ပြောတိုင်းပေါက်မြောက် အောင်မြင်ပါစေ
“NA ရောက်တယ် ဆရာရေ။ unconscious နဲဲ့။” ( ဒီနေရာမှာ အနည်းငယ် ရှင်းပြပါရစေ။ NA ဆိုတာက လူနာအသစ်ရောက်တယ် လို့ အတိုခေါ်ပြောတာဖြစ်ပြီး unconscious ဆိုတာကတော့ သတိလစ်ပြီးရောက်လာတယ်ပေါ့။)
ဒီအသံမျိုးက ဂျူတီကျတဲ့ ညတိုင်းမှာ ကြားနေကြပဲဆိုတော့ ထူးတော့မထူးဆန်းတော့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် သတိလစ်ပြီးရောက်လာတယ်ဆိုတော့ အရေးတော့ကြီးတာပဲလေ။ ထိုင်နေရာကနေ လူနာနား ဘယ်လိုရောက်သွားမှန်းတောင် မသိလိုက်ဖူးပေါ့။
“အသက် ၁ဝနှစ်။ သတိလစ်နေတာတော့ ဒီညမှလို့ပြောတာပဲဆရာ။ “
ဘေးက ဆရာမလေးပြောတာ နားထောင်ရင်း ဖြစ်နိုင်တာကို အမြန်ဆုံးတွေးပေါ့။ ကလေးပုံကြည့်ရတာ တော်တော်ကြီး နေမကောင်းဖြစ်နေပုံပင်။ ဒီနေ့မှ ကောက်ကာငင်ကာ ဖြစ်ပုံမပေါ်။ သို့သော်လည်း ဒါက နောက်မှ။ ခု အခြေအနေ တည်ငြိမ်ဖို့က အရေးကြီးတယ်မလား။
‘RBS(သွေးတွင်းသကြားဓာတ်) ဖောက်၊ အပူချိန် တိုင်း၊ သွေးပေါင်ချိန်တိုင်း၊ ကလေးအဖေ အောက်စီဘူး ကူမပေးဦးဗျ။ ‘
ပြောလည်းပြော၊ တစ်ဖက်ကလည်း ကလေးကို စမ်းရင်းပေါ့။
“သွေးပေါင် တိုင်းလို့ မရဘူးဆရာ”ဆိုတော့ ကိုယ်တိုင်ဝင်တိုင်း။ ဟုတ်ပါရဲ့။ ကလေးက သတိလစ်နေရုံတင်မကပဲကိုး။ သွေးလန့်တယ် တနည်းအားဖြင့် ရှော့ရနေတယ်လေ။
‘ကဲ ဆရာမရေ ဆေးဘူး အမြန်ချမယ််။ အောက်ဆီဂျင်ပေး၊ ပိုးသတ်ဆေး ထိုးမယ်။ ညီရေ ဒီညတော့ ကလေးကို သွေးပေါင်ချိန် တစ်နာရီတစ်ခါ တိုင်းမယ်နော်။ ကလေးကို အပ်ထိုးပြီးရင် အရေးပေါ်ခန်းကို ရွေ့ကွာ။ ဒီကလေးနဲ့ မဆိုင်တဲ့ အခြားလူနာစောင့်တွေ အနားမကပ်နဲ့လေဗျာ။ ကဲ ကလေးအမေပါလား။ ဒီဘက်ခဏလာ။ ကလေးအကြောင်း နည်းနည်းမေးမလို့။ ‘
လူတွေကလည်း ခက်တယ်ဗျာ။ အရေးပေါ်လူနာပါဆို လာစပ်စုနေကြသေးတယ်။ နေရာကကျဉ်း၊ သူတို့တတွေကို ရှောင်နေတာနဲ့ကို အဆင်မပြေဘူး။
‘အမေရေ။ ကလေးက ဒီညမှ သတိလစ်တာဆို။ ဘယ်လိုဖြစ်တာတုံး၊ ‘
