သင်္ကြန်တွင်းမို့ ဒေါက်တာနိုင်လင်းတစ်ယောက် ဆေးခန်းမသွားဘဲအိမ်တွင် အနားယူနေသည်။ နေအိမ်ပတ်ဝန်းကျင်တွင်မတော့ အုန်းလက်မဏ္ဌာပ်များထိုးကာ ကလေးများပျော်ရွှင်စွာ ရေပက်ခံကားများကို ရေပက်နေကြသည်။ ထိုစဉ် နှစ်အိမ်ကျော်တွင်နေကြသော ဒေါက်တာနိုင်လင်း၏အစ်မလင်မယား ခေါ်သံကိုကြားလိုက်ရသည်။
“မောင်လေးရေ နိုင်လင်း အိမ်မှာရှိလား”
“မမပါလား အိမ်ထဲဝင်ခဲ့လေ။ ဘာဖြစ်လို့လဲ”
“ဒီမှာလေ နင့်တူတော်မောင် လမ်းလယ်ခေါင်ကိုတက်ပြီးရေမပက်ပါနဲ့ဆိုတာကို တားမရဘူး။ အခုချော်လဲပြီး ပြဲကွဲလာတာ အဲဒီမှာသာကြည့်ပေရော့။”
ဒေါက်တာနိုင်လင်းလည်း သူ၏တူတော်မောင် မောင်ဝတုတ်ကိုကြည့်လိုက်သည်။ ဟုတ်ပ.. မျက်ခုံးပေါ်မှာ ကွဲလို့ပြဲလို့။ ပါးစပ်ကလည်း တဗြဲဗြဲငိုလို့။ သေချာသည် မှောက်လျက်သားလဲကျကာ ကတ္တရာလမ်းကိုဦးခိုက်လိုက်ခြင်းကြောင့်ပဲဖြစ်ရမည်။
“ဝတုတ် လာသားဒီကိုလာ။ မငိုနဲ့တော့။ လေးလေးကြည့်မယ်။
ဟာ မင်းဒဏ်ရာကနည်းတာမှမဟုတ်တာ။ ချုပ်ရမယ်ကွ။ ငြိမ်ငြိမ်ထိုင် လေးလေးချုပ်ပေးမယ်။”
ဒေါက်တာနိုင်လင်းတစ်ယောက် တူတော်မောင်အားသုံးချက်ချုပ်လိုက်ရသည်။ ကလေးကလည်း အငြိမ်မနေ သွက်သွက်ခါအောင်ဆော့သော ငါးနှစ်သားအရွယ်ပေမို့ မိဘများကလည်း မနည်းထိန်းနေရပြီ။ ဒဏ်ရာကိုချုပ်လို့ပြီးသောအခါမှ ဒေါက်တာနိုင်လင်းက
“မမတို့ ကျွန်တော့ကိုပြောပြပါဦး။ ဝတုတ်လေးက ဘယ်လိုဖြစ်ပြီးချော်လဲသွားတာလဲ။”
“လမ်းလည်ခေါင် ရေတက်ပက်တာလေ.. အဲဒီမှာ ရေပက်ခံကားတွေပေါ်ကပစ်ချထားတဲ့ ဆီတွေပေနေတဲ့ပလပ်စတစ်အမှိုက်ကိုတက်နင်းမိပြီး လဲတော့တာပဲ။ အစ်မလဲကြည့်နေတာပဲဟယ် သူက ကဲကဲကဲကဲနဲ့ထွက်သွားတာ လိုက်ဆွဲတာမမီတော့ဘူး။”
“ဟုတ်တယ်အစ်မ။ ဒီအရွယ်က ဘေးအန္တရာယ်ကိုမသိဘဲ ကိုယ်လုပ်ချင်တာကိုပဲသိပြီး မဆင်မခြင်လုပ်တတ်တဲ့အရွယ်ဆိုတော့ သင်္ကြန်တွင်းလိုအချိန်မျိုးမှာ ပိုသတိထားရတယ်။”
“ဒါတင်ဘယ်ဟုတ်မလဲမမ။ ဝတုတ်လေးက တော်သေးတယ်။ တချို့ဆို ခြေချော်ပြီး မြောင်းဖုံးကနေကျွံကျတာ၊ ကားရှေ့မှာချော်လဲတာမျိုးတွေလဲ ရှိခဲ့ဖူးတယ်။ မတော်တဆဆိုပေမယ့် တစ်ချက်မှားရင်ကြောက်စရာကောင်းတယ်မမ။”
“အေး ငါ့မောင်ရယ် ဂရုစိုက်ပါ့မယ်ဟယ်။”
“နောက်ပြီး သင်္ကြန်တွင်းဖြစ်နေတဲ့အတွက် မျက်စိ၊ နား ဒီနှစ်ခုကိုမထိခိုက်အောင် ဂရုစိုက်ရမယ်မမ။ မီးသတ်ပိုက်ရယ်မှမဟုတ်ဘူး၊ အိမ်ကမော်တာနဲ့ဆက်သွယ်ပြီး ရေပက်တဲ့ရေပိုက်တွေကိုလည်း အားပြင်းအောင် နော်ဇယ်တပ်ပြီးပက်ကြတော့ နားထဲထိုးမိရင်နားစည်ပေါက်တာ၊ မျက်စိထိုးမိရင် မျက်ကြည်လွှာကိုထိခိုက်တာတွေဖြစ်နိုင်တော့ ဂရုစိုက်ရတယ်။ အထူးသဖြင့်ကတော့ ကားလမ်းပေါ်မှာ ကလေးကိုတစ်ယောက်တည်းမလွှတ်မိဖို့ပဲမမ။ သင်္ကြန်တွင်းဆိုတော့ အရက်ဘီယာတွေသောက်ပြီး မဆင်မခြင်မောင်းနေကြတာ ကလေးကလဲသတိမထားမိတဲ့အချိန် ကားမောင်းတဲ့သူကလဲ မူးနေတဲ့အရှိန်နဲ့ မတော်တဆများဖြစ်ခဲ့ရင် မိဘတွေရင်ကျိုးရမှာလေ။”
“ဟုတ်ပ ငါ့မောင်ရယ် မမလည်း ပိုဂရုစိုက်ပါ့မယ်။ ကဲ ခုတော့ ဒီကောင့်ကို ရေစိုဝတ်တွေပြန်လဲပေးလိုက်ဦးမယ်။ သွားပြီမောင်လေးရေ။”
“ဟုတ်ပြီမမ။ နောက်ရက်တွေလည်း သတိထားပေးဦး။ အခုမှအကျနေ့ပဲရှိသေးတယ်။ နောက်ထပ်နှစ်ရက်ကျန်သေးတယ်။ ထိန်းပေဦးတော့အစ်မရေ။”
မေတ္တာဖြင့်
စိုင်းမြတ်သူ