သွေးတိုးသမားတွေ အားဆေးသောက်လို့ရရဲ့လား
သွေးတိုးသမားတွေ အားဆေးသောက်လို့ရမရ ဆိုတာကိုမပြောခင်` အရင် ‘သွေးတိုးသမားဆိုတာဘာလဲ’ ‘အားဆေးဆိုတာဘာလဲ’ ရှင်းအောင် အရင်ပြောဖို့လိုပါလိမ့်မယ်။
သွေးတိုးသမားလို့ ပြောရင် နားလည်မှုလွဲနေကြတာတွေ ရှိပါတယ်။
◾အမြဲတမ်းချိန်လိုက်တိုင်း သွေးပေါင်ချိန် ‘135/85mmHg’အထက်ကိုရောက်နေတဲ့ သွေးကျဆေးအမြဲသောက်ဖို့လိုတဲ့ ‘သွေးတိုးရောဂါ’နဲ့..
◾ဖိစီးမှုတစ်ခုခုကြောင့် ခဏတဖြုတ်တက်ပြီး ပြန်ကျသွားတတ်တဲ့ ‘ရောဂါမဟုတ်တဲ့ သွေးတက်ခြင်း’ ရယ်လို့ ရှိပါတယ်။
ဒီနှစ်မျိုးလုံးက သွေးတိုးသမားလို့ ကိုယ့်ကိုယ်ကိုယူဆတတ်ကြပါတယ်။
‘အားဆေး’ဆိုတာကတော့ ရှင်းပါတယ်။တော်တော်များများတူကြပါတယ်။ဒါပေမဲ့ စိတ်ဖိစီးမှုအတွက်၊ အာရုံကြောအတွက်၊ ကိုယ်ခံအားအတွက်၊ အမျိုးသားအတွက်၊ အမျိုးသမီးအတွက်၊ လူကြီးအတွက်၊ ကလေးအတွက်..စသည်ဖြင့်ပေါ့ ရည်ရွယ်ချက် မတူတဲ့ အားဆေးတွေမှာတော့ ပါဝင်တဲ့ ဗိုက်တာမင်တွေ သတ္ထုဓာတ်တွေ နည်းနည်းကွဲပြားနိုင်ပါတယ်။
သွေးတိုးသမားတွေ အားဆေးသောက်လို့ရရဲ့လားဆိုရင်တော့ သောက်လို့ရပါတယ်လို့ပဲ ဖြေရမှာပါ။
?တကယ်သွေးတိုးရောဂါရှိသူတွေ
ဒီလူတွေမှာ နံပါတ်တစ်အရေးအကြီးဆုံးက သွေးကျဆေးကို တစ်ကြိမ်တောင်မပျက်အောင် သောက်ဖို့ပါ။
ဒီလိုလူနာတွေမှာ သွေးတိုးရောဂါအပြင် နောက်ဆက်တွဲရောဂါတွေ၊ တွဲဖြစ်တတ်တဲ့ရောဂါတွေရှိနိုင်တဲ့ အတွက် သောက်ရတဲ့ဆေးတွေလည်း များနေတတ်ပါတယ်။
နှစ်ရှည်လများသောက်လာရတဲ့အခါ လူနာတွေဟာ ဆေးတွေကို စိတ်ကုန်လာတတ်ပါတယ်။ဒီအခါမှာ နေလည်းကောင်းနေတဲ့အတွက် ဆေးအားလုံးဖြတ်ပစ်လိုက်တာမျိုး လုပ်တတ်ပါတယ်။
ဒါ့အပြင် လူနာတွေရဲ့ ဖြစ်တတ်တဲ့ သဘောတစ်ခုက ရောဂါအတွက် သောက်ရတဲ့ ဆေးတွေထက် အားဆေးတွေအပေါ်မှာ မျှော်လင့်ချက်ပိုကြီးတတ်ပါတယ်။
ဒီတော့ အားဆေးတွေကြောင့် ဆေးသောက်ရပိုများသွားတာ ငွေကုန်ကြေးကျပိုများတာတွေက ရေရှည်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်မလာစေဖို့တော့ သတိပြုရပါမယ်။
အားဆေးကိုပဲ ရှေ့တန်းတင်လို့မရပါဘူး။အားဆေးသောက်ခြင်းက အန္တရာယ်မဖြစ်စေနိုင်ပေမဲ့ အဓိကနဲ့ သာမည ကွဲပြားဖို့လိုပါတယ်။
?သွေးကျဆေးသောက်ဖို့မလိုတဲ့ ခဏတဖြုတ် သွေးတက်လေ့ရှိသူတွေ
ဒီလူတွေ သွေးတက်ရတဲ့ အဓိကအကြောင်းရင်းကတော့ စိတ်ဖိစီးမှု လူပင်ပန်းမှုကြောင့်ဖြစ်ပါတယ်။ဒီအခြေအနေမျိုးမှာတော့ စိတ်ဖိစီးမှုဒဏ်ကိုခံနိုင်စေမဲ့ ကိုယ်ခံအားတက်စေမဲ့ အပင်ပန်းခံနိုင်စေမဲ့ အားဆေးတွေက အကျိုးပိုဖြစ်စေပါလိမ့်မယ်။
ဒြပ်တိုးဆန့်ကျင်မှုဆန့်ကျင်တဲ့ antioxidant ဂုဏ်သတ္တိပါဝင်တဲ့ အားဆေးတွေက ဒီလိုဖိစီးမှုတွေကို လျှော့ချပေးနိုင်တာမို့ ဒီလိုသွေးတက်သူတွေအတွက် အားဆေး ပိုလိုအပ်တယ်လို့ ပြောလို့ရပါတယ်။
ခန္ဓာကိုယ်ရဲ့ သွေးပေါင်ချိန် ထိန်းညှိခြင်းလုပ်ငန်းစဉ်မှာ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ဗိုက်တာမင်ဒီ တို့ပါဝင်တဲ့အတွက် ဒီဓာတ်တွေ ချို့တဲ့လာတဲ့အခါမှာလည်း သွေးပေါင်တက်လာနိုင်တယ်လို့ဆိုကြတဲ့အတွက် ဒါတွေပါဝင်တဲ့ အားဆေးတွေကလည်း အကျိုးရှိစေမှာပါ။
အချုပ်ဆိုရရင်တော့ ဘာကြောင့်ပဲသွေးတိုးတိုး သွေးတိုးသမားတွေ အားဆေးသောက်ချင်ရင် သောက်လို့ ရပါတယ်။ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ သောက်တာတော့ အကောင်းဆုံးပါပဲ..။
ကျန်းမာပျော်ရွှင်ကြပါစေ..
Dr ဖြိုးဝေလင်း
(4.9.19)