‘”ချောင်းဆိုးတယ်၊ ရင်ကြပ်တယ်ဆရာ။ နေမကောင်းဖြစ်တာတော့ နည်းနည်းကြာပြီ။ ‘”
‘ဖျားတယ်ပေါ့။ ဝမ်းကောလျောသေးလား။ အရင်ကကော ဘာဖြစ်ဖူးလဲ။ ဆေးရုံတက်ဖူးလား။ ‘
“’ဝမ်းတော့မလျောဘူး ဆရာ။ ဒီလိုပဲဖြစ်သွားတာပါပဲ။ ‘”
အင်း မေးလဲ ဘာမှဆက်ထွက်မယ့်ပုံမပေါ်။ စိတ်တိုပေမယ့်လည်း လူနာတွေကိုလည်း အပြစ်မတင်ရက်ဘူး။ သွားရေးလာရေးခက်ခဲတာတစ်ကြောင်း၊ ကျန်းမာရေး ဗဟုသုတ ခေါင်းပါးတာတစ်ကြောင်းကြောင့် မျက်စိသူငယ်၊ နားသူငယ်နဲ့လေ။ ဆေးရုံရောက်လာတာတောင် တော်လှပြီ ပြောရမည်ကိုး။
‘ကဲ အမေ။ ကလေးက စိုးရိမ်ရတယ်နော်။ ဆရာတို့ အစွမ်းကုန်တော့ ကြိုးစားပေးမယ် သိလား။ အသက်ရှင်ဖို့က ကလေးကံပေါ်လည်း မူတည်မယ်နော်။ ဒီညတော့ လူနာစောင့် ၃ယောက်လောက် စောင့်ပေးရမယ်။ ဟုတ်ပြီလား။’
ကိုယ့်စီနီယာ အထူးကုဆရာဝန်ကြီးတွေကို ဖုန်းဆက် အကြောင်းကြား။ လိုအပ်တဲ့ ကုသမှုတွေထည့်။ ကိုယ့်ဂျူတီညတွေ ရဲ့ ထုံးစံအတိုင်း အရေးပေါ် ကလေးနဲ့ တစ်ညလုံးနှစ်ပါးသွားသည် ပေါ့။
မနက်ရောက်တော့ “’ဆရာ။”’
‘အေး ပြော။’ အရေးပေါ် လူနာလေးရဲ့ လူနာစောင့်တွေ
“’ဆရာ၊ ဒါအရင်က ကလေးဆေးရုံတက်တုန်းက စာရွက်စာတမ်းတွေ။”’
‘ဟင်။ ခုနက ဘာလို့မပြောတုန်းဟ။ ပြပါဦး။ ‘
ဟိုက်ရှားပါး။ နဖူးနဲ့ လက်ဝါးနဲ့ ရိုက်လိုက်မိပြီ။ ကလေးက လွန်ခဲ့တဲ့ ၆လ လောက်က ဒီမှာပဲ ဆေးရုံတက်သွားတာပေပဲ။ ကွန်ပြူတာဓာတ်မှန်တွေတောင် ရိုက်ထားသေး။ ဦးနှောက် အကျိတ်လို့ အဖြေထွက်ထားလို့ ရန်ကုန် ကလေးဆေးရုံ၊ ဦးနှောက်အထူးကုဆီကိုတောင် ပြဖို့ ညွန်ထားသည်လေ။ ကိုယ့်စီနီယာ ဆရာကြီးတွေ ရေးပေးထားတာက ပြည့်ပြည့်စုံစုံပေါ့။
‘အမေတို့ရေ။ ကလေးကို ရန်ကုန်မှာ သွားပြဖို့ပြောထားတာ မပြဖြစ်ဘူးလား။ ဘာဖြစ်လို့တုန်း။’
“အဲ့တုန်းက ပြမလို့ပါပဲ ဆရာရယ်။ ပိုက်ဆံစုတာ တစ်သိန်းတောင်မပြည့်လို့ မသွားဖြစ်တော့တာ။ “
‘ဒါဆို ဘယ်လိုကုနေလဲ။’
“ရွာက ဗိန္ဓောဆရာနဲ့ပဲ ကုနေတာ။ သူက ပျောက်အောင်ကုပေးမယ်ဆိုလို့လေ။ “
‘အဲတော့ ရန်ကုန်သွားဖို့ စုထားတဲ့ ပိုက်ဆံလေးတွေ သူ့ကို လှူလိုက်တယ် ဟုတ်စ’
