
အမေကြီး။ ။ဆရာမရယ်၊ ခါးနာတယ်၊ ဒူးနာတယ်
အဘကြီး။ ။ဆရာမရယ်၊ ပခုံးဆစ်က နာတယ်
အမေကြီး အဘကြီးတွေက အသက် ၆၀ကျော် ၇၀တန်းတွေပါ သြော် အမေကြီးရယ် အိမ်မှာ ဘာလုပ်လဲ ဘာမှ မလုပ်ဘူး ဘာမှ မလုပ်ဘူးဆိုတာ အိမ်အလုပ်တော့ လုပ်ရတယ် မလား
ဒါတော့ ဆရာမရယ်၊ တစ်ယောက်တည်းနေတာကိုး
အိမ်အလုပ်က ပိုတောင်ပင်ပန်းသေတယ် အမေကြီးရဲ့ အဘကရော
အဘကတော့ ဈေးဝယ်ပေးရတယ်၊ အိမ်မှာ ပြီးရင် ၆လွှာတက်ရတယ်
နေ့တိုင်းလား
၃ရက်ခြားလောက်
အဘရဲ့နာတဲ့ လက်က ဈေးခြင်းဆွဲတဲ့လက်လား
သြော် ဟုတ်တယ် ဟုတ်တယ်
ဈေးခြင်းက လေးလား
လူ ၄ ၅ယောက်စာ ၃ရက်မှ တစ်ခါဝယ်တော့ နည်းနည်းတော့ လေးတာပေါ့ ဆရာမရယ်
အဲဒါတွေကြောင့် အဘရေ့
နားထောင်နော် ဆရာမပြောတာ
အမေကြီးရော အဘကြီးရော
အမေကြီးတို့ အခုဖြစ်နေတာတွေက အသက်ကြီးလို့ သိလား
အသက်ငယ်အောင်တော့ ဆရာမ ဘာမှ ပြန်လုပ်ပေးလို့ မရဘူး အမေကြီးရဲ့
အဲဒီတော့ အကြောင်းရင်းကို ဖယ်လို့မရရင် ဆရာမတို့ လုပ်လို့ရတာတွေ ပြောပြမယ်
နံပါတ် ၁ အရေးကြီးဆုံးက အနေအထိုင်
*ခါးနာနေတယ် မလား၊ လုံးဝ အောက်မထိုင်ရဘူး။ လုံးဝ ခါးကုန်းပြိး ပစ္စည်းကောက်တာ မလုပ်ရဘူး။ တစ်နာရီထက် ပိုထိုင်ရရင် ခါးလေးဘာလေးဆန့်ပေးနော်။ တရားထိုင်ချင်ရင် ကုတင်ပေါ်မှာထိုင်။ အောက်က ကုန်းထတာ မလိုချင်လို့၊ ကြာရင် လက်ဆစ်ပါ နာတယ်ဖြစ်လာမယ်။ ဒူးလည်း နာလာမယ်။ အလေး မ မရဘူး။ ကလေးမချီရဘူး။ ငရုတ်ဆုံ မ မရဘူး။ တစ်ခါတည်း မှာရတယ်။ အမေတို့ကို ကြောက်လို့။
*ဒူးနာတာ လှေကားတက်ရင်ဖြည်းဖြည်းတက်ပါ။ ထိုင်ရင် ခုံပေါ်မှာ နောက်ဆုတ်ထိုင်၊ မြေးတွေကို ပေါင်ပေါ်တင်မယ်ဆို ဒူးပေါ် မတင်နဲ့၊ ပေါင်ပေါ် ရောက်အောင်တင်။ ခဏခဏ ဆောင့်ကြောင့် မထိုင်ရစေနဲ့၊ အကြာကြီး ဆောင့်ကြောင့်မထိုင်ရပါစေနဲ့၊ အဲဒီတော့ ဝမ်းမချုပ်ဖို့ လိုတယ်။
*ပခုံးဆစ်နာတဲ့ အဘကတော့ ဈေးခြင်းဆွဲလို့ပါ။ ဒီတော့ ဒူးမှမနာတာ၊ ၂ရက်တစ်ခါ ဈေးဝယ်ပါ။ အလေးကြိ မဆွဲစေချင်ဘူး။ ဒီဘက်ကနာလို့ တစ်ခါ ဟိုဘက်ပြောင်းဆွဲတော့ ဟိုဘက်ပါနာမယ်။ သေချာတယ်။ ကလေးမချီရဘူး။ အဘ လိုင်းကားမစီးပါနဲ့ဦး။ တန်းကိုင်ရရင်လည်း နာတယ်
နံပါတ် ၂ အရေးကြီးတာတော့ လေ့ကျင့်ခန်း
