HIV နှင့် ကာလသားရောဂါ (၂) မျိုးလုံးသည် လိင်ဆက်ဆံခြင်းမှ တဆင့်ကူးစက်နိုင်သောရောဂါ များဖြစ်ကြသည်။ ထို့ပြင် သွေးမှတဆင့်လည်း ကူးစက်နိုင်ပြီး ကိုယ်ဝန်ဆောင်သည်မှကလေးသို့လည်း ကူးစက်နိုင်သည်။ သို့သော် ကာလသားရောဂါသည် ရောဂါပိုး ရှိသူ၏အနာများကို တိုက်ရိုက်ထိတွေ့ခြင်းဖြင့်လည်း ကူးနိုင်သည်။ HIVသည် မိခင်နို့မှတဆင့် ကလေးဆီသို့ရောက်နိုင်သည်။
ကာလသားရောဂါသည် Treponema Pallidum ဟုခေါ်သော ဘက်တီးရီးယားကြောင့်ဖြစ်၍ HIVသည် ဗိုင်းရပ်စ်(human immunodeficiency virus) ကြောင့်ဖြစ်ပွားသည်။ စနစ်တကျကုသမှုခံယူလျှင် ကာလသားရောဂါသည် အပြီးတိုင်ပျောက်ကင်းသော်လည်း HIV ကမူ မဖြစ်နိုင်သေးပါ။ကာလသားရောဂါ(syphilis)ကို အဆင့်လေးဆင့်ဖြင့်တွေ့နိုင်သည်။
Primary, Secondary, Latent နဲ့ Tertiary syphilisဟူ၍ဖြစ်သည်။ Primary syphilis တွင် ရောဂါပိုးဝင်ပြီး (၃) ရက်မှ (၃လ) အတွင်း မနာကျင်၊ မယားသော အနာစတင်ဖြစ်လာမည်ဖြစ်သည်။ လိင်တံ၊ စအိုနှင့် သားအိမ်ခေါင်းတို့တွင် ဖြစ်လေ့ရှိသည်။
Secondary syphilisကမူ ပိုးဝင်ပြီး (၄ပတ်) မှ (၁၀ပတ်) အတွင်းဖြစ်တတ်သည်။ မယားယံသောအနီရောင်အစက်များ ခန္ဓာကိုယ် အနှံ့အပြားတွင်ဖြစ်လာမည်။ ထိုမှတဆင့် အနီရောင်အဖု၊ ပြည်ဖုများဖြစ်လာနိုင်သည်။ ထိုအရာများကို ခြေဖဝါး၊ လက်ဖဝါးများတွင်လည်း တွေ့ရတတ်သည်။ ခေါင်းကိုက်၊ ဖျားနာ၊ ဆံပင်ကျွတ်၊ကိုယ်အလေးချိန်ကျခြင်းတို့လည်းဖြစ်နိုင်ပါသည်။
Latent syphilis ကမူ ပိုးရှိသော်လည်း ရောဂါလက္ခဏာ မပြသခြင်းဖြစ်သည်။ Tertiary syphilis သည်ရောဂါပိုးရပြီး (၃နှစ်) မှ (၁၅နှစ်) အတွင်းဖြစ်သည်။ ခန္ဓာကိုယ်အနှံ့ရှိ အရေပြား နှင့်အရိုးတို့တွင် အလုံးများ ဖြစ်တတ်သည်။
-ဦးနှောက်အမြှေးပါးရောင်ခြင်း၊
-တက်ခြင်း
-တစ်ကိုယ်လုံးမလှုပ်ရှားနိုင်ဖြစ်ခြင်း
-ရူးခြင်း နှင့် သွေးလွှတ်ကြောမကြီးဖောင်း၍ ပေါက်ထွက်ခြင်းတို့ဖြစ်တတ်သည်။
ကိုယ်ဝန်ဆောင်ချိန်အတွင်းဖြစ်လျှင်မူ ကိုယ်ဝန်ပျက်ကျတတ်သည်။ မွေးလာသောကလေးတွင်လည်း ညို့သကျည်းရိုး ပုံမမှန်ပဲ ကွေးနေခြင်း၊ နှာခေါင်းသည် မြင်းကုန်းနှီးကဲ့သို့ ကော့ကော့လေးဖြစ်နေခြင်း အစရှိသည်တို့ဖြစ်တတ်သည်။ ရောဂါပိုးကူးစက်ခြင်းကို ကွန်ဒုံးသုံး၍ကာကွယ်နိုင်သော်လည်း အနာရှိသောနေရာကို ထိမိလျှင် ကူးတတ်သည်။
Human immunodeficiency virus(HIV)1 နှင့် 2 ကြောင့် HIVရောဂါ ဖြစ်စေသည်။ HIV-2 ကိုအာဖရိက အနောက်ပိုင်းတွင်သာ တွေ့ရလေ့ရှိပြီး HIV-1 ကမူ ကမ္ဘာအနှံ့တွင်ရှိသည်။ ကုသမှုမခံယူလျှင် အသက်ရှင်နိုင်ချိန်မှာ ၉-၁၁နှစ်အတွင်းသာရှိသည်။ ထိုဗိုင်းရပ်စ်သည် ကိုယ်ခံအားတွင်အရေးပါသော ဆဲလ်များကိုသေစေသည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ခုခံအားကျဆင်းမှုရောဂါ acquired immuno deficiency syndrome(AIDS) ဖြစ်လာမည်။ ထိုအချိန်တွင်အခြားကူးစက်ရောဂါများ အလွယ်တကူဝင်လာမည်ဖြစ်သည်။အဖြစ်များသောရောဂါများမှာ အဆုတ်ရောင်၊ တီဘီ၊အသည်းရောင်အသားဝါဘီပိုး၊စီပိုး၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ကင်ဆာ အစရှိသည်တို့ဖြစ်သည်။
“တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”
#myDoctor