အရက်နာကျခြင်းဆိုတာ အရက်အလွန်အကျွံသောက်ပြီးနောက် ဖြစ်ပေါ်တဲ့ မသက်မသာနဲ့ ခံရခက်တဲ့ ဝေဒနာ ဖြစ်ပါတယ်။ အရက်နာကျခြင်းရဲ့ အကြောင်းရင်းအတိအကျကို အပြည့်အဝနားမလည်သော်လည်း၊ အဓိကအားဖြင့် အောက်ပါအကြောင်းအချက်များကြောင့်ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။
ရေဓာတ်ခန်းခြောက်ခြင်း- အရက်ဟာ ဆီးရွှင်စေတဲ့အတွက် ဆီးသွားခြင်းကို များစေပြီး ရေဓာတ်ကို ခန်းခြောက် စေပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းတဲ့အခါ ခံတွင်းခြောက်ခြင်း၊ မူးဝေခြင်းနှင့် မောပန်းခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။
Electrolyte မညီမျှခြင်း- အရက်ဟာ ဆိုဒီယမ်၊ ပိုတက်စီယမ်နှင့် မဂ္ဂနီဆီယမ်ကဲ့သို့သော ခန္ဓာကိုယ်အတွင်းရှိ မရှိမဖြစ်လိုအပ်သော ဓာတ်များရဲ့ ဟန်ချက်ညီမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ Electrolyte မညီမျှတဲ့အခါ အားနည်းခြင်း၊ ပျို့အန်ခြင်းနှင့် ကြွက်သားများ ကြွက်တက်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
အဆိပ်အတောက်ဖြစ်စေတဲ့ Acetaldehyde တည်ဆောက်ခြင်း- အသည်းထဲမှာ အရက်ကို ဖြိုခွဲလိုက်တဲ့အခါ acetaldehyde လို့ခေါ်တဲ့ ခန္ဓာကိုယ်ကို အဆိပ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းတစ်ခု ဖြစ်ပေါ်လာတယ်။ အရက်ကို အလွန်အကျွံသောက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ acetaldehyde များစုပုံလာစေပြီး ခေါင်းကိုက်ခြင်းနှင့် ပျို့အန်ခြင်း တို့ကို ဖြစ်စေပါတယ်။
အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာ ဆိုးကျိုးများ- အရက်ဟာ အစာအိမ်နှင့် အူလမ်းကြောင်းကို ထိခိုက်စေ နိုင်ပြီး အစာခြေစနစ်မှာ အက်ဆစ်ထုတ်လုပ်မှုကို တိုးစေပါတယ်။ အစာအိမ်က အက်ဆစ်ထုတ်လုပ်မှု များလာတဲ့ အခါ အစာအိမ်နာခြင်း၊ ပျို့အန်ခြင်းနှင့် အော့အန်ခြင်း တို့ကို ဖြစ်စေပါတယ်။
ကိုယ်ခံအားစနစ်တုံ့ပြန်မှု- အရက်ဟာ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို တုံ့ပြန်ခြင်း ဖြစ်စေနိုင်ပြီး ကိုယ်ခံအား စနစ်ကို ထိခိုက်စေနိုင်တဲ့အတွက် အချို့သော အရက်နာကျ ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ပျို့အန်ခြင်း၊ အစာစားချင်စိတ် လျော့နည်းခြင်းနှင့် အာရုံမစိုက်နိုင်ခြင်းတို့ အပါအဝင် အရက်နာကျခြင်းရဲ့ လက္ခဏာများဟာ အရက်ကြောင့်ဖြစ်ရတဲ့ ခုခံအားစနစ်ယာယီပြောင်းလဲမှုများနှင့် ဆက်စပ်နေနိုင်ပါတယ်။
