===========
ယနေ့အချိန်တွင် ကမ္ဘာကြီးပူနွေးလာသည်နှင့် အမျှ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လည်း အပူဒဏ်ကို အနည်းနှင့် အများ ခံစားကြရပေသည်။ အများအားဖြင့် နေပူထဲတွင် အလုပ်လုပ်သောသူများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသည် အပူဒဏ်ကို ပို၍ခံစားကြရသည်။အပူဒဏ်ကြောင့် ဖြစ်သော ကျန်းမာရေးပြဿနာများကို မဖြစ်စေဖို့ အပူဒဏ်ကို ဤသို့ကာကွယ်ကြရအောင်။ အပူချိန်လွန်ကဲလာခြင်းသည် ချွေးထွက်များခြင်း နှင့် ခန္တာကိုယ်မှ ရေဓာတ်များဆုံးရူံးစေသဖြင့် ရေဓာတ်ခန်းခြောက်ခြင်းသည် အဓိကပြဿနာဖြစ်ပေသည်။
•နံနက် (၁၀) နာရီမှ ညနေ (၄) နာရီ အတွင်း နေရောင်နှင့် တိုက်ရိုက်ထိတွေ့ခြင်း တတ်နိုင်သမျှရှောင်ကြဉ်ပါ။ အပြင်သွားရန်လိုအပ်ပါက ထီး၊ ဦးထုပ် စသောအကာအကွယ်များ အသုံးပြုပါ။
•ရာသီဥတုနှင့် ကိုက်ညီသော အဝတ်အစားများ ဝတ်ဆင်ပါ။ အရောင်ဖျော့သောအဝတ်အစားများ၊ ပွပွချောင်ချောင်ရှိသော အဝတ်များ၊ ချည်ထည်များသည် နွေရာသီတွင် အကောင်းဆုံးဖြစ်ပါသည်။
•နေရောင်အောက်တွင် ပြင်းထန်သောလေ့ကျင့်ခန်းများ မပြုလုပ်သင့်ပါ။
•ရေများများသောက်ပါ။
•နေပူထဲတွင် အလုပ်လုပ်နေသူနှင့် အားကစားသမားများအနေဖြင့် အလုပ်လုပ်နေစဉ်အတွင်း ၁၅ မိနစ်လျှင် ၁ ကြိမ်ခန့် ရေသောက်ပေးပါ။ ချွေးထွက်လွန်ကဲ ပါက ဓာတ်ဆားဖျော်သောက်ပါ။ သစ်သီးဖျော်ရည်များလည်းသောက်သုံးနိုင်ပါသည်။
•ဆီးအရောင်ကို လေ့လာပါ။ အကြည်ရောင် သို့ အဝါဖျော့ဖျော့သည် ပုံမှန်အရောင်ဖြစ်ပါသည်။ ဆီးသွားနည်းသွားပါက ရေပိုသောက်ပေးရန် လိုအပ်ပါသည်။
•အရိပ်ကောင်းကောင်းရှိသော နေရာတွင် အပူလျော့ချနိုင်ရန် အနားယူပေးပါ။
•အလုပ်ရှင်များအနေဖြင့် ပူပြင်းသောရာသီတွင် သောက်သုံးရေ၊ လုံလောက်သော အနားယူချိန်နှင့် အရိပ်ရှိသောနေရာများ ဖန်တီးပေးရန် လိုအပ်ပါသည်။
•ပူပြင်းသော ပတ်ဝန်းကျင်တွင် အချိန်ကြာမတ်တပ်ရပ်ရမည်ဆိုပါက အပူကြောင့် ဖောရောင်ခြင်းမဖြစ်အောင် ခြေထောက်ကို ကွေးလိုက်ဆန့်လိုက် ပြုလုပ်ပေးပါ။ လိုအပ်ပါက ဆွဲသား ခြေအိတ်ဝတ်ဆင်ပါ။
•အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
•အရက်သောက်ခြင်းသည် ရေဓာတ်ခန်းခြောက်မှုကို အားပေးပါသည်။
•လူကြီးများ၏ ခန္ဓာကိုယ်သည် အပူဒဏ်နှင့် နေသားတကျဖြစ်ရန် ၈ ရက်မှ ၁၄ရက် ခန့်ကြာ၍ ကလေးများသည် ၁၀-၁၄ရက်ခန့်ကြာတတ်သည်။ ထို့ကြောင့် ပူပြင်းသောနေရာသို့ ခရီးသွားပါက နေသားမကျမီ ကာယလုပ်အားများကို လျော့ချရန် လိုအပ်ပါသည်။
” တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး “
#myDoctor
#ရီချို(ဆေး ၁)