All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

နေ့စဉ်သောက်တားဆေးကဒ်(၂)မျိုး

1 Mins read

တားဆေးရယ်လို့ဆိုလိုက်လျှင် နေ့စဉ်သောက်တားဆေးကို အရင်ဆုံးပြေးမြင်ကြမှာပါ။မြန်မာနိုင်ငံမှာ လူသုံးများ လူသိအများဆုံး ကိုယ်ဝန်တားနည်းတွေထဲကတစ်ခုလို့ ပြောလို့ရပါတယ်။ဒါပေမယ့် နေ့စဉ်သောက်တားဆေးမှာမှ အမျိုးအစား(၂) မျိုးရှိတယ်ဆိုတာကိုတော့ လူတော်တော်များများမသိကြသေးပါဘူး။သောက်ပုံသောက်နည်းချင်းတူပေမယ့် အမျိုးအစားမတူတဲ့အတွက်ကြောင့် အသုံးဝင်ပုံချင်း နည်းနည်းကွဲတာကြောင့် အနည်းငယ်ရှင်းပြပေးလိုပါတယ်။

အမျိုးအစား (၂)မျိုးဆိုတာ

(၁) ဟော်မုန်း၂မျိုးပေါင်းဆေးကဒ်

(၂) ဟော်မုန်း ၁မျိုးတည်းပါဆေးကဒ်

နံပါတ် (၁) အကြောင်းအရင်ပြောပါမယ်။သူက ဟော်မုန်း ၂မျိုးပေါင်းပြီး သားဥကြွေခြင်းကိုအဓိကတားပါတယ်။ပါဝင်တဲ့ဟော်မုန်းများကတော့ အီစထရိုဂျင်(oestrogen)နဲ့ ပရိုဂျက်စတင်(progestin)ပါ။ဟော်မုန်း၂နှစ်မျိုးပေါင်းထားတဲ့ဆေးကဒ်ဖြစ်တာကြောင့် COC (Combined Oral Contraceptive) လို့ခေါ်ပါတယ် (Combined = ပေါင်းစပ်ထားသော Oral =ပါးစပ်ဖြင့်သောက်ရသည့် Contraceptive =ကိုယ်ဝန်တားဆေး)။
ဒီဆေးဟာ ကိုယ်ဝန်တားခြင်းအတွက်သုံးနိုင်တဲ့အပြင် ရာသီလာလျှင်အလွန်အမင်းကိုက်ခဲတတ်သူများ၊ရာသီသွေးအလွန်များသူများမှာလည်း သုံးနိုင်ပါတယ်။ဟော်မုန်းမညီမျှလို့ ဝက်ခြံထွက်သူတွေမှာလည်း အသုံးဝင်ပါတယ်။နောက်ပြီး သူက သားဥအိမ်ကင်ဆာ၊သားအိမ်ကင်ဆာတို့ကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာချက်များမှတစ်ဆင့် သိရပါတယ်။

အကယ်၍ သင်ဟာ ဒီဆေးမှာပါဝင်တဲ့ အီစထရိုဂျင်(oestrogen)ဟော်မုန်းနဲ့ ဓာတ်မတည့်လျင်သော်လည်းကောင်း၊

– oestrogen ရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပျို့တက်ခြင်း၊ရင်သားများနာကျင်ခြင်း စတာတွေကို မခံမရပ်နိုင်အောင် ခံစားရလျှင်သော်လည်းကောင်း၊

– သင့်မှာ သွေးတိုး၊ခေါင်းတစ်ခြမ်းကိုက် စတဲ့ရောဂါဝေဒနာများ ရှိနေလျှင်သော်လည်းကောင်း၊

– သင်ဟာ ဆေးလိပ်သောက်သူတစ်ယောက်ဖြစ်လျှင်သော်လည်းကောင်း၊

– သင့်အသက် ၃၅နှစ်ကျော်လျှင်သော်လည်းကောင်း …ခုပြောတဲ့ COC (ခေါ်) ဟော်မုန်း၂မျိုးပေါင်းဆေးကဒ်ကို သောက်သုံးရန်မသင့်တော်ပါဘူး။

