လေဖြတ်တာကို သင့်ဆီးချိုရောဂါနဲ့ဆိုင်တယ်လို့ယူဆလို့ရလား…❗
ဆီးချိုရောဂါဆိုတာ လေဖြတ်တာနဲ့တင်ဆက်စပ်နေတာတော့မဟုတ်ပါဘူး။ တခြား နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ မျက်လုံးရောဂါတချို့တွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။ လေဖြတ်တာကလည်း ဒီလိုဆီးချိုရောဂါရဲ့ နောက်ဆက်တွဲတစ်ခုပဲပေါ့။ ဆီးချိုရှိတဲ့အခါ သွေးကြောတွေဟာမာပြီး ကျဥ်းသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးကတော့ ဒီလိုကျဥ်းသွားတဲ့အတွက် ဦးနှောက်ကိုသွေးစီးဆင်းမှုမကောင်းတော့တာပါပဲ။
လေဖြတ်တယ်ဆိုတာ ကျွန်မတို့ဦးနှောက်သွေးကြောတွေပိတ်တဲ့အခါ(သို့)ထိခိုက်ပျက်စီးပြီးသွေးယိုတဲ့အခါ ဖြစ်လေ့ရှိပါတယ်။ ဒါတွေကြောင့် ဦးနှောက်ဟာ သွေးလုံလုံလောက်လောက်မရတာကို ဆီးချိုကလည်း သွေးစီးဆင်းမှုမကောင်းအောင်လုပ်တော့ သွေးလည်ပတ်မှုဟာလုံးဝမကောင်းတော့ပါဘူး။ ဆီးချိုတစ်ခုတည်းမဟုတ်ပဲ သွေးတိုးရှိတာ၊ ဆေးလိပ်သောက်တာ၊ မကောင်းတဲ့ LDL နဲ့ Cholesterol အဆီတွေများနေတာကလည်း ဦးနှောက်သွေးလည်ပတ်မှုကိုအနှောင့်အယှက်ပေးတာပါပဲ။ဖြစ်စေတဲ့အကြောင်းအရာအလိုက်ပဲ လေဖြတ်တာကိုလည်းသွေးကြောပိတ်လို့ဖြစ်တဲ့လေဖြတ်ခြင်းနဲ့ သွေးယိုလို့ဖြစ်တဲ့လေဖြတ်ခြင်းဆိုပြီးတော့ ခွဲခြားထားပါသေးတယ်။
လေဖြတ်တဲ့လက္ခဏာတွေကတော့…
မျက်နှာ၊ လက်၊ခြေထောက်စတာတွေမှာအားနည်းတာ ထုံတာတွေဖြစ်လာမယ်(အများအားဖြင့် ခန္တာကိုယ်တခြမ်းမှာပဲဖြစ်တာများပါတယ်)
အားနည်းလာတဲ့ဘက်မှာ လှုပ်ရှားလို့မရတော့တာ
စကားတွေပလုံးပထွေးဖြစ်လာတာ၊ စကားပြောဖို့ခက်ခဲလာတာ
အစာတွေ၊ ရေတွေမျိုချဖို့ခက်လာတာ
မျက်စိအမြင်တွေဝါးလာတာ
ခေါင်းမူးလာတာ၊ ရုတ်တရက်အရမ်းပြင်းထန်စွာ ခေါင်းကိုက်လာတာ
စည်းချက်မထိန်းနိုင်တော့တာ၊ ခဏသတိမေ့သွားတာ စတာတွေဖြစ်လာတတ်ပါတယ်။
ကုသမှုပိုင်းကတော့ လူနာရဲ့ရောဂါအခြေအနေပေါ်၊ အချိန်ပေါ်မူတည်ပြီး…
ပိတ်နေတဲ့သွေးခဲကို ဖျော်တဲ့ဆေးပေးတာ
Stent ထည့်တာ၊ ခွဲစိတ်တာ စတာတွေရှိပါတယ်။
ဒီလိုလေဖြတ်တာတွေကနေ ကင်းဝေအောင်…
သင့်ဆီးချိုရောဂါကို သေချာထိန်းသိမ်းပါ
ဆီးချိုနဲ့ပတ်သက်ပြီး အစားအသောက်၊ အနေအထိုင်အားလုံးဆင်ခြင်ပါ
ဆီးချိုကို ပုံမှန်စစ်ဆေးပါ၊ အချိုတွေရှောင်ပါ
အဆီများတဲ့အစားအစာတွေရှောင်ပါ၊
သွေးတွင်းအဆီဓာတ်ကို ပုံမှန်စစ်ဆေးပါ
သွေးတိုးရှိရင် သွေးတိုးကိုသေချာထိန်းပါ၊ ငန်တာတွေရှောင်ပါ
ဆေးလိပ်လုံးဝမသောက်ပါနဲ့
အရက်အလွန်အကျွံသောက်သုံးတာကိုရှောင်ပါ
ဆီးချိုရှိလို့ ဆရာဝန်က aspirin လို သွေးခဲမဖြစ်အောင်ကာကွယ်တဲ့ဆေးပေးထားရင် ကိုယ့်သဘောနဲ့ကိုယ်ဆေးဆက်မသောက်တာမျိုး၊ ဆေးဖြတ်လိုက်တာမျိုးမပြုလုပ်ပါနဲ့။
ဒေါက်တာသွန်းထည်ဝါ