သင်္ကြန်တွင်းမှာ အဖော် ဆောင်ပါ ..
သင်္ကြန်အကြတ်နေ့ .. duty လည်း နားတုန်း လျှောက်လည်နေရင်း တွေ့လိုက်တာ.. state ကျောင်းက သူငယ်ချင်း ဖိုးထောင်(နာမည်ပြောင်ပါ..ဟိုစပ်ဒီစပ်နဲ့ နေရာတကာ တွေ့နေရလို့ .အရပ်ကလည်း အရှည်ကြီးမို့)..
မျက်နှာက မကြည်မသာနဲ့မို့ မေးကြည့်တော့ .. ဒီလို သူငယ်ချင်း အကြိုနေ့က ငါ နည်းနည်း သောက်တာများသွားတယ်.. လူကလည်း လွှတ်နေပြီး အဖော်လဲကောင်းတော့ … ပြောရရင်ကွာ.. မကောင်းတဲ့နေရာ ရောက်သွားပြီး.. အဲ့က ကောင်မလေးနဲ့ တူတူနေ ဆက်ဆံမိတယ်.. လူကလဲ မူးရူးနေတော့ အကာအကွယ်သုံးမိလား မသုံးမိလား မသိတော့ဘူး..
ခုကျ.. အဲ့နေ့က ကြုံခဲ့တာတွေ တွေ့မိပီး.. ငါ ရောဂါကူးနိုင်လား.. ဒုက္ခရာက်တော့မလား မသိဘူးကွာ… ခု လည်ရတာလဲ မပျော်တော့ဘူး..
ဖြစ်နိုင်ရင် ငါ့ကို ကူညီပါဦးကွာ..
ဒါဆို သူငယ်ချင်း.. ခု လောလောဆယ် နောက်ဆို အကာအကွယ်ကို သေချာသုံးဖို့ရယ်.. မသုံးခဲ့မိရင် ဘာအကျိုးဆက်တွေ ဖြစ်နိုင်သလဲ .. ဘယ်လို ကာကွယ်ရမလဲ ဆိုတာတွေ ပြောပြချင်တယ်ကွာ.
အလွယ်ကူဆုံးနဲ့ နေရာတိုင်းမှာ ရနိုင်တာကတော့ “condom” ပေါ့ …one size doesn’t fit all ဆိုသလို ကိုယ့်အရွယ်အစားနဲ့ လိုက်တာကို သုံး.. မဟုတ်ရင် လူကလဲ မူးနေတာမျိုး.. သေးလွန်းကြီးလွန်းတာမျိုးနဲ့ဆို ပေါက်ပြဲတာမျိုး ကျွတ်ထွက်သွားတာမျိုးနဲ့.. အသုံးပြုပြီး အလကား ဖြစ်နိုင်တယ်..
ပြီးတော့ date ကုန်နေတဲ့ ၊ အလွယ်တကူ ရထားတဲ့ condomတွေ ၊ ချောဆီနည်းနေတဲ့ condom တွေဟာ ပေါက်ပြဲလွယ်တာမို့ အသုံးမပြုပါနဲ့…တစ်ခါ ဆက်ဆံပြီးတိုင်း အသစ်တစ်ခုကို သုံးပါ.. မမေ့ပါနဲ့..
တကယ်လို့များ အသုံးပြုဖို့ မေ့သွားရင် ၊ ကိုယ့်ကိုကိုယ် လိင်အင်္ဂါမှတဆင့် ရောဂါ ကူးစက်မယ်လို့ သံသယ ရှိနေရင်..
- နီးစပ်ရာ ဆေးရုံ ဆေးခန်းမှာ ဆေးသွားစစ်ပါ..
- သို့သော် HIVပိုးဟာ window period လို့ ခေါ်တဲ့ ပိုးဝင်သော်ငြား ရှိကြောင်းမပြတတ်တဲ့ အချိန်ကာလမှာ ရောက်နေရင် ဆေးစစ်ချက် မှားတတ်ပါတယ်..
- ဒါကြောင့် နောက်ဆုံး လိင်ဆက်ဆံခဲ့တဲ့နေ့မှ နောက်လေးပတ်ကြာမှာ ရောဂါပိုးကို စစ်သင့်တယ်..တချို့လူတွေမှာ သုံးလလောက်ထိ ရောဂါပိုး ရှိကြောင်းမပြတာမျိုး ဖြစ်တတ်လို့ မိမိကိုယ်ကို သံသယ ရှိနေရင် အဲ့ချိန်မှာ ထပ်စစ်နိုင်ပါတယ်…
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကနေ HIV ပိုးအပြင် တခြား ကူးစက်နိုင်တဲ့ ရောဂါတွေ ရှိသေးတယ်..
- အသည်းယောင် အသားဝါ B ပိုး (hepatitis B )
- ကာလသား ရောဂါပိုး (syphilis)
- ရေယုန် (herpes)
- ဝဲခြောက်ရောဂါ(scabies)
- လိင်အင်္ဂါ ကြွက်နို့ (genital warts)
- chlamydia လို ဘက်တီးရီးယားကနေ ကူးစက်တဲ့ရောဂါ. အစရှိတာတွေ ဖြစ်နိုင်တယ်..
တချို့ရောဂါတွေဟာ အချိန်ခဏနဲ့ လက္ခဏာပြတတ်သလို တချို့ကလဲ အချိန်ကြာတတ်တယ်
ဒါကြောင့် သတိထားသင့်တာတွေက မိမိမှာ ..
- လိင်အင်္ဂါကနေ သွေးထွက်ခြင်း၊အနံ့ဆိုးအကျိချွဲ ထွက်ခြင်း
- သုတ်လွှတ်ချိန် နာကျင်ခြင်း
- ဝှေးစေ့များ နာကျင်ခြင်း
- လိင်အင်္ဂါတဝိုက် အဖုအပိမ့်များ၊ အနာများ ထွက်ခြင်း
- ခန္ဓာကိုယ် မနေနိုင်အောင် ယားယံ၍ ကုတ်ခြင်း တွေ ရှိလာရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားပြရမယ်..
ဒါ့အပြင် မိမိချစ်သူ ၊ ဇနီးတို့နဲ့ အတူနေ ဆက်ဆံတဲ့အခါ .. မိမိ မှာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါ ရှိနေတယ်(သို့) ဆက်ဆံဖော်မှာ ရှိနေတယ်ဆိုရင် အကာအကွယ်သုံးဖို့ မမေ့ပါနဲ့ .
အကာအကွယ်မသုံးပဲ သုတ်ကို အပြင်မှာ လွှတ်တယ်ဆိုပေမယ့် မလိုလားအပ်ပဲ ကိုယ်ဝန်ရတာမျိုး ဖြစ်နိုင်ပါသေးတယ်..
ဒီတော့ သူငယ်ချင်းရေ.. အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဆိုတာ မိမိရော ဆက်ဆံဖော် အတွက်ပါ အန္တရာယ်များတာမို့ အကာအကွယ် သုံးဖို့မမေ့ပါနဲ့..
၂၀၁၈မဟာသင်္ကြန်ကို အန္တရာယ် ကင်းရှင်းစွာ ဖြတ်သန်းနိုင်ပါစေလို့ တောင်းဆုပြုလျက်…
Reference-loyds,onlinedoctor
ပိုင်နီမောင်