အုန်းရည်နှင့် အုန်းသီး ၏ အာဟာရတန်ဖိုး
မြန်မာနိုင်ငံဟာ အုန်းသီးပေါတဲ့ ဒေသဖြစ်ပါတယ်။ အုန်းရည်၊ အုန်းသီး၊ အုန်းထန်းလျက် စတာတွေ အပြင် ကောက်ညှင်းပေါင်းနဲ့မြန်မာမုန့် အမျိုးမျိုးမှာလည်း အုန်းသီးကို အသုံးပြုပါတယ်။ အုန်းနို့ခေါက်ဆွဲဟာလည်း နာမည်ကြီး အစားအစာ တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန် အုန်းရည်သောက်ကြတာလည်း တွေ့ရများပါတယ်။ အုန်းဆီဟာလည်း ဆံပင်လိမ်းဖို့အပြင် ဟင်းချက်တဲ့ နေရာမှာပါ သုံးကြပါသေးတယ်။ ဒီလို လူသုံးများတဲ့ အုန်းသီးရဲ့ အာဟာရ တန်ဖိုးတွေကို ပြောပြချင်ပါတယ်။
အုန်းသီး အသားမှာ အမျှင်ဓာတ် နဲ့ သတ္တုဓာတ်တွေ ပိုပါဝင်ပါတယ်။ ခြစ်ထားတဲ့ အုန်းသီးအသား တရုတ်ပန်းကန်လုံး ၃ ပုံ တစ်ပုံမှာ ၁၃၀ ကယ်လိုရီ၊ အသားဓာတ် ၁ ဂရမ်၊ အဆီ ၈ ဂရမ်၊ အမျှင်ဓာတ် ၃ ဂရမ်၊ ကယ်လဆီယမ် ၃ မီလီဂရမ်၊ မက်ဂနီဆီယမ် ၁၄ မီလီဂရမ်၊ ပိုတက်ဆီယမ် ၁၀၃ မီလီဂရမ် နဲ့ဆိုဒီယမ် ၈၁ မီလီဂရမ် ပါဝင်ပါတယ်။
အုန်းနို့တရုတ် ပန်းကန်လုံး တစ်ဝက်မှာတော့ ၂၇၆ ကယ်လိုရီ၊ အသားဓာတ် ၃ ဂရမ်၊ ကစီဓာတ် ၇ ဂရမ်၊ အမျှင်ဓာတ် ၃ ဂရမ်၊ သကြား ၄ ဂရမ် နဲ့ အဆီ ၂၉ ဂရမ် ပါဝင်ပါတယ်။ ဒါကြောင့် အုန်းနို့ နဲ့ပြုလုပ်ထားတဲ့ အစားအစာတွေကို သတိထားစားပါ။ သွေးတိုး၊ ဆီးချိုရှိသူများ အလွန်အကျွံ မစားသင့်ပါ။ ဒါ့အပြင် ပိုတက်ဆီယမ် ၃၁၆ မီလီဂရမ်၊ ဆိုဒီယမ် ၁၈ မီလီဂရမ်၊ မက်ဂနီဆီယမ် ၄၄ မီလီဂရမ် နဲ့သံဓာတ် ၄ ဂရမ် ပါဝင်ပါတယ်။
အုန်းရည် တရုတ်ပန်းကန်လုံး တစ်ခွက်မှာတော့ ၄၆ ကယ်လိုရီ၊ အသားဓာတ် ၂ ဂရမ်ခန့် နဲ့ အတီ ဝ.၅ ဂရမ်၊ ကစီဓာတ် ၉ ဂရမ် နဲ့ အမျှင်ဓာတ် ၂.၅ ဂရမ် ပါဝင်ပါတယ်။ ကယ်လဆီယမ် ၅၈ မီလီဂရမ်၊ မက်ဂနီဆီယမ် ၆၀ မီလီဂရမ်၊ ပိုတက်ဆီယမ် ၆၀၀ မီလီဂရမ် နဲ့ဆိုဒီယမ် ၂၅၂ မီလီဂရမ် ပါဝင်ပါတယ်။ ဝမ်းလျှောသူများ၊ ရေဓာတ်ခန်းခြောက်နေသူများ သောက်လို့ရပါတယ်။ ကျောက်ကပ် အားနည်းသူများကတော့ ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာ ပါဝင်နေတဲ့ အတွက် ဆရာဝန် ကို မေးပြီးမှ သောက်တာ အကောင်းဆုံးပါပဲ။
အုန်းဆီ ထမင်းစားဇွန်း ၁ ဇွန်းမှာတော့ ၁၁၇ ကယ်လိုရီ ပါဝင်ပြီး ပြည့်ဝဆီနဲ့ မပြည့်ဝဆီ ရောနေပါတယ်။ အသင့်အတင့် စားသုံးတတ်ရင် ဆေးဖြစ်ပါတယ်။ အုန်းသီးဟာ အမျှင်ဓာတ် များတဲ့ အတွက် ဗိုက်ဝစေပါတယ်။ အစာခြေဖျက်မှုကို ကောင်းစေပါတယ်။ ပိုတက်ဆီယမ်ဓာတ်ဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ဒါပေမယ့် ကျောက်ကပ်အားနည်းပြီး ပိုတက်ဆီယမ် ဓာတ် များနေတဲ့ သူတွေ အတွက်တောါ အန္တရာယ် ရှိပါတယ်။
ဒါကြောင့် ဘယ်အစားအစာ မဆို သင့်တင့်ရုံ စားတာဟာ ဘေးကင်းစေပါတယ်။ အုန်းရည်ဟာ သွေးတိုးကျစေတယ်ဆိုပြီး နေ့တိုင်းသောက်ဖို့မသင့်တော်သလို၊ အုန်းနို့နဲ့ပြုလုပ်ထားတဲ့ အစားအစာများကိုလည်း အရသာ ရှိတယ်ဆိုတိုင်း အလွန်အကျွံ မစားမိဖို့သတိပေးချင်ပါတယ်။ အုန်းသီးဟာ အဆီဓာတ်များတဲ့ အတွက် အလွန်အကျွံစားရင် သွေးတွင်းအဆီဓာတ်ကိုပါ တက်စေနိုင်ပါတယ်။ တန်ဆေးလွန်ဘေး ဖြစ်တာကြောင့် ကျန်းမာရေး အသိနဲ့ချင့်ချိန် စားသုံးကြဖို့တိုက်တွန်းပါရစေ။
Dr. Jasmine