အဝလွန်ခြင်းနှင့်ကျန်းမာရေး
အဝလွန်တယ်ဆိုတာ နောက်ပိုင်းခေတ်မှာ မကြာခဏကြားလာရပါတယ်။ အရင်က လူကြီးတွေသာ အဝလွန်ကြတယ်ဆိုပေမယ့် ခုခေတ်မှာတော့ လူငယ်တွေ၊ ကလေးတွေမှာပါ တွေ့လာရပါပြီ။ အဝလွန်ခြင်းဟာ ကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေပါ ထိခိုက်စေနိုင်တာကြောင့် အလေးထားရတဲ့ခေါင်းစဉ်ဖြစ်လာပါတယ်။
ယေဘုယျအားဖြင့် အဝလွန်တယ်ဆိုတာ body mass index (BMI) ဆိုတဲ့ အညွှန်းကိန်းက 25ထက်ကျော်နေရင် overweightဖြစ်ပြီး 30ကျော်ရင်တော့ အဝလွန်တယ်လို့ ဆိုနိုင်ပါပြီ။ အဝလွန်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကလည်း များပြားလှပါတယ်။
အရင်ဆုံး သွေးတိုးရောဂါဖြစ်လာပါတယ်။ မကောင်းတဲ့ cholesterolဓာတ်တွေများလာပြီး သွေးကြောတွေထူလာတာကြောင့် သွေးပေါင်ထိန်းရတာ ခက်ခဲလာပါတယ်။ အလေးချိန်တက်လာတာနဲ့အမျှ နှလုံးကနေ တစ်ကိုယ်လုံးကိုသွေးရောက်အောင်ညှစ်ရတာ ပိုပြီးအားစိုက်ရပါတယ်။
နောက်ထပ်အဖြစ်များတာကတော့ အင်ဆူလင်ဓာတ်ကို တုံ့ပြန်တာနည်းလာပါတယ်။ အင်ဆူလင်ဆိုတာသွေးထဲမှာ အချိုဓာတ်ကိုထိန်းချုပ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ သွေးတွင်းအချိုဓာတ်ကိုကျစေပါတယ်။ အဝလွန်လာပြီဆိုရင်တော့ insulinကို တုံ့ပြန်မှုလျော့နည်းလာတဲ့ အတွက် သွေးတွင်းအချိုဓာတ်တွေ ကမောက်ကမဖြစ်ပြီး ဆီးချိုရောဂါအမျိုးအစားနှစ် (type 2 diabetes mellitus) ဖြစ်စေပါတယ်။
အဝလွန်တာနဲ့အမျှသွေးကြောနံရံတွေမှာ အဆီတွေစုကာသွေးကြောတွေမာသွားတတ်ပါတယ်။ သွေးကြောတွေမာတာနဲ့ အဲဒီသွေးကြောတွေ အဓိကထောက်ပံ့နေတဲ့ အစိတ်အပိုင်းတွေဟာ သွေးရမှုလျော့နည်းလာပါတယ်။ အထူးသဖြင့် နှလုံးသွေးကြောကျဉ်းလာပါတယ်။ နှလုံးသွေးကြောကျဉ်းရာက ရင်ဘတ်အောင့်တာ၊ အသက်ရှူမဝတာတွေအပြင် ရုတ်တရက်အသက်သေဆုံးတာထိ ဖြစ်တတ်ပါတယ်။ သာမန်လူတွေထက် အဝလွန်သူတွေဟာ နှလုံးသွေးကြောကျဉ်းနိုင်ခြေ ဆယ်ဆထိမြင့်တယ်လို့လည်း ဆိုကြပါတယ်။
အဝလွန်သူတွေမှာနောက်ထပ်အဖြစ်များတာကတော့ အဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်ကို ထမ်းထားရတဲ့အဆစ်တွေ (ဒူး၊ တင်ပါးဆုံ၊ ခြေကျင်းဝတ်) တို့မှာနာကျင်တတ်ပါတယ်။ ဒါ့အပြင် အိပ်နေရင်းအရမ်းဟောက်တာ၊ အသက်ရှူမဝပဲလန့်နိုးတာတွေဟာလည်း မြင်တွေ့နေရပါတယ်။
အဝလွန်ခြင်းဟာ ကင်ဆာရောဂါနဲ့လည်း ဆက်နွယ်နေပြန်ပါတယ်။ အဝလွန်တဲ့အမျိုးသားတွေမှာအူမကြီးကင်ဆာ၊ ဆီးကြိတ်ကင်ဆာတို့ပိုဖြစ်နိုင်သလို အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာတို့ ပိုဖြစ်နိုင်ပါတယ်။ အဝလွန်သူတွေဟာ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတာတွေလည်း ခံစားရလေ့ရှိပါတယ်။
အကောင်းဆုံးကတော့ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထိန်သိးမ်းထားသင့်ပါတယ်။ အဝလွန်လာပြီဆိုရင်လည်း အလေးချိန်လျော့အောင် လုပ်သင့်ပါတယ်။
အဲဒီလိုထိန်းသိမ်းထားမှ အဝလွန်ခြင်းရဲ့ ဆိုးကျိုးတွေကို ရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။
Dr. ZZ