” သားသားမီးမီးယူတော့မယ်ဆိုရင် ” (အပိုင်း ၁)
သားသားမီးမီးယူတော့မယ်….ကျန်းမာတဲ့ကိုယ်ဝန်ဆောင်လည်းဖြစ်ချင်တယ်…သင်ရော သင့်အမျိုးသားပါ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးပြီဆိုရင် ဒီအဆင့် (10) ဆင့်ကို လိုက်နာလုပ်ဆောင်ဖို့ လမ်းညွှန်လိုက်ပါရစေ:
1)ဆရာဝန်နဲ့တိုင်ပင်ပြီးအကြံဥာဏ်ရယူပါ။
ပထမဆုံးအချက်မှာတင် ထူးဆန်းနေပါလိမ့်မယ်။အရင့်အရင်ခေတ်ကာလတွေမှာ ကလေးမွေးမယ်ဆိုမှာဆေးရုံသွားတာ၊ ကိုယ်ဝန် ၅လ ၆လမှ ကိုယ်ဝန်အပ်တာကနေ….ခုနောက်ပိုင်း ကျန်းမာရေးအသိပညာတွေတိုးလာတာနဲ့အမျှ ကိုယ်ဝန်စရှိပြီ၊ဆီးစစ်တံမှာနှစ်ကြောင်းပေါ်ပြီဆိုတာနဲ့ ကိုယ်ဝန်ပြေးအပ်ကြပါတယ်။ ဒါ့ထက်ပိုကောင်းတာလေးကတော့ ကိုယ်ဝန်ယူမယ်လို့ဆုံးဖြတ်ပြီးတာနဲ့အရင်ဆုံး ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ခြင်းပါပဲ။
2)လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပါ။
ဆရာဝန်ညွှန်ကြားလာတဲ့ မျိုးဗီဇဆိုင်ရာရောဂါများစစ်ဆေးခြင်း၊ အသည်းရောင်အသားဝါ ဘီပိုး၊စီပိုး ၊HIV ၊ကာလသားရောဂါအပါအဝင် ရောဂါပိုးများစစ်ဆေး ခြင်းပြုလုပ်ပါ။ (ကိုယ်ဝန်ရှိပြီးမှ ရောဂါပိုးတွေ့ခြင်းထက် ကိုယ်ဝန်မဆောင်မီရောဂါပိုးစစ်ဆေးထားပြီး လိုအပ်တဲ့ကုသမှုခံယူထားခြင်းက ရလာမယ့်ကလေးအတွက်ရော မိခင်အတွက်ပါ ပိုကောင်းပါတယ်။)
3)ဖောလစ်အက်ဆစ်အပါအဝင် ဆရာဝန်ညွှန်ကြားတဲ့ အားဆေးများသောက်ပါ။
ဖောလစ်အက်ဆစ်ဟာ မွေးဖွားလာမယ့်ကလေးအတွက် အာရုံကြောဆိုင်ရာရောဂါတွေကာကွယ်ပေးပါတယ်။ မိခင်လောင်းအနေနဲ့လည်း လိုအပ်တဲ့အားဆေးများကြိုတင်သောက်သုံးထားခြင်းအားဖြင့် ကိုယ်ဝန်ဆောင်ကာလအတွက် လိုအပ်တဲ့အားအင်တွေကြိုတင်ဖြည့်တင်းပြီးသား ဖြစ်နေပါလိမ့်မယ်။
4)ဆေးလိပ်၊အရက်၊မူးယစ်ဆေးတွေကို အမြဲတစေသော်လည်းကောင်း ရံဖန်ရံလာသော်လည်းကောင်း သုံးစွဲနေသူဖြစ်ပါက ဤအလေ့အကျင့်တွေဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့သန္ဓေသားအတွက် လုံးဝမအပ်စပ်မသင့်တော်တာဖြစ်လို့ ခုချိန်မှာတော့ လုံးဝရပ်ထားလိုက်ပါတော့။
5)အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသားအသာများရွေးချယ်စားသုံးပါ။
ကျန်းမာရေးနဲ့မညီညွတ်တဲ့ အသင့်စားအစားအစာတွေ(Junk Food) တွေအစား လတ်ဆတ်သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့အစားအသာများရွေးချယ်စားသုံးပါ။
(အပိုင်း (2) တွင် နောက်ထပ်ငါးချက်ကို ဆက်လက်ဖော်ပြပါမည်။)
ဒေါက်တာဝင်း (UM 2)