လေ့ကျင့်ခန်းဆိုလို့ အေရိုးဗစ် လုပ်ခိုင်းတာ မဟုတ်ဘူးနော်။ ဒီအသက်နဲ့ ခုန်ပေါက်နေလို့ ချော်ကျရင် ပေါင်ရိုးကျိုးကုန်မယ်။ ဆရာမပြောတာ အိမ်ရှေ့နဲ့ အိမ်နောက်ဖေး လမ်းလျှောက်တာတို့။ ခါးအတွက်က ခါးလှည့်တာ ၅ခါလောက်၊ ဒူးအတွက်က အားရင် ဒူးကွေး၊ ဒူးဆန့်၊ ခြေဖျားခတ်တာလေး လုပ်ပေးတာတို့၊ လက်မောင်းက နိုင်သလောက်မြှောက်လိုက်ချလိုက်လေး လုပ်ပေးတာတို့ပါနော်
ရတယ်မလား
ရပါတယ် ဆရာမလေးရယ်
နံပါတ် ၃က အပူ
သူ့ကို အထင်မသေးပါနဲ့နော်။ နှိပ်တာ ဆရာမ သဘောမကျဘူး၊ မကောင်းလို့ မဟုတ်ဘူး၊ မနှိပ်တတ်ပဲ နှိပ်ရင် ပိုဆိုးကုန်မယ်၊ အခုက အကြောမကောင်းတာမှ မဟုတ်တာ၊ အရိုးတွေနာတာ၊ နှိပ်တော့ရာ ဘာထူးမလဲ ဒါကြောင့် ရေနွေးအိတ် ကပ်လို့ရတယ်။ ကြပ်ပူတိုက်လို့ရတယ်။ ဆေးပူလိမ်းလို့ရတယ် နော်။
နံပါတ် ၄ မှ ဆေးကစတာ
အကိုက်အခဲပျောက် လိမ်းဆေးတွေ လိမ်းမယ်၊ အခု ဆရာမက အကိုက်အခဲပျောက်ဆေးပါတဲ့ လိမ်းဆေး ပေးလိုက်မယ် ဆေးပလာစတာလည်း ကပ်လို့ရတယ်၊ ကောင်းတယ် ဆေးတစ်လှည့်လိမ်း၊ ပလာစတာတစ်လှည့်ကပ်ဆို ပလာစတာ မလောင်တော့ဘူး ဆေးကလည်း ပရုတ်အေးပါတဲ့ အကိုက်အခဲပျောက်ဆေးတောင် ရှိသေး ချက်ချင်းတော့ သက်သာမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဆေးမသောက်ချင်ပါနဲ့၊ ဆရာမ အားမပေးဘူး၊ ဆေးသောက်ရတာ နောက်ဆုံးအဆင့်ပါ။ အရမ်းနာရင်တော့ ဆေးထိုးပေးတယ်၊ ဒါလည်း နှစ်ရက်တစ်ခါတွေ ထိုးနေတာမျိုး သဘောမကျဘူး။
အမေတို့ အဘတို့ ရောဂါက အသက်ကြီးလို့ ဖြစ်တာလေ၊ ငယ်အာင်လုပ်လို့မှ မရတော့တာ။ အကိုက်အခဲပျောက်ဆေးတွေ ဆိုတာက လနဲ့ချီသောက်ရင် ထိုးရင် အစာအိမ်နာမယ်၊ ကျောက်ကပ်ထိမယ်။ ဒါကြောင့် နောက်ဆုံး မသက်သာမှ တစ်ပတ်နှစ်ပတ်ပေးလိုက်၊ ပြန်ဖြုတ်လိုက် လုပ်ရတာ အမေတို့ အဘတို့ရေ နားလည်လားဟင်
သြော် ဆရာမလေးရယ် ကျေးဇူးတင်လိုက်တာ
အမေတို့က ဆေးတောင်းနေတာပဲ သိတာ၊ မပေးရင် ဆရာ ဆရာမတွေကို စိတ်ကွက်မိတယ် ခုလို သိရတာ ကျေးဇူးတင်ပါတယ် သာဓု သာဓု သာဓုပါတော်
အဘလည်း ကျေးဇူးတင်ပါတယ် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဗျာ
ပေးသောဆုနှင့် ပြည့်ရပါလို၏ ဟု ဆုတောင်းလျက်ကျန်ခဲ့သော ဆရာမယမင်းတစ်ယောက် ရေမသောက်ရပဲ အမောပြေနေပါတော့သတည်း။
ဒေါက်တာယမင်း (ဆေး ၁)