သင်္ကြန်ပွဲတော်ကာလဟာ လူငယ်အများစု ပျော်ပျော်ပါးပါးဆင်နွှဲကြတဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အပျော်တွေကျွံကာ ရင်ခုန်စိတ်နဲ့အတူ စိတ်ရောကိုယ်ပါလိုက်ပြီး ချစ်တင်းနှောကြတဲ့အထိ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်မမြော်လင့်ဘဲဖြစ်စေ မျက်စိစုံမှိတ်ကာ ခံစားမှုနောက်ကိုလိုက်ပါသွားတတ်ကြပါတယ်။ ဒီလိုမျိုးဖြစ်လာခဲ့ရင် အန္တရာယ်ကင်းကင်းဖြစ်ရလေအောင် ကြိုတင်စဉ်းစားရမယ့်အချက်တွေကိုဖော်ပြချင်ပါတယ်။
“ရောဂါ….. ရောဂါ”
အတူတူချစ်တင်းနှောကြတဲ့အခါမှာ လိင်စိတ်ရဲ့ပြင်းပြမှုကြောင့် တခြားဘာကိုမှမစဉ်းစားဘဲ အကာအကွယ်မဲ့လိင်ဆက်ဆံခဲ့မယ်ဆိုရင် လိင်မှုဆိုင်ရာကူးစက်ရောဂါတွေဖြစ်တဲ့ ဂနိုညောင်းကျရောဂါ၊ ဆစ်ဖလစ်၊ လိင်အင်္ဂါရေယုန်၊ ဆီးပိုးဝင်ခြင်း အစရှိတဲ့ရောဂါတွေအပြင် ကုရာနတ္ထိဆေးမရှိသေးတဲ့ HIVခုခံအားကျဆင်းမှုကူးစက်ရောဂါများ ဝင်ရောက်ကူးစက်နိုင်တဲ့အန္တရာယ်ရှိနေပါတယ်။ ဒါ့ကြောင့်မို့ လိင်ဆက်ဆံတဲ့အခါ Condom ကွန်ဒုံးကိုအသုံးပြုဖို့ မမေ့ကြဖို့ တိုက်တွန်းလိုပါတယ်။ အမျိုးသမီးများအနေဖြင့်လည်း မိမိရဲ့ဆက်ဆံဖော်ကို ကွန်ဒုံးအသုံးပြုပြီးမှဆက်ဆံစေခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်သင့်ပါတယ်။ ဒီနေရာမှာ သတိပြုရမယ့်အချက်တစ်ချက်က ပွဲတော်ရက်ဖြစ်တဲ့အတွက် အရက်သေစာသောက်စားမူးယစ်ပြီး ချစ်တင်းနှောပါက ကွန်ဒုံးအသုံးပြုပေမယ့်လည်း စနစ်တကျမသုံးနိုင်ခြင်း၊ ကွန်ဒုံးကိုအိပ်ခွံအတွင်းမှ ဖောက်ယူရာတွင်ကွန်ဒုံးပေါက်ပြဲခြင်း၊ အသုံးပြုနေစဉ်ကျွတ်ထွက်သွားသည်ကိုသတိမမူမိခြင်းတို့ ဖြစ်နိုင်တာကို ဆင်ခြင်ဂရုပြုသင့်ပါတယ်။
“မေမေဖေဖေတို့ မလိုချင်တဲ့ မျိုးစေ့လေးတစ်ခု ဖြစ်တည်မလာစေဖို့ရာ”
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ မမြော်လင့်ဘဲ ကိုယ်ဝန်ရသွားနိုင်ခြင်းပါပဲ။ ရောဂါပိုးမရှိလို့ ကွန်ဒုံးမသုံးတော့ပါဘူး။ ရင်ခုန်သံနှစ်ခုကြား တစ်လွှာမခြားချင်လို့ပါဆိုသူတွေအတွက်ကတော့ မမျိုးဥကြွေချိန်မှာ လိင်ဆက်ဆံမိပါက ကိုယ်ဝန်ရသွားနိုင်ခြေရှိပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်ဖြစ် ကွန်ဒုံးအကာအကွယ်ပစ္စည်းသုံးသင့်တယ်ဆိုတဲ့အချက်ကို မေ့မထားသင့်ကြောင်းတိုက်တွန်းပါရစေ။
“အရေးပေါ်တားဆေးတွေ”
အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါမှာ ကိုယ်ဝန်ကိုတားလို့မရတော့ဘူးလားလို့မေးမယ်ဆိုရင်တော့ ရပါတယ်၊ တားနိုင်ပါသေးတယ်လို့ဖြေရမှာပါ။ ဒါကိုကာကွယ်ဖို့အတွက် အရေးပေါ်ကိုယ်ဝန်တားဆေးတွေရှိပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေးတစ်ကဒ်မှာ ဆေးလုံးနှစ်လုံးပါပါတယ်။ အချို့ကတော့ တစ်လုံးတည်းလာတဲ့အမျိုးအစားတွေလဲရှိပါတယ်။ လိင်ဆက်ဆံပြီးတဲ့အခါမှာ ထိုဆေးနှစ်လုံးထဲကတစ်လုံးကိုသောက်ပြီး နောက်ထပ်၁၂နာရီကြာတဲ့အခါမှာ နောက်တစ်လုံးကိုသောက်ရမှာဖြစ်ပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေးဟာ လိင်ဆက်ဆံပြီး ၇၂နာရီအတွင်းသောက်ရမှာဖြစ်ပါတယ်။ အကယ်၍ ဒုတိယဆေးသောက်ချိန်ဟာ လိင်ဆက်ဆံအပြီး ၇၂နာရီလွန်သွားလိမ့်မယ့်အဖြစ်မျိုးရှိရင်တော့ ဆေးနှစ်လုံးလုံးကို တစ်ပြိုင်နက်သောက်နိုင်ပါတယ်။ စောစောသောက်လေ ပိုမိုထိရောက်စွာကာကွယ်နိုင်လေဖြစ်ပါတယ်။
ဒါပေမယ့် ဒီဆေးတွေဟာ ဟော်မုန်းဆေးတွေဖြစ်တဲ့အတွက် ခဏခဏသောက်သုံးရန်မသင့်တော်ပါဘူး။ နာမည်မှာပါတဲ့အတိုင်း အခန့်မသင့်ခဲ့သော “အရေးပေါ်” အခြေအနေမျိုးမှသာသောက်သင့်တဲ့အတွက် မကြာခဏသုံးစွဲပါက ဆေးရဲ့ဆိုးကျိုးဥပဒ်များဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့သော သင်္ကြန်ကာလကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်း
မေတ္တာဖြင့်
စိုင်းမြတ်သူ