– ကလေးနို့တိုက်နေတဲ့မိခင်တွေမှာ နို့ထွက်အနည်းငယ်နည်းသွားနိုင်လို့ နို့တိုက်နေစဉ် ဒီနည်းသုံးဖို့ အဆင်မပြေပြန်ဘူး။

ဒီလိုအခြေအနေမျိုးတွေမှာဆို သင့်အနေနဲ့အခြားသော သန္ဓေတားနည်းတစ်မျိုးမျိုး (သို့မဟုတ်) ခုဆက်လက်ဖော်ပြမယ့် ဟော်မုန်း ၁မျိုးတည်းပါဆေးကဒ် (POP) ကို ရွေးချယ်သုံးစွဲနိုင်ပါတယ်။

ကဲ နံပါတ် (၂)အကြောင်း ဆက်ပြောကြဦးစို့။သူကတော့ ပရိုဂျက်စတင်(Progestin)ဟော်မုန်းတစ်မျိုးသာပါတဲ့ ကိုယ်ဝန်တားဆေးပါ။POP (Progestin-Only Pill) လို့ခေါ်ပါတယ်(Progestin = ပရိုဂျက်စတင် Only = တစ်ခုသာပါသော Pill = ဆေးလုံး)။

သူကတော့ အဓိကအားဖြင့် သားအိမ်ခေါင်းအချွဲကို ပိုပျစ်စေ၊သားအိမ်အနားသတ်တွေကို ပါးစေခြင်းဖြင့် ကိုယ်ဝန်ရရှိခြင်းမှ ကာကွယ်ပေးတယ်။သင်သိထားရမယ့် တစ်ချက်ကတော့ ဒီဆေးကြောင့် ရာသီစက်ဝန်းအနည်းနဲ့အများ ပုံမမှန်မှုလေးတွေ ရှိနိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ ဒီဆေးကိုရွေးချယ်နိုင်သလဲဆိုရင်…..

– သင့်အနေနဲ့ ကလေးကိုမိခင်နို့တိုက်နေလျှင်သော်လည်းကောင်း၊

– အထက်မှပြောထားခဲ့သလို…..အီစထရိုဂျင်(oestrogen)ဟော်မုန်းနဲ့ ဓာတ်မတည့်လျှင်သော်လည်းကောင်း၊

– oestrogen ရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပျို့တက်ခြင်း၊ရင်သားများနာကျင်ခြင်း စတာတွေကို မခံမရပ်နိုင်အောင် ခံစားရလျှင်သော်လည်းကောင်း၊

– သင့်မှာ သွေးတိုး၊ခေါင်းတစ်ခြမ်းကိုက် စတဲ့ရောဂါဝေဒနာများ ရှိနေလျှင်သော်လည်းကောင်း၊

– သင်ဟာ ဆေးလိပ်သောက်သူတစ်ယောက်ဖြစ်လျှင်သော်လည်းကောင်း

– သင့်အသက် ၃၅နှစ်ကျော်လျှင်သော်လည်းကောင်း …ခုပြောတဲ့ ဟော်မုန်း ၁မျိုးတည်းပါဆေးကဒ် (POP) ကို ရွေးချယ်သုံးစွဲနိုင်ပါတယ်။

ခုပြောသွားတဲ့ နေ့စဉ်သောက်ဆေးကဒ် (၂) မျိုးစလုံးက …..သင့်အနေနဲ့ စနစ်တကျ အချိန်မှန် အသုံးပြုမယ်ဆိုပါက ၉၉ရာခိုင်နှုန်းအထိ ကိုယ်ဝန်တားနိုင်စွမ်းမြင့်မားတာမို့ ရွေးချယ်သင့်တဲ့ စိတ်ချရသော နည်းလမ်းများဖြစ်ပါကြောင်း…….

ပိုင်နီမောင်

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…