မှတ်ဉာဏ်လျော့ပါး Dementia
Dementiaခေါ်တဲ့ မှတ်ဉာဏ်လျော့ပါးလာတဲ့ ရောဂါဆိုတာ လူတစ်ဦးမှာရှိတဲ့ မှတ်ဉာဏ်၊ သတိရှိမှု၊ နားလည်သဘောပေါက်မှု၊ စဉ်းစားတွေးခေါ်နိုင်မှု၊ မှန်ကန်စွာ ချင့်ချိန်ဆုံးဖြတ်နိုင်မှုနဲ့ ဘာသာစကားစွမ်းရည်စတဲ့ ဦးနှောက်စွမ်းရည်များ တဖြည်းဖြည်းချင်း ဆုံးရှုံးမှု ဖြစ်လာတဲ့ ရောဂါဖြစ်ပါတယ်။ ဒီဝေဒနာမှာ အာရုံကြောဆဲလ်များ ပျက်စီးခြင်း အဆက်အသွယ်ပြတ်တောက်မှုများကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီလိုအခြေအနေကြောင့် မတူကွဲပြားတဲ့ လက္ခဏာတွေပေါ်လာတတ်ပါတယ်။
အသက်၆၅နှစ်ကျော် လာသူတွေမှာ ဖြစ်ပွားတတ်ပြီး မှတ်ဉာဏ်လျော့ပါးသူတွေရဲ့ ၅၀ရာခိုင်နှုန်းကျော်ဟာ အယ်လ်ဇိုင်းမား ရောဂါကြောင့်ပဲဖြစ်ပါတယ်။ ၂၀ ရာခိုင်နှုန်းကတော့ ဦးနှောက် သွေးကြော ကျဉ်းတာနဲ့ ဆက်စက်မှု ရှိပြီး အများစုမှာ လေဖြတ်ရောဂါ ခံစားဖူးသူများပဲဖြစ်ပါတယ်။
ဒီဝေဒနာဖြစ်မဖြစ်ကိုသိရှိနိုင်မယ့် အကြောင်းအရာတွေအနေနဲ့ သာမာန်ထက်ပိုပြီး မေ့လျော့တတ်တာမျိုးဆိုတဲ့ အချက်လည်းပါ၀င်ပါတယ်။ဥပမာ သိပ်မကြာသေးခင်က မနက်စာစားခဲ့တာကိုတောင်မေ့သွားတာမျိုးပါ။ နောက်ပြီး အကြောင်းမဲ့ လန့်နေတတ်တာ ဒေါသထွက်နေတတ်တာမျိုးတွေကလည်း Dementiaရဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ လူမှုဆက်ဆံရေးမှာကိုယ်ပြောမယ့်စကားကိုမေ့သွားတာမျိုး၊ အရာ၀တ္တု ပစ္စည်းအမည်များကိုမေ့နေတာမျိုးတွေနဲ့ အ၀တ်အစား ၀တ်ဖို့ ခက်ခဲတာ ပစ္စည်းများသိမ်းဆည်းဖို့ ခက်ခဲနေတာမျိုး တွေ ဖြစ်တတ်ပါတယ်။ မိမိမှာမှတ်ဉာဏ်လျော့ပါးနေတာကို ကိုယ်တိုင်သတိမမူမိဘဲ မိသားစုက ပိုပြီးသတိထားမိတတ်ပါတယ်။
Dementiaရဲ့ နောက်ဆုံးအဆင့်တွေမှာတော့ အစားအစာနှင့် ရေများစားသုံး ဖို့အချိန်ကြာလာတတ်သလို လှုပ်ရှားမှုလည်းလျော့နည်းသွားတတ်ပါတယ်။နေ့ရောညပါအိပ်စက်ခြင်းကို တွေ့ရတတ်ပြီး မိသားစုကိုစိတ်ပူပန်မှုတွေဖြစ်စေတတ်ပါတယ်။
ဒီဝေဒနာကိုကြိုတင်ကာကွယ်နိုင်ဖို့ရာအတွက် အာဟာရပြည့်၀လှတဲ့ အစားအသောက်များကိုစားပေးခြင်း၊ အဆီအငံအပူအစပ်များတဲ့ အစားအစာများကို စောစီးစွာရှောင်ကြဉ်ခြင်း၊ လေဖြတ်နိုင်တဲ့ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါများကို ထိရောက်အောင် ကုသခြင်း၊ အရက်ဆေးလိပ်ဖြတ်ခြင်း နဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းတွေလုပ်ဆောင် ပေးသင့်ပါတယ်။ ဒါ့အပြင် စာဖတ်ခြင်း၊ဦးနှောက်သုံး ရတဲ့ ပဟေဋိ လေးတွေရှာဖွေဖတ်ရှုခြင်း၊ဘာသာစကားအသစ် တွေလေ့လာခြင်း၊ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ပေါ့ပေါ့ပါးပါးနေထိုင်ခြင်း၊ သီချင်းဆိုခြင်း ကခုန်ခြင်းတွေက ဒီရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ ဒီဝေဒနာရှင်တွေကိုပြုစုစောင့်ရှောက်သူတွေအနေနဲ့လည်း စာနာနားလည်စိတ် အပြည့်အ၀နဲ့ မေတ္တာစေတနာရှေ့ထားကာ စောင့်ရှောက်ပြုစုကုသမှုပေးသင့်ပါတယ်
က်တာနိုင်း (ဆေး-၁)
#Dementia