တစ်ကမ္ဘာလုံးမှာ ကူးစက်ပြန့်ပွားနေတဲ့ ဒီ Covid-19 ရောဂါပိုးဟာ မြန်မာနိုင်ငံမှာလည်း ကူးစက်သူဦးရေ ၂၀၀၀ ကျော်နေခဲ့ပါပြီ။ ဒီ Covid-19 ရောဂါပိုးရဲ့ ကူးစက်ပုံတွေကတော့ ရောဂါပိုးရှိသူကနေ ချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ ထွက်လာတတ်တဲ့ droplets တွေကိုရှူရှိုက်မိတဲ့အခါ၊ ထို droplets တွေ secretions တွေကပ်တင်နေတဲ့ပစ္စည်းတွေကိုကိုင်တွယ်မိတဲ့အခါ ကူးစက်တတ်ပါတယ်။ ဒီရောဂါဟာ အသက် အရွယ်မရွေးကူးစက်နိုင်သလို ရောဂါအခံရှိသူရော၊ မရှိသူရော ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါအခံသာရှိနေရင် ပိုပြီးအခြေအနေဆိုးသွားတတ်ပါတယ်။ အဲ့တာကြောင့်ကိုယ့်မှာ ဆီးချိုရောဂါ၊သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အဆုတ်ရောဂါနဲ့ တခြားနာတာရှည် ရောဂါတွေရှိနေခဲ့မယ်ဆိုရင် ပိုပြီးသတိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ Covid ရဲ့နောက် ဆက်တွဲအနေနဲ့လည်း ကိုယ်တွင်းအင်္ဂါတော်တော်များများကိုထိခိုက်ပျက်စီးစေနိုင်လို့ပါပဲ။
ဒီ Covid-19 ရောဂါပိုးဟာ နှလုံးကြွက်သားတွေကို ထိခိုက်ပျက်စီးစေတတ်တဲ့အတွက် နှလုံးခုန်နှုန်းတွေအဆမတန်မြန်လာတာ၊နှလုံးရောဂါရှိနေခဲ့ရင် အခြေအနေပိုဆိုးသွားတာ၊ နှလုံးကောင်းကောင်းအလုပ်မလုပ်တော့ဘဲ သေဆုံးတဲ့ထိဖြစ်တတ်ပါတယ်။ ဆီးချိုအခံရှိနေတဲ့သူတွေမှာ ဆီးချိုကြောင့်ကိုယ်ခံအားကျဆင်းနေတဲ့အတွက် ကူးစက်ခံရနိုင်ချေပိုများပြီး ဆီးချိုရောဂါအခြေအနေပိုဆိုးသွားတာ၊ ကိုယ်ခံအားကျတုန်း တခြားပိုးတွေပါဆင့်ကဲဝင်ရောက်လာပြီး သွေးဆိပ်တက်တာ၊ သွေးလန့်တာတွေထိဖြစ်ပြီး သေဆုံးနိုင်ပါသေးတယ်။ ဒီ Covid-19 ရောဂါပိုးဟာ ဦးနှောက်နဲ့အာရုံကြောကိုလည်းထိခိုက်ပျက်စီးစေတဲ့အတွက် အကြောသေရောဂါ၊ အတက်ရောဂါ၊ ခြေတုန်လက်တုန်၊ဟန်ချက်မထိန်းနိုင်တဲ့ Parkinson’s ရောဂါအပြင် မှတ်ဉာဏ်ချို့ယွင်းတဲ့ Alzheimer’s ရောဂါတွေထိတောင်ဖြစ်တတ်ပါတယ်။ သွေးတိုးရှိရင်လည်း သွေးတိုးရောဂါ အခြေအနေပိုဆိုးနိုင်ပါတယ်။ကျောက်ကပ်ရောဂါအခံရှိမနေခဲ့ရင်တောင် ကျောက်ကပ်ကိုထိခိုက်ပြီး နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နိုင်ပြီးနဂိုသာကျောက်ကပ်ရောဂါအခံရှိနေခဲ့မယ်ဆိုရင်ကျောက်ကပ်အခြေအနေပိုဆိုးသွားစေတာမျိုးထိဖြစ်နိုင်ပါတယ်။ အသည်းရောဂါအခံရှိနေခဲ့ရင်လည်း အသည်းရောဂါအခြေအနေကိုပိုဆိုးသွားစေပါတယ်။
ထို့ပြင် ခန္တာကိုယ်ကသွေးကြောတွေမှာ သွေးခဲတာတွေဖြစ်စေတတ်တဲ့အတွက် ဦးနှောက်သွေးကြောခဲတာ၊ ပိတ်တာ၊ နှလုံးသွေးကြောပိတ်တာ၊ အဆုတ်သွေးကြောပိတ်တာတွေအပြင် ခြေထောက်သွေးကြောခဲတာတွေပါဖြစ်တတ်ပါတယ်။ ဒီသွေးခဲတဲ့ပြဿနာဟာ Covid မှာ သေဆုံးမှုတော်တော်များများကိုဖြစ်စေတာပါ။ အဆုတ်ကိုလည်းထိခိုက်တတ်တဲ့အတွက် အဆုတ်ရောင်တာ၊ ARDS လို့ခေါ်တဲ့အသက်ရှူရအရမ်းခက်ခဲလာတဲ့ရောဂါမျိုးတွေဖြထိဖြစ်နိုင်ပြီး အကယ်၍အဆုတ်ရောဂါအခံသာရှိနေခဲ့မယ်ဆိုရင် လက်ရှိခံစားနေရတဲ့အဆုတ်ရောဂါအခြေအနေကပိုဆိုးသွားတာ၊ အဆုတ်လုံးဝအလုပ်မလုပ်တော့တာထိဖြစ်နိုင်ပြီး အသက်ရှူစက်တပ်ရလောက်တဲ့ထိဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ရောဂါအခံသာရှိနေခဲ့ရင် ပိုဆိုးရွားတတ်ပြီး သေဆုံးနိုင်ချေများတဲ့ Covid-19 မို့လို့ ကျန်းမာရေးအသိလေးထားပြီး Stay at home နေတာ၊ Mask တပ်တာ၊ လူစုလူဝေးရှောင်တာ၊ တစ်ဦးနဲ့တစ်ဦး ၆ ပေခြားနေတာ၊ ဆပ်ပြာနဲ့လက်ကိုသေချဆေးကြောတာတွေကို ပြုလုပ်ပေးသင့်ပါတယ်….။
ဒေါက်တာသက်လွှာ