လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ လျှာကို ချက်ချင်းနာကျင်စေပြီး မသက်မသာဖြစ်စေနိုင်ပါတယ်။

(၂) အနာဖြစ်ခြင်း (Canker Sores) – လျှာ သို့မဟုတ် ပါးစပ်ရဲ့ အခြားအစိတ်အပိုင်းများမှာ ပေါက်တဲ့ သေးငယ်ပြီး နာကျင်သောအနာများဖြစ်ပါတယ်။ အကြောင်းရင်းအတိအကျကို မသိရသေးသော်လည်း စိတ်ဖိစီးမှု၊ ဟော်မုန်း ပြောင်းလဲမှု သို့မဟုတ် အချို့သောအစားအစာများကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအနာများဟာ မကူးစက်တတ်ဘဲ ပုံမှန်အားဖြင့် တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း သူ့ဘာသာသူ သက်သာသွားတတ်ပါတယ်။

(၃) ခံတွင်းမှက္ခရု (Oral Thrush) – Candida မှိုပိုးကြောင့်ဖြစ်ရတဲ့ မှိုပိုးကူးစက်မှုက လျှာနဲ့ ပါးစပ်အတွင်း အဖြူရောင် အကွက်တွေ ဖြစ်ပေါ်လာပြီး နာကျင်မှုနဲ့ မသက်မသာဖြစ်စေပါတယ်။

(၄) ဗိုင်းရပ်စ်ပိုးဝင်ခြင်း- ရေယုန်ဗိုင်းရပ်စ်ကဲ့သို့သော ဗိုင်းရပ်စ်များဟာ လျှာ သို့မဟုတ် ပါးစပ်တစ်ဝိုက်မှာ အနာအဖုများဖြစ်စေနိုင်ပြီး နာကျင်စေနိုင်ပါတယ်။

(၅) ခံတွင်းပူခြင်း ရောဂါလက္ခဏာစု (Burning Mouth Syndrome) – လျှာနှင့် ပါးစပ်ရဲ့ အခြားအစိတ်အပိုင်းများမှာ ပူစပ်ပူလောင်ခံစားရခြင်းပါ။ ဖြစ်ရတဲ့ အကြောင်းရင်းကို အပြည့်အဝနားမလည်သော်လည်း အခြားသော ရောဂါ အခံ တစ်ခုခုနှင့် ဆက်စပ်နေနိုင်ပါတယ်။

(၆) လျှာရောင်ခြင်း – လျှာမှာ နာကျင်ခြင်း၊ နီရဲရောင်ကိုင်းနေခြင်း၊ မအီမသာဖြစ်ခြင်းနှင့် လျှာအသွင်အပြင် ပြောင်းလဲခြင်းများ အပါအဝင် အမျိုးမျိုးသော လက္ခဏာများ ဖြစ်ပေါ်နိုင်ပြီး အကြောင်းအရင်း အမျိုးမျိုးကြောင့် လျှာရောင်ခြင်း ဖြစ်နိုင်ပါတယ်။

(၇) ဓာတ်မတည့်ခြင်းကို တုံ့ပြန်မှုများ- အချို့သောအစားအစာများ၊ ဆေးဝါးများ၊ သို့မဟုတ် သွားနှင့်ခံတွင်း ဆိုင်ရာ ပစ္စည်းများနှင့် ဓာတ်မတည့်ပါက လျှာနာခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

(၈) အာဟာရချို့တဲ့ခြင်း- ဗီတာမင် B12 ကဲ့သို့ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ချို့တဲ့ပါက လျှာနာခြင်း၊ နီရဲခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို ဖြစ်စေနိုင်ပြီး နာကျင်မှုနှင့် အခြားလက္ခဏာများကို ဖြစ်စေနိုင်ပါတယ်။

(၉) လျှာကို irritation ဖြစ်စေသောအရာများ – ပူသော သို့မဟုတ် စပ်သောအစားအစာများ စားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက် ခြင်း၊ သို့မဟုတ် အက်စစ်ဓာတ်လွန်ကဲသော ခံတွင်းသန့်ဆေးများကို အသုံးပြုခြင်းဟာ လျှာကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေပြီး မသက်မသာဖြစ်စေပါတယ်။

(၁၀) ခံတွင်းကင်ဆာ – အဖြစ်နည်းသော်လည်း ခံတွင်းကင်ဆာဟာ အထူးသဖြင့် လျှာပေါ်မှာ အနာ၊ အနီရောင် (သို့) အဖြူကွက်များ၊ အခြားသော မူမမှန်မှုများ ရှိနေပါက ဆက်တိုက် လျှာနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။