ဆူမလို့ စရုံရှိသေး။ မျက်ရည်စမ်းစမ်းနဲ့ဆိုတော့ သနားလည်းသနားသွားတော့
‘အေးအေး။ သွားတော့။ ကလေးကို ရန်ကုန်လွှဲတုန်းက သွားလိုက်ရင် ပြန်ကောင်းနိုင်သေးတယ်။ ခုတော့ စောင့်ကြည့်သေးတာပေါ့’
ခဏကြာ ဆရာကြီးတွေ ရောက်လာတော့ အကျိုးအကြောင်းပြော၊ ဆရာတွေလည်း စုတ်တသတ်သတ်အပြင် ဘာလုပ်နိုင်မည်လဲ။
နောက်နေ့ ဂျူတီပြန်ဝင်တော့ ကလေးက အခြေအနေမကောင်း။ ကလေးက မကယ်နိုင်တော့ဘူးဆိုရင် အသက်ရှိတုန်း ရွာကို ပြန်ခေါ်သွားချင်သည်တဲ့လေ။
သူ့တို့လူနာ အတွက် ဆုံးဖြတ်ပိုင်ခွင့် သူတို့မှာ အပြည့်အဝရှိသည်လေ။ ဆေးရုံဘက်ကလဲ တတ်နိုင်တာ အစွမ်းကုန်ပြီဆိုတော့ သူတို့သဘောကျ လုပ်စေသတည်းပေါ့။
ပြန်သွားတဲ့ သူတို့နောက်ကျောကိုကြည့်ပြီး စီနီယာ ဆရာက သက်ပြင်းချရင်း
“ဒီကလေးကို ဆရာကိုယ်တိုင် ရန်ကုန်ကို လွှဲတာ။ အဲ့တုန်းကတော့ သေချာပေါက်သွားမယ်ပြောတာပဲလေ။ သနားပါတယ်။’
‘ဟုတ်တယ်ဆရာ။ အဲ့တုန်းက ကျွန်မတို့တွေတောင် သူတို့ မတတ်နိုင်ပါစိုးလို့ စုပြီးတောင် လှူလိုက်သေးတယ်။’
“ညာတဲ့လူတွေကလည်း ယူရက်တာပဲ။ လူအသက်တစ်ချောင်းကွာ။ တန်ဖိုးချင်းကွာလွန်းပါတယ်။ ဒါမျိုးတွေကျတော့ တိုင်မယ့်တောမယ့်သူမရှိ၊ အရေးမယူကြဘူး။ တကယ့် စေတနာနဲ့ ကုတဲ့လူတွေကျတော့ တန်ဖိုးမထားတတ်ကြဘူး။ ဒါမျိုးတွေ လူတွေများများ သိဖို့လိုတယ်။ ယုံကြည်သင့်တဲ့လူ၊ အားကိုးထိုက်တဲ့သူ ဘယ်သူဆိုတာ နားလည်ရင်ကောင်းမှာပေါ့ဗျာ။ “
‘ဒါတင် ဘယ်ကမလဲ ဆရာ။ ကိုယ်ပြောတိုင်းလည်း သူတို့က လိုက်လုပ်ဦးမှပေါ့။ ပြောသာပြောပြီး မလုပ်တော့ ပြောမောကြီးပဲ ဖြစ်မှာပေါ့ ဆရာရဲ့။ ‘
“အေးဗျာ။ ကျွန်တော်တို့ ပြောတဲ့ စကားကို သူတို့ဆီ ပေါက်ပါစေလို့ပဲ ဆုတောင်းတာပေါ့ဗျာ”
ဆရာနဲ့ သူနာပြု ဆရာမပြောတာကို နှုတ်ဆိတ်စွာ နားထောင်ရင်း ပြောတဲ့စကားတိုင်းပေါက်မြောက် အောင်မြင်ပါစေ လို့ ဆုတောင်းနေရုံမှ တပါး……………
(ဖြစ်ရပ်မှန်ကို အခြေခံ၍ ရေးသားပါသည်။)
ရီချို(ဆေး ၁)