ထိပ်ခတ်နာ
ဆောင်းတွင်းရောက်ပြီဆိုရင် လူကြီးကလေးမရွေး နှာစေးနှာပိတ် အိပ်မရအောင်နှိပ်စက်တတ်တဲ့ ထိပ်ခတ်နာရောဂါဖြစ်ပွားတတ်ကြပါတယ်။ ထိပ်ခတ်နာနဲ့ပတ်သတ်လို့ အယူအဆများစွာရှိကြပါတယ်။ ဒါကြောင့်ထိပ်ခတ်နာဖြစ်ရတဲ့အကြောင်းရင်းတွေနဲ့ ရောဂါလက္ခဏာတွေကိုတင်ပြလိုက်ရပါတယ်။
ထိပ်ခတ်နာဆိုတာဟာ နှာခေါင်းရဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ လေအိတ်လေးတွေ(air sinuses) ဟာ အအေးမိခြင်း၊ ပိုးဝင်ခြင်းတို့ကြောင့် ရောင်ရမ်းခြင်းဖြစ်လာတာကိုခေါ်တာဖြစ်ပါတယ်။ ထိပ်ခတ်နာဖြသ်စေတဲ့အကြောင်းရင်းတွေကတော့
- အအေးမိခြင်း
- ဓာတ်မတည့်မှုဖြစ်ခြင်း
- ဗိုင်းရပ်စ်ပိုးဝင်ခြင်း
- ဘက်တီးရီးယားပိုးဝင်ခြင်း
- နှာခေါင်း၊ အဆုတ်ရောဂါအခံရှိခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ကတော့
- နှာစေးနှာပိတ်ခြင်း
- ခေါင်းကိုက်ခြင်း
- မျက်ရိုးအောက်ဘက် ဝန်းကျင်တွင် နာကျင်ခြင်း
- အဖျားတက်ခြင်း
- အခြား နှာခေါင်း၊လည်ချောင်းဆိုင်ရာရောဂါများ ဖြစ်ပွားခြင်း ( ချောင်းဆိုးခြင်း၊ အယသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း) တို့ဖြစ်ပါတယ်။
ထိပ်ခတ်နာဖြစ်ပွားပြီဆိုပါက ဆရာဝန်နှင့်ပြသပြီး မိမိနဲ့သင့်တော်မယ့်ကုထုံးကို ညွှန်ကြားချက်အတိုင်းလိုက်နာပြီး ကုသရပါမယ်။ ဒီနေရာမှာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးညွှန်းကိုတိတိကျကျသောက်ရန်လိုအပ်ပါတယ်။
ထိပ်ခတ်နာရှိသူတွေရှောင်ရမယ့်အချက်တွေကတော့
- ဆေးလိပ်ရှောင်ပါ။ ဆေးလိပ်ငွေ့မခံပါနှင့်။
- လက်သန့်ရှင်းရေးကိုအထူးဂရုပြုပါ။
- အအေးမမိရန် အိပ်ချိန်စားချိန်မှန်အောင်ဂရုစိုက်ပေးပါ။
- ဖုန်၊အမှုန်များဟာ ဓာတ်မတည့်ခြင်းဖြစ်စေနိုင်တာကြောင့် ဖုန်ထူသောနေရာများကိုရှောင်ပါ။
ဒါတွေကိုဂရုစိုက်ပေးမယ်ဆိုရင်တော့ ထိပ်ခတ်နာဖြစ်ပွားခြင်းကို သက်သာစေမှာပဲဖြစ်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