လေလည်ခြင်း ဆိုတာ အစာခြေမှု လုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်မှ ပိုလျှံနေသော လေ (သို့) ဓာတ်ငွေ့များကို စွန့်ထုတ်ရန် လိုအပ်တဲ့အခါ ဖြစ်ပေါ်တဲ့ သဘာဝအလျောက် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။
လေလည်ခြင်း ဆိုတာ သင့်ရဲ့ အစာခြေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။
အစာခြေခြင်းဆိုင်ရာလုပ်ဆောင်ချက်- လေလည်တယ်ဆိုတာ အစာခြေခြင်းဖြစ်စဉ်ရဲ့ ရလဒ်ဖြစ်ပါတယ်။ စားသောက်တဲ့အခါ ခန္ဓာကိုယ် က အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ အစာကို ဖြိုခွဲပါတယ်။ အဆိုပါ လုပ်ငန်းစဉ် ကနေ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် မီသိန်းကဲ့သို့သော ဓာတ်ငွေ့များကို ထုတ်လုပ်ပါ တယ်။ မအီမသာဖြစ်ခြင်းနှင့် လေထခြင်းတို့မှ ကာကွယ်ရန် အဆိုပါဓာတ်ငွေ့များကို ခန္ဓာကိုယ်ထဲကနေ အပြင်သို့ ထုတ်လွှတ်ပေးဖို့ လိုအပ်ပါ တယ်။
ပုံမှန် အကြိမ်ရေ- ပျမ်းမျှလူတစ်ယောက်ဟာ တစ်နေ့လျှင် ၅ ကြိမ်မှ ၁၅ ကြိမ်ခန့် လေလည်တတ်ပါတယ်။ လေလည်တဲ့ အကြိမ်ရေဟာ အစားအသောက်၊ စားသောက်မှုအလေ့အထနှင့် ကျန်းမာရေးအခြေအနေ စတဲ့ အချက်များ အပေါ် မူတည်၍ ကွဲပြားနိုင်ပါတယ်။
အစားအသောက် – အချို့သောအစားအစာများဟာ အခြားအစားအစာများထက် လေပိုလည်စေပါတယ်။ ပဲ၊ ပဲနီလေး၊ ဘရိုကိုလီနဲ့ ဂေါ်ဖီထုပ်လိုမျိုး အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက gas ပိုထွက်စေပါတယ်။ Gas ပါတဲ့ carbonated အချိုရည်တွေကလည်း လေများများလည်စေပါတယ်။
လေကိုမျိုချခြင်း- အစာစားခြင်း၊ သောက်ခြင်း၊ သို့မဟုတ် စကားပြောတဲ့ အခါတွေမှာ လေကို မျိုချမိ နိုင်ပါတယ်။ မျိုချလိုက်တဲ့ လေတွေဟာ အစာခြေစနစ်ကိုဖြတ်သန်းသွားပြီး လေလည်ခြင်းအဖြစ် ပြန်လည် ထုတ်လွှတ်လိုက် ပါတယ်။
ဗိုက်ထဲတွင် လေများ လွန်ကဲလာခြင်း- ရံဖန်ရံခါ လေပွခြင်းဟာ ပုံမှန်ဖြစ်သော်လည်း၊ အစားအသောက် ရွေးချယ် မှု၊ အစာခြေစနစ်ချို့ယွင်းမှု သို့မဟုတ် အခြားကျန်းမာရေးပြဿနာများရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါ တယ်။ နာတာရှည်အူလမ်းကြောင်းပြဿနာတစ်ခုဖြစ်တဲ့ IBS၊ lactose သကြားဓာတ်ကို အစာအိမ်က ကောင်းကောင်း မချေဖျက်နိုင်ခြင်း (Lactose Intolerance) သို့မဟုတ် အချို့သော အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာပိုးဝင်ခြင်းကဲ့သို့သော အခြေအနေများဟာ gas ထွက်ရှိမှုနှင့် မသက်မသာ ဖြစ်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အနံ့ – စားလိုက်တဲ့အစားအစာနှင့် အူလမ်းကြောင်းဘက်တီးရီးယားပေါ်မူတည်ပြီး လေလည်တဲ့အနံ့ ကွဲပြားနိုင်ပါ တယ်။ ဆာလ်လဖာ ပါဝင်သော အစားအစာများ ကဲ့သို့သော အချို့သော အစားအစာတွေဟာ လေလည်တဲ့အခါ အနံ့အသက်ဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။
ကျန်းမာသောနေထိုင်မှုပုံစံ- မျှတသောအစားအစာကိုစားသောက်ခြင်း၊ ရေဓာတ်ပြည့်ဝနေခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းနှင့် စိတ်ဖိစီးမှုကို ထိန်းပေးခြင်းများဟာ အစာခြေစနစ်ကို ကျန်းမာကောင်းမွန်စေပြီး လေထခြင်း ကြောင့် မအီမသာဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။
လေလည်ခြင်း ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
– လေပွလေထခြင်းကို သက်သာစေတယ်
– အစာခြေစနစ် ကောင်းမွန်စွာအလုပ်လုပ်နေကြောင်းပြသတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်
– ဗိုက်အောင့်ဗိုက်နာခြင်း၊ ဗိုက်ထဲမအီမသာဖြစ်ခြင်းတို့ကို သက်သာစေတယ်
– အူလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားတွေကို ဟန်ချက်ညီမျှတစေတယ်
– ဝမ်းဗိုက်ထဲရှိ ဖိအားကို သက်သာစေတယ်
– စိတ်ဖိစီးမှုကို သက်သာစေတယ်
အလွန်အကျွံ လေလည်ခြင်း သို့မဟုတ် အလွန်အမင်း အနံ့ဆိုးထွက်တဲ့ လေလည်ခြင်းဟာ အစားအသောက် ရွေးချယ်စားသောက်မှု သို့မဟုတ် အစာခြေခြင်းမှာ ပြဿနာရှိနေတယ်ဆိုတာကို ညွှန်ပြနေတယ်ဆိုတာ သတိပြုဖို့ အရေးကြီးပါတယ်။ တကယ်လို့ သင့်အနေနဲ့ အဆက်မပြတ်မသက်မသာဖြစ်ခြင်းကို ခံစားနေရခြင်း၊ အစာခြေ ခြင်းမှာ ပြောင်းလဲမှုများဖြစ်ခြင်း သို့မဟုတ် သင့်ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ခြင်းများရှိနေပါက၊ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။
ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။
#DrShoon(ဆေး-၁)
#myDoctor
#Telemedicine