လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ သောက် သုံးနိုင်ကြတာ ဖြစ်တဲ့အတွက် ဘယ်လောက်သောက်သောက်မမူးခြင်းဟာ ကျန်းမာရေးအတွက် အန္တရာယ်များစွာ ရှိပါတယ်။
အရက်ဟာ လူတစ်ယောက်နဲ့တစ်ယောက်အပေါ် ကွဲပြားတဲ့ သက်ရောက်မှုများ ရှိနိုင်ပါတယ်။ အရက်ကို ခံနိုင်ရည် ရှိနေခြင်း၊ တစ်နည်းအားဖြင့် ဘယ်လောက်သောက်သောက်မမူးခြင်း ရဲ့ အကြောင်းရင်းတွေကတော့-
မျိုးရိုးဗီဇ- မျိုးရိုးဗီဇအချက်များဟာ အရက်ကို ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်စဉ်ဖြင့် ချေဖျက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ အချို့သောလူများမှာ သဘာဝအားဖြင့် အရက်ကို ပိုမိုလျင်မြန်စွာ ချေဖျက်နိုင်တဲ့ အင်ဇိုင်းများရှိနေတဲ့အတွက် ဘယ်လောက်သောက်သောက်မမူးတာ ဖြစ်ပါတယ်။
အင်ဇိုင်းထုတ်လုပ်မှု- အသည်းဟာ အရက်ကို ချေဖျက်ရန် alcohol dehydrogenase (ADH) နှင့် aldehyde dehydrogenase (ALDH) ကဲ့သို့သော အင်ဇိုင်းများကို ထုတ်လုပ်ပါတယ်။ အဆိုပါအင်ဇိုင်းများနေသူတွေမှာ အရက်ဒဏ်ကို ခံနိုင်ရည်ပိုမြင့်နိုင်ပါတယ်။
ပုံမှန်သောက်သုံးခြင်း- အရက်အများအပြားကို အဆက်မပြတ်သောက်ခြင်းဟာ အချိန်ကြာလာသည်နှင့်အမျှ အရက်ဒဏ်ကို ခံနိုင်ရည် တိုးလာစေပါတယ်။ ခန္ဓာကိုယ်က အရက်ကို လိုက်လျောညီထွေဖြစ်လာပြီး အရက်ရဲ့ အကျိုးသက်ရောက်မှုများကို အာရုံခံနိုင်စွမ်းလျော့နည်းလာစေပါတယ်။
အကြိမ်ရေ- အရက်ကို မကြာခဏ သောက်သုံးရင် ခန္ဓာကိုယ်က အရက်ကို ကျင့်သားရလာတာကြောင့် ဘယ်လောက်သောက်သောက်မမူးတော့တာပါ။
ခန္ဓာကိုယ်ဖွဲ့စည်းမှု- ခန္ဓာကိုယ်အလေးချိန် ပိုများပြီး ကြွက်သားထုထည်ပိုကြီးသော လူများမှာ ခန္ဓာကိုယ်အတွင်း အရက် ဖြန့်ကြက်သွားနိုင်တဲ့ ဧရိယာ ပမာဏ ပိုများတာကြောင့် အရက်အပေါ်ခံနိုင်ရည်ပိုရှိနိုင်ပါတယ်။
အစားအသောက် စားသုံးခြင်း- အရက်မသောက်မီ သို့မဟုတ် သောက်နေစဉ် အမြည်းစားသုံးခြင်းဟာ အရက်ရဲ့ စုပ်ယူမှုကို နှေးကွေးစေပြီး အရက်မူးခြင်း ဆိုးကျိုးများကို လျှော့ချနိုင်ခြေရှိပါတယ်။
အရက်ကိုခံနိုင်ရည်ရှိတဲ့သူ (သို့) ဘယ်လောက်သောက်သောက်မမူးတဲ့သူတစ်ယောက်အနေနဲ့ အရက်မူးဖို့ဆိုရင် သူများတွေထက်စာရင် အရက်ပမာဏ ပိုများများသောက်ဖို့လိုပါတယ်။ အရက်ကို အလွန်အကျွံသောက်တဲ့အခါ အသည်းပျက်စီးခြင်း၊ အရက်စွဲခြင်း နှင့် အခြားသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ အပါအဝင် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါ့ကြောင့် အဲ့လိုလူတွေ အရက် သောက်တဲ့အခါ တော်ရုံနဲ့ မူးမှာမဟုတ်တဲ့အတွက် အရက်သောက်သုံးမှုနှင့် ဆက်စပ်၍ ဖြစ်လာနိုင်သော ဆိုးကျိုးများကို ရှောင်ရှားရန် ကိုယ့်အတွက် ကိုယ်ပိုင် အကန့်အသတ်၊ သတ်မှတ် ချက် ပမာဏ ထားရှိပြီးမှသာ ကန့်သတ်သောက်သုံးသင့်ပါတယ်။
ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။
#DrShoon(ဆေး-၁)
#myDoctor
#Telemedicine