အစာအိမ်ရောဂါရှိသူ ဥပုဒ်စောင့်သောအခါ
အခုဆိုသင်္ကြန်နားနီးလာပြီမို့ သင်္ကြန်တွင်းတရားစခန်းဝင်မယ့် လူတွေ၊ ဥပုဒ်စောင့်မယ့်လူတွေလည်း ရှိနေမှာပါ။
ဥပုဒ်စောင့်တဲ့အ ခါ အခြားစောင့်ထိန်းရတဲ့ ကျင့်ဝတ်တွေလည်းရှိသလို ညနေစာမစားရ ဆိုတဲ့ စောင့်ထိန်းဖို့လေးလည်းရှိပါသေးတယ်။
ဒါဟာကျန်းမာရေးကောင်းသူ တွေအတွက် ထည့်သွင်းစဉ်းစားစရာမလို ပေမယ့် အစာအိမ်ရောဂါအခံရှိသူတွေ၊ အစာအိမ်အနာဖြစ်ဖူးသူတွေအတွက်တော့ အလေးအနက်စဉ်းစားရမယ့် ကိစ္စဖြစ်လာပါတယ်။
အစာအိမ်ရောဂါရှိသူအများစုဟာ အစားမှားတာ၊ အစားစားချိန်ကျော်တာ တောင်မှအစာအိမ်ပြန်အောင့်တာ၊ ရင်ညွန့်မှာစူးပြီးနာတာတွေဖြစ်တတ် ကြပါတယ်။
ဒါဆိုအစာအိမ်ရောဂါရှိသူ ဥပုဒ်စောင့်လို့ရပါသလား?
အရင်ဦးဆုံးရောဂါ ဘယ်လောက်ပြင်းထန်လဲသိဖို့လိုပါတယ်။ အစာအိမ်ရောဂါဟာ ရံဖန်ရံခါ နာခြင်းအောင့်ခြင်းမျိုးမဟုတ်ဘဲ ဆေးကိုလနဲ့ချီသောက်ထားရတယ်။ အစာအိမ်မှန်ပြောင်းကြည့်ထားလို့ အစာအိမ်အနာရှိတယ်ဆိုတဲ့ တိကျတဲ့အဖြေထွက်ထားရင် ဥပုဒ်စောင့်ဖို့( ညစာ မစားဘဲနေဖို့) ခက်ခဲပါလိမ့်မယ်။
ဆေးပုံမှန်သောက်နေမယ်ဆိုရင်တောင် မစားရတဲ့အချိန်မှာအစာအိမ်အစာခြေရည် အက်ဆစ်ဓာတ်က ထွက်နေပြီး အစာအိမ်ကို ပိုနာကျင်စေပါတယ်။ ဒါ့အပြင် ဗိုက်ဆာလို့ ပိုစားလိုက်တဲ့အချိန်မှာ အစာအိမ်အတွက် ဝန်ထုပ်ဝန်ပိုး ပိုလုပ်လိုက်ရသလို ဖြစ်သွား စေပါတယ်။ ဒါကြောင့် ရောဂါပြင်းထန်သူတွေအဖို့ ထမင်းစားချိန်ဘာမှ မစားဘဲနေတာကတော့ ရောဂါပိုဆိုးလာစေနိုင်ပါတယ်။
တကယ်လို့ အစာအိမ်ရောဂါဟာ တစ်ခါတစ်ရံ လေပူထခြင်းမျိုး၊ အစာမကြေခြင်းမျိုး လောက်ပဲ ဆိုရင်တော့ ထမင်းစားချိန်မစားဘဲနေရခြင်းဟာ ထူးခြားပြောင်းလဲစေတာမျိုး သိပ်မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် မိမိဟာ ဗိုက်အောင့်တက်သူဖြစ်ပါက လေဆေးလို့ခေါ်တဲ့ ( Antacid) ကို မဖြစ်မနေဆောင်သွားပါ။
ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်သောက်နေကြဆေးကို ယူသွားမယ်။ မိမိရောဂါကုနေကြ ဆရာဝန်နဲ့တိုင်ပင်သွားမယ်ဆိုရင်တော့ အကောင်းဆုံးပါ လို့သာအကြံပေးခြင်ပါတယ်။
မယ်တင်( ဆေး ၁)