အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ ကို သတိပြုဖို့ အရေးကြီးပါတယ်။ အောက်ပါအချက်တွေက အမြွှာမွေးနိုင်ခြေကို လွှမ်းမိုးနိုင်တဲ့ အကြောင်းရင်း အချို့ဖြစ်ပါတယ်။
မျိုးရိုးဗီဇ- သင့်တွင် အမြွှာများ အထူးသဖြင့် မိခင်ဘက်မှ အမြွှာရာဇဝင်ရှိလျှင် သင့်တွင် အမြွှာပူးမွေးနိုင်ခြေ အနည်းငယ် တိုးလာနိုင်ပါတယ်။ သို့သော် မျိုးရိုးဗီဇဟာ အကြောင်းရင်းများစွာထဲမှ တစ်ခုသာဖြစ်သောကြောင့် သင့်တွင် အမြွှာမျိုးရိုးရှိတိုင်း အမြွှာများမွေးမယ်လို့တော့ အာမမခံနိုင်ပါဘူး။
မိခင်အသက်- အထူးသဖြင့် အသက် ၃၀ နှင့် အသက် ၄၀ အစောပိုင်းများဖြစ်တဲ့ အသက်ကြီးသော အမျိုးသမီး များဟာ မျိုးဥထွက်ချိန်အတွင်း မျိုးဥအများအပြားထွက်နိုင်ခြေပိုများပြီး အမြွှာပူးရနိုင်ခြေကို တိုးစေပါတယ်။
လူမျိုး- အာဖရိက အမျိုးသမီးတွေမှာ အမြွှာမွေးနိုင်ခြေ ပိုများပြီး အာရှနှင့် အရှေ့တောင်အာရှရှိအမျိုးသမီးတွေမှာ အမြွှာမွေးနှုန်း ပိုနည်းပါတယ်။
ကိုယ်ဝန်အရေအတွက်- ကိုယ်ဝန်များစွာရှိဖူးသောအမျိုးသမီးများမှာ အမြွှာပူးရနိုင်ခြေ ပိုများပါတယ်။
အရပ်အမြင့် – အရပ်ရှည်တဲ့ အမျိုးသမီးများမှာ အမြွှာမွေးနှုန်း ပိုများပုံရပါတယ်။ ဒီအချက်ဟာ အနည်းငယ် ထူးဆန်းတယ်လို့ ထင်ရသော်လည်း သုတေသီများကတော့ အင်ဆူလင်ကဲ့သို့သော ကြီးထွားမှုဆိုင်ရာ အချက် ကြောင့် ဖြစ်နိုင်တယ်လို့ အသိအမှတ်ပြုထားပါတယ်။
ကိုယ်အလေးချိန် – ကိုယ်အလေးချိန်များသော သို့မဟုတ် အဝလွန်သော အမျိုးသမီးများမှာ သဘာဝအတိုင်း အမြွှာကိုယ်ဝန်ရနိုင်ခြေ ပိုများပါတယ်။ အထူးသဖြင့် သင့်ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ၃၀ အထက် ဖြစ်ပါ က ဖြစ်နိုင်ခြေအများဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီနေရာမှာ သတိထားရမှာက အမြွှာပူးကိုယ်ဝန် ရနိုင်ခြေကို တိုးမြင့်လာစေရန် ရည်ရွယ်ချက်ရှိရှိနဲ့ ကိုယ်အလေးချိန်တက်အောင် မလုပ်ပါနှင့်။ BMI ၃၀ နှင့် အထက်ရှိခြင်းဟာ အန္တရာယ်များတဲ့ ကိုယ်ဝန်အမျိုးအစားထဲမှာ ပါတာကြောင့် ကိုယ်ဝန် မဆောင်မီ သင့်အတွက် ကျန်းမာသော ကိုယ်အလေးချိန်အကြောင်း သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။
အာဟာရနှင့် ကျန်းမာရေး- အာဟာရပြည့်ဝပြီး ကျန်းမာသောအမျိုးသမီးတစ်ဦးဟာ မျိုးဥကြွေချိန်မှာ မျိုးဥ အများအပြား ထွက်နိုင်ခြေရှိပြီး အမြွှာပူး ရနိုင်ခြေကို တိုးစေပါတယ်။
မျိုးပွာမှုနည်းပညာများ အကူအညီဖြင့် ကလေးရယူခြင်း – အမျိုးသား၏ သုက်ပိုးကို အမျိုးသမီး၏ သားအိမ်တွင်း တိုက်ရိုက်ရောက်ရှိအောင်ပြုလုပ်သောနည်းပညာ (IUI) ကိုယ်တိုင်က အမြွှာများမွေးနိုင်ခြေကို မတိုးစေနိုင်သော် လည်း IUI မှာသုံးတဲ့ အချို့သောဆေးဝါးများဟာ မျိုးဥထွက်ခြင်းကို လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်မှ တစ်ချိန် တည်းတွင် မမျိုးဥများစွာကို ထုတ်လုပ်ရန် ကူညီပေးနိုင်ပါတယ်။ မမျိုးဥ နှစ်ဥ (သို့မဟုတ်) ထို့ထက်ပို၍ မျိုးအောင် ပြီး သန္ဓေတွယ်သွားပါက အမြွှာ ဖြစ်နိုင်ခြေရှိသည်။ ဖန်ပြွန်သန္ဓေသားနည်းလမ်း (IVF) ဖြင့် ကလေးယူရန် ကြိုးစားနေပါက သန္ဓေသားလောင်း အရေအတွက်များများကို သားအိမ်ထဲသို့ထည့်လိုက်ရင် အမြွှာရနိုင်ခြေ ပိုများနိုင်ပါတယ်။
ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။
#DrShoon(ဆေး-၁)
#myDoctor
#Telemedicine #ကလေးအမြွှာပူး #မိခင်နှင့်ကလေး