တကယ်လို့ သင်ဟာ လျှာနာကျင်မှုကို ခံစားရပါက သက်သာပျောက်ကင်းစေရန် လုပ်ဆောင်နိုင်သော အချက် အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

–      ခံတွင်းသန့်ရှင်းရေးကို ကောင်းမွန်စွာ ထိန်းသိမ်းပါ။ သွားများနှင့် လျှာကို နူးညံ့သော အမွေးအမှင်ရှိသော သွားတိုက်တံကို အသုံးပြု၍ ဖြည်းညှင်းစွာ ပွတ်တိုက်ပေးပါ။ ပါးစပ်ကို ဆေးရန် အပျော့စား အယ်လ်ကိုဟောမပါသော ခံတွင်းသန့်ဆေးကို အသုံးပြုပါ။

–      ဆားရည်ဖြင့် ဆေးကြောပါ။ ရေနွေးနွေးတစ်ခွက်ထဲမှာ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရောမွှေ လိုက်ပါ။ ဆားရည်ကို ပလုတ်ကျင်းပြီး ပါးစပ်ထဲ စက္ကန့် ၃၀ ခန့် ပွတ်တိုက်ပြီး ထွေးထုတ်လိုက်ပါ။ ရောင်ရမ်းမှုကို လျော့ပါးစေပြီး အနာကျက်စေရန် ကူညီပေးနိုင်ပါတယ်။

–      အကိုက်အခဲပျောက်ဆေးသောက်ပါ။ Ibuprofen သို့မဟုတ် acetaminophen ကဲ့သို့သော  အကိုက်အခဲ ပျောက်ဆေးများဟာ နာကျင်မှုကို သက်သာစေပြီး ရောင်ရမ်းမှုကို လျှော့ချရန် ကူညီပေးနိုင်ပါတယ်။ အကြံပြုထားသော ဆေးပမာဏကို လိုက်နာပါ။ အစာအိမ်ရောဂါရှိသူများကတော့ အကိုက်အခဲပျောက် ဆေးသောက်မယ်ဆိုရင် သတိထားသင့်ပါတယ်။

–      လိမ်းဆေးလိမ်းပါ။ benzocaine ပါ၀င်သော ပါးစပ်လိမ်းဆေးများဟာ နာကျင်နေတဲ့နေရာကို ထုံကျင် စေပြီး ယာယီသက်သာရာရစေနိုင်ပါတယ်။

–      လျှာကိုပိုမိုနာကျင်စေမည့် အစပ်၊ အက်ဆစ် သို့မဟုတ် ကြမ်းတမ်းမာကျောသော အစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

–      ရေဓာတ်ပြည့်ဝနေပါစေ။ ရေများများသောက်ခြင်းက ပါးစပ်ကို ရေဓာတ်ထိန်းပေးနိုင်ပြီး နောက်ထပ် မသက်မသာဖြစ်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

–      ဆေးလိပ်နှင့် အရက်ကို ရှောင်ပါ။ ဆေးလိပ်နှင့် အရက်ဟာ ခံတွင်းကို ထိခိုက်စေနိုင်ပြီး အနာကျက်ခြင်း ကို နှောင့်နှေးစေပါတယ်။

–      အေးသောအစားအစာများဖြင့် သက်သာစေပါ။ ဒိန်ချဉ်၊ ရေခဲမုန့်၊ သို့မဟုတ် အအေးများကဲ့သို့သော အအေးဓာတ်များသော အစားအစာများကို စားသုံးခြင်းဟာ လျှာနာခြင်းကို သက်သာစေနိုင်ပါတယ်။

–      ပျားရည် သို့မဟုတ် ရှားစောင်းလက်ပတ်ဂျယ်ကဲ့သို့သော သဘာဝပစ္စည်းအချို့ဟာ အနာသက်သာစေတဲ့ ဂုဏ်သတ္တိများ ရှိပါတယ်။ ဓါတ်မတည့်တာမရှိဘူးဆိုရင် အနာနေရာကို အနည်းငယ် လိမ်းပေးပါ။

လျှာနာကျင်မှုဟာ ပြင်းထန်ပါက၊ တစ်ပတ်ထက်ပို၍ ဆက်ဖြစ်နေပါက သို့မဟုတ် အခြားသော လက္ခဏာများ (ဥပမာ-သွေးထွက်ခြင်း၊ ဖျားခြင်း၊ သို့မဟုတ် အစာမျိုရခက်ခဲခြင်း) များရှိနေပါက ဆရာဝန်နဲ့ပြပြီး လိုအပ်တဲ့ ဆေးကုသမှုများ ခံယူရန် အကြံပြုလိုပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#DrShoon(ဆေး-၁)

#myDoctor

#Telemedicine

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *