ကလေးဘဝမှာ ကစားသင့်သလောက်ကစားတာ လှုပ်ရှားတာဟာ ကလေးအတွက် ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ ခန္ဒာကိုယ်ဖွံ့ဖြိုးမှုထောက်ပံ့ပေးသလို ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ကလေးနဲ့ မဆိုင်သေးတဲ့ စမတ်ဖုနး်တွေကို သုံးစွဲမှုများတာက ကလေးအတွက် လှုပ်ရှားမှုတွေကိုလည်း နညး်ပါးသွားစေသလို စိတ်အလိုမကျမှု တွေသာများလာစေပါတယ်။ ကလေးကို ငြိမ်အောင် အမြဲသုံးခိုင်းထားပြီး ပြန်ပြီးလျော့ရတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေနည်းပါးသွားပြီး လိုချင်တာ မရတဲ့အပေါ်ရန်မူလိုတဲ့အလေ့အထတွေသာ များလာနိုင်ပါတယ်။
စမတ်ဖုန်းတွေ အလွန်အကျွံသုံးမိတဲ့အခါမှာလည်း IQနိမ့်ကျတာ၊ အိပ်ရေးပျက်တာ၊ ဦးနှောက်အကျိပ်ဆိုင်ရာ ဝေဒနာတွေဖြစ်လာနိုင်ပါတယ်။ ဖုန်းနဲ့ထိတွေ့မှုများတဲ့ ကလေးတွေဟာ အပြုအမူပိုင်းကို ထိခိုက်မှုများကြောင်းလည်းသုတေသနပြုသူများက ထောက်ပြထားပါတယ်။ ငယ်ရွယ်တဲ့ကလေးငယ်မှာ ဦးနှောက်ကင်ဆာနဲ့ဦးနှောက်အကျိပ်ကင်ဆာတွေဖြစ်လာတတ်ပါတယ်။ ကင်ဆာဖြစ်နိုင်ချေအပြင် မိုဘိုင်းဖုန်းတွေက အာရုံကြောစနစ်တွေကိုလွှမ်းမိုးမှုရှိပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ ခေါင်းကိုက်ခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်း၊ စိတ်တိုလွယ်ခြင်း၊ အိပ်မပျော်ခြငး်နဲ့
စိတ်ဓာတ်ကျခြင်းတွေဖြစ်လာနိုင်ပါတယ်။ Screen timeအရမ်းများခြင်းက ဦးနှောက်လုပ်ဆောင်ချက်ကို ထိခိုက်စေပါတယ်။ ပျော်ရွှင်တဲ့စိတ်တွေလျော့ကျသွားတာ မေ့လွယ်တာ ပတ်ဝန်းကျင်ကိုလေ့လာလိုစိတ်နည်းပါးတာ စိုးရိမ်သောကနဲ့ စိတ်ဖိဆီးမှုများလာတာ အဝလွန်တာ နဲ့ စိတ်ကျရောဂါကြောင့် သတ်သေမှုတွေရှိလာတာတွေက ဖုန်းအသုံးပြုခြင်းတွေနဲ့ ဆက်နွယ်လို့နေပါတယ်။ ဖုန်းပေါ်မှာအချိန်ကုန်မယ့်အစား ပြေးလွှားကစားစေတာ၊ သူငယ်ချင်း အပေါင်းအသင်းလေးတွေ ထားရှိခိုင်းတာ၊ ဦးနှောက်တိုးမြှင့်စေမယ့်ဂိမ်းလေးတွေကစားစေတာက ကလေးအတွက်ပိုပြီးကောင်းမွန်ပါတယ်။
လေ့လာချက်တွေအရ မိုဘိုင်းဖုံးကို အသက် ၁၆နှစ်အထက်ရောက်တဲ့ ကလေးများကိုသာ ပေးသင့်တယ်လို့ဆိုပါတယ်။ ၁၆နှစ်အောက်ကလေးတွေအနေနဲ့ ဖုန်းရဲ့ဓာတ်ရောင်ခြည်သင့်မှုကို ခံရနိုင်တာကြောင့်ဖြစ်ပါတယ်။ငယ်သေးတဲ့ကလေးတွေအနေနဲ့ သက်ဆိုင်တဲ့ ပညာသင်ကြားမှုတွေမှာ လိုအပ်တဲ့အချိန်လေးကိုသာ ဖုန်းအင်တာနက်အသုံးပြုတတ်တဲ့အလေ့အထလေးကိုဖန်တီးပေးသင့်ပါတယ်။ ဒီပစ္စည်းတွေရဲ့ကောင်းကျိုးဆိုးကျိုးတွေကို နားလည်အောင်ရှင်းပြပေးသင့်ပါတယ်။
ငယ်ရွယ်စဉ်မှာ ဖုန်းအသုံးပြုစေခြင်းက သက်တူရွယ်တူတွေရဲ့ဖိအားတွေ ဆိုင်ဘာတိုက်ခိုက်ခံရခြင်းတွေပေါင်းသင်းဆက်ဆံရေးမကောင်းခြင်းတွေ လူမှုကွန်ယက်မီဒီယာကို အလွန်အမင်းအားကိုးပြီးစွဲလမ်းခြင်းတွေ စတဲ့ မကောင်းတဲ့အချက်တွေက ပိုပြီးများပြားပါတယ်။
ဒါကြောင့်သင့်ကလေးငယ်ကို သွက်လက်ချက်ချာကာ တွေးခေါ်မျှော်မြင်တတ်ပြီး လူမှုပေါင်းသင်းဆက်ဆံရေးဝင်ဆန့်တဲ့ ကလေးငယ်တစ်ဦး ဖြစ်စေချင်တယ်ဆိုရင် ငယ်စဉ်ကတည်းအလွယ်တကူနဲ့ ဖုန်းပေးမကိုင်ကြဖို့ကိုတိုက်တွန်းလိုက်ရပါတယ်။
ဒေါက်တာနိုင်း(ဆေး-၁)