အိပ်ရေးပျက်ခြင်း- အရက်သောက်ခြင်းဟာ အစပိုင်းမှာ သင့်အား ငိုက်မျဉ်းစေပြီး အိပ်ပျော်စေရန် ကူညီပေး သော်လည်း နောက်ပိုင်းမှာတော့ အိပ်ပျော်ရန်ခက်ခဲစေပြီး အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေကာ နောက်တစ်နေ့တွင် အိပ်ရေးပျက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုလူတွေမှာ အရက်နာကျခြင်း ဖြစ်နိုင်ခြေပိုများလဲ။
ကိုယ်ရည်ကိုယ်သွေး။ အချို့သော ကိုယ်ရည်ကိုယ်သွေး စရိုက်များဟာ အရက်နာကျခြင်း လက္ခဏာများကို လွှမ်းမိုးနိုင်ပါတယ်။ ဥပမာအားဖြင့်၊ မကြာသေးမီက လေ့လာမှုတစ်ခုအရ ရှက်တတ်သူများဟာ အရက်နာကျ တဲ့အခါ စိုးရိမ်ပူပန်မှု ပိုမိုခံစားရနိုင်ခြေ ပိုများကြောင်း ဆိုထားပါတယ်။
မျိုးဗီဇအချက်များ။ အချို့သူတွေမှာ အရက်နည်းနည်းလေးသောက်ရုံနဲ့ မျက်နှာရဲလာခြင်း၊ ရှိန်းတိန်းဖိန်းတိန်း ဖြစ်လာခြင်း၊ ချွေးထွက်ခြင်း၊ အော့အန်ခြင်းတို့ကို ခံစားရတာတွေက မျိုးရိုးဗီဇဆိုင်ရာ အချက်များကြောင့်ပါ။ အရက်သောက်ခြင်းဆိုင်ရာ မိသားစုရာဇဝင်ပြဿနာရှိခြင်းကလည်း သင့်ခန္ဓာကိုယ်က အရက်ကို စီမံ ဆောင်ရွက် ပုံအပေါ် သက်ရောက်မှုရှိပါတယ်။
ကျန်းမာရေးအခြေအနေ။ မကြာသေးမီက လေ့လာမှုတစ်ခုအရ ကျန်းမာရေးမကောင်းတဲ့သူတွေမှာ အရက်နာ ကျဖို့ ပိုလွယ်တယ်လို့ ဆိုထားပါတယ်။
အသက်။ လေ့လာမှုရလဒ်များအရ ငယ်ရွယ်သူများဟာ အရက်နာကျခြင်းကို ပိုမိုပြင်းထန်စွာ ခံစားရနိုင်ခြေ ပိုများ ကြောင်း တွေ့ရှိထားကြပါတယ်။
လိင်။ အချို့သော သုတေသနပြုချက်များအရ အမျိုးသမီးများဟာ အမျိုးသားများထက် အရက်နာကျခြင်းကို ခံစားရနိုင်ခြေ ပိုများကြောင်း ဆိုထားပါတယ်။
အရက်သောက်ခြင်းနဲ့ ဆက်စပ်နေတဲ့ အခြားသော အပြုအမူများ။ စီးကရက်သောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲ ခြင်း သို့မဟုတ် အိပ်ရာဝင်နောက်ကျခြင်းတို့ကြောင့် အရက်နာကျခြင်းကို ပိုမိုဆိုးရွားစေပါတယ်။
အရက်နာကျခြင်းဟာ များသောအားဖြင့် ၂၄ နာရီအတွင်း သူ့ဘာသာသူ ပျောက်သွားတတ်ပါတယ်။ သို့သော် လည်း ရောဂါလက္ခဏာများရဲ့ ပြင်းထန်မှုဟာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။
အရက်နာကျ ခြင်းကို ရှောင်ရှားရန် သို့မဟုတ် လျှော့ချရန်၊ အရက်ကို အတန်အသင့်သာသောက်ရန်နှင့် ရေဓာတ် ပြည့်ဝနေရန် အရေးကြီးပါတယ်။ အရက်မသောက်မီ အစာစားခြင်းနှင့် အရက်ပါဝင်မှုနည်းသော အဖျော်ယမကာ များကို ရွေးချယ်ခြင်းတို့ဟာလည်း အရက်နာကျခြင်းရဲ့ ပြင်းထန်မှုကို လျှော့ချပေးနိုင်ပါတယ်။ အရက်နာကျခြင်း ကို ရှောင်ရှားရန် တစ်ခုတည်းသော သေချာတဲ့နည်းလမ်းကတော့ အရက်သောက်ခြင်းကို ရှောင်ကြဉ်ရန်ပဲ ဖြစ်ပါတယ်။
ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။
#Hangout
#myDoctor
#telemedicine