အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read

ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။ အနာက အရည်ထွက်နေရင် ကူးစက်မှုနှုန်း ပိုများပါတယ်။ ရောဂါလက္ခဏာတွေ သက်သာအောင် ကုသနိုင်သော်လည်း အမြတ်ပြတ်အောင်တော့ ကုသလို့ မရနိုင်ပါဘူး။

HSV-1 နဲ့ HSV-2 ဆိုပြီး Herpes simplex virus အမျိုးအစား နှစ်မျိုးရှိပါတယ်။

HSV-1 ဟာ အများအားဖြင့် ပါးစပ်နှင့် ထိတွေ့ခြင်း (ဥပမာ – နမ်းခြင်း) ဖြင့် ပျံ့နှံ့ပြီး ပါးစပ်အတွင်း သို့မဟုတ် နှူတ်ခမ်းတစ်ဝိုက်မှာ အရည်ကြည်ဖုများ၊ အနာများကို ဖြစ်စေပါတယ်။ လိင်အင်္ဂါရေယုန်ကိုလည်း ဖြစ်စေနိုင်ပါ တယ်။ အရွယ်ရောက် ပြီးသူတွေမှာ HSV-1 အဖြစ်များပါတယ်။

HSV-2 ကတော့ လိင်ဆက်ဆံရာမှ ပျံ့နှံ့သွားပြီး လိင်အင်္ဂါရေယုန်ကို ဖြစ်စေပါတယ်။

ရောဂါလက္ခဏာများ

ရေယုန်ရှိသူအများစုဟာ ရောဂါလက္ခဏာမပြဘဲ သို့မဟုတ် အပျော့စားလက္ခဏာများသာ ရှိတတ်ပါတယ်။ လူတော်တော်များများက သူတို့မှာ ရောဂါပိုးရှိနေတာကို သတိမထားမိတတ်ကြတဲ့အတွက် တခြားသူတွေဆီကို ဗိုင်းရပ်စ်ပိုးက မသိလိုက်ဘဲ ကူးစက်သွားနိုင်ပါတယ်။

ရောဂါလက္ခဏာများကတော့ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများ ထပ်တလဲလဲ ပြန်ဖြစ်ခြင်းပါ။ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက အရည်ကြည်ဖုများ၊ အနာများ ထွက်တဲ့နေရာအနီးမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်း၊ ယားယံခြင်း သို့မဟုတ် ပူစပ်ပူလောင်ဖြစ်ခြင်းတို့နဲ့ စတင်တတ်ပါတယ်။ အရည်ကြည်ဖုများ  ပေါက်ထွက်ကာ အရည်များ စိမ့်ထွက်ပြီး အနာကျက်သွားပါတယ်။ ကုသမှုမရှိလည်း သူ့အလိုလို ပျောက်သွားနိုင် ပါတယ်။ အခုမှ ပထမဆုံးအနေနဲ့ ရောဂါပိုး စဝင်တာမျိုး ဆိုရင်တော့ အဖျားတက်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်းနှင့် လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ပြန်ရည်ကျိတ် (lymph nodes) များ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

ရေယုန်ဟာ ထပ်တလဲလဲ ပြန်ဖြစ်နိုင်ပြီး ရောဂါနောက်တစ်ကြိမ်ဖြစ်ခြင်းက ပထမတစ်ကြိမ်ဖြစ်တုန်းကထက် အချိန်ကာလ ပိုတိုတောင်းပြီး ပြင်းထန်မှုနည်းပါတယ်။

