ကပ်ရောဂါတွေကကြောင့်တစ်မျိုး၊ ရာသီတုပ်ကွေးကြောင့်တစ်ဖုံ နေမကောင်းဖြစ်ကြရတာကတော့ လူတိုင်းလူတိုင်း ပါပဲ။ အခုချိန်ထိ မဖျားသေးဘူးဆိုရင်တောင် ခေတ်မမှီတော့သလို ဖြစ်နေပြန်ပါတယ်။
ကျန်းမာခြင်းက လာဘ် တစ်ပါးပဲမို့ မကျန်းမာတဲ့ အခါ မိမိတိုနေ့စဉ် လုပ်ငန်းဆောင်တာတွေကိုတောင် မဆောင်ရွက်နိုင်တဲ့ အတွက် နည်းနည်းဖျားချင်သလိုဖြစ်တာနဲ့ နီးစပ်ရာဆေးခန်းတွေ မှာ ဆေးထိုး ဆေးသောက် လုပ်လာကြပါတယ်။ ဆရာရယ် ကြိုတင်ပြီး မဖျားအောင် ကာကွယ်တဲ့ အနေနဲ့ လာပြီး ဆေးထိုးတယ် ဆိုတဲ့ သူတွေလည်း ဆေးခန်းမှာ တွေ့လာရပါတယ်။ အခုစာစုလေးမှာ တော့ အိမ်မှာနေရင်း အဖျားတငွေ့ငွေ့ဖြစ်နေရင် ဘာတွေ လုပ်သင့်တယ် ဆိုတာကို ပြောပြပေးသွားပါမယ်။
၁၊ ဖျားရတဲ့ အကြောင်းအရင်းကိုရှာဖွေပါ။
အဖျားတငွေ့ငွေ့ဖြစ်တယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ Bacteria, Virus စတဲ့ ရောဂါပိုး တစ်ခုခု ရှိနေခဲ့ရင် သူတို့က ထွက်တဲ့ ဓါတ်တွေကြောင့် inflammation ဖြစ်ပေါ်တဲ့ အတွက် အဖျားက ပေါ်လိုက် ကျသွားလိုက် ဖြစ်နေရခြင်းပဲဖြစ်ပါတယ်။ တစ်ပတ်လောက်ထိ ကြာရင်တော့ Medical check up လုပ်ကြည့်ပြီး သွေးစစ်တာ၊ ဓါတ်မှန်ရိုက်တာတွေ ပြုလုပ်သင့်ပါတယ်။
၂၊ ဆေးကို သေချာသောက်ပါ။
တစ်ချို့သောသူတွေမှာ အဖျားကျဆေး Paracetamol သောက်လိုက်ရင် ခဏ အဖျားကျသွားတယ်၊ ၂နာရီလောက်နေရင် ပြန်ပြန် အဖျားတက်တာမျိုးတွေ ကြုံရတတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆေးရဲ့ Dosage ကို အပြည့်မသောက်မိလို့ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် Body weight ကိုလိုက်ပြီး Paracetamol ပါတဲ့ ဆေးတစ်မျိုးမျိုးကို 500mg တစ်နေ့ ၃ကြိမ် မှ ၄ကြိမ် အထိ သောက်ပေးရပါတယ်။ တစ်ချို့ အရမ်းကိုယ်အလေးချိန် များတဲ့သူတွေဆို 750mg ထိ ပေးရတာတွေလည်း ရှိတတ်ပါတယ်။
၃၊ လုံလောက်စွာ အနားယူပါ။
နေမကောင်းဖြစ်တဲ့ အချိန်တွေမှာ တစ်ရက်ကို အနည်းဆုံး ၇ နာရီမှ ၈နာရီလောက်ထိ အိပ်ပေးသင့်ပါတယ်။ အနားများများယူမှ ကိုယ်ခန္ဓာရဲ့ immune system မြန်မြန် အလုပ်လုပ်နိုင်ပြီး ဖျားတာတွေ ထပ် မဖြစ်စေနိုင်တော့ပါဘူး။
၄၊ ရေဓါတ်ပြည့်ဝနေပါစေ။
ရှင်းပါတယ်။ ရေသောက်ပေးပါ၊ ရိုးရိုးရေကို တစ်ရက် ၃လီတာမှ ၄လီတာခန့် အထိ ဝင်အောင် သောက်ပေးခြင်းဖြင့် သွေးစီးဆင်းမှု ကောင်းစေပြီး မြန်မြန် အဖျားပျောက်စေမှာပဲ ဖြစ်ပါတယ်။
၅၊ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသပါ။
အဖျားတငွေ့ဖြစ်တဲ့ ပြသနာတွေထဲမှာ အရေးအကြီးဆုံး တီဘီ ရောဂါ ပါဝင်ပါတယ်။ ချောင်းလဲဆိုးနေမယ် သလိပ် အရောင်ဝါဝါတွေပါနေမယ်၊ ညနေစောင်းတိုင်း ဖျားလာတတ်တယ် ဆိုရင်တော့ တီဘီရောဂါကို မေ့ထားလို့ မရပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပြီး လိုအပ်တဲ့ ဆေးကုသမှု ခံယူသင့်ပါတယ်။
ဒီလောက်ဆိုရင်တော့ အဖျားတငွေ့ငွေ့ ဖြစ်ရင် ဘာလုပ်ရမလဲ သတိထားမိလောက်ပြီလို့ ထင်မိပါတယ်။
ကမ္ဘာသူ၊ကမ္ဘာသားတွေ ကျန်းမာချမ်းသာကြပါစေ။