ကုသမှု

ကုသမှုမလိုဘဲ သူ့အလိုလို ပျောက်ကင်းနိုင်သော်လည်း အလွန်နာကျင်သော (သို့) မကြာခဏ ပြန်ဖြစ်တတ်သော (သို့) အခြားသူတစ်ဦးအား ရေယုန်ကူးစက်စေနိုင်တဲ့အန္တရာယ်ကို လျှော့ချလိုသူများအတွက် လိမ်းဆေးများ၊ (လိုအပ်ပါက) သောက်ဆေးများဖြင့် ကုသနိုင်ပြီး နာတာ တော်တော်လေးဆိုးတယ်ဆိုရင်တော့ အကိုက်အခဲ ပျောက်ဆေးများ၊ ထုံဆေးများကိုပါ အသုံးပြုနိုင်ပါတယ်။

ဖြစ်နိုင်သောနောက်ဆက်တွဲအန္တရာယ်များ

HSV-2 နှင့် HIV ကူးစက်မှု

HSV-2 ရောဂါပိုးဟာ HIV ကူးစက်ခံရနိုင်ခြေကို ခန့်မှန်းခြေအားဖြင့် သုံးဆတိုးစေပါတယ်။ ထို့အပြင် HIV နှင့် HSV-2 ကူးစက်ခံရသူများဟာ အခြားသူများကို HIV ပိုး ကူးစက်နိုင်ခြေ ပိုများစေပါတယ်။

ပြင်းထန်သောရောဂါ

HIV ပိုးကူးစက်ခံထားရသူများ အပါအဝင် ခုခံအားကျဆင်းနေသူများမှာ ရေယုန်ဟာ ပိုမိုပြင်းထန်သော လက္ခဏာများရှိပြီး ထပ်တလဲလဲ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ HSV-2 ရဲ့ ရှားရှားပါးပါး နောက်ဆက်တွဲ ပြဿနာများမှာ ဦးနှောက်အမြှေးရောင်ရောဂါ (ဦးနှောက်ပိုးဝင်ခြင်း) နှင့် နေရာအနှံ့ ရောဂါပိုးများ ပျံ့နှံ့ခြင်းတို့ ပါဝင်ပါတယ်။ ရှားရှားပါးပါးအနေနဲ့ HSV-1 ရောဂါပိုးဟာ ဦးနှောက်ရောင်ခြင်း သို့မဟုတ် keratitis (မျက်လုံးပိုးဝင်ခြင်း) ကဲ့သို့သော ပိုမိုပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

မွေးကင်းစကလေးရေယုန်

မွေးကင်းစကလေးမှာ HSVပိုး နှင့် ထိတွေ့သောအခါ ရေယုန်ပေါက်ခြင်း ဖြစ်ပွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင် HSV ရောဂါပိုးကို ပထမဆုံးအကြိမ်ကူးခံရတယ်ဆိုရင် မွေးကင်းစကလေးအတွက် အကြီးမားဆုံး အန္တရာယ်တစ်ခု ဖြစ်ပါတယ်။ မွေးကင်းစ ကလေးရေယုန်ဟာ ရှားပါးသော်လည်း ရေရှည်အာရုံကြောဆိုင်ရာ မသန်စွမ်းမှု (သို့) သေဆုံးခြင်းဆီသို့ ဦးတည်သွားစေနိုင်သည့် ပြင်းထန်သော အခြေအနေတစ်ခုဖြစ်ပါတယ်။

ရောဂါကာကွယ်ခြင်း

ပါးစပ်ရေယုန်လက္ခဏာရှိသူများဟာ အခြားသူများ (ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း အပါအဝင်) နှင့် ပါးစပ်ဖြင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပြီး တံတွေးနှင့်ထိသော အရာများကို မျှဝေသုံးစွဲခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။ လိင်အင်္ဂါရေယုန်ရောဂါ လက္ခဏာရှိသူများဟာ ရောဂါလက္ခဏာများ ခံစားနေရချိန်တွင် လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ ကွန်ဒုံးကို နည်းလမ်း မှန်ကန်စွာ စနစ်တကျ အသုံးပြုခြင်းဟာ လိင်အင်္ဂါရေယုန်နှင့် အခြား လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#Dr.Shoon(ဆေး-၁)

#myDoctor

#teleMedicine

Related posts
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *