ပြဿနာကိုရှာသော ငါးရှဉ့်နှင့် ကျန်းမာရေးတန်ဖိုး
ကျွန်တော်စျေးမှ ပြန်လာပြီး မီးဖိုချောင်ထဲသို့ ခပ်သုတ်သုတ်ဝင်သွားသည်။ လက်ထဲမှာ အထုတ်ကလေး တစ်ထုတ်ကို အမဲရောင် ကြွတ်ကြွတ်အိတ်လေးနဲ့ ထုတ်ပြီး ရေခဲသေတ္တာအအေးခန်းထဲ ခိုးပြီး ထည့်လိုက်သည်။ ပြီးတော့ ခပ်တည်တည်နှင့် အိမ်ရှေ့ခန်းမှာ လက်ပ်တော့လေးနဲ့ အလုပ်လုပ်စရာလေးတွေ ဆက်လုပ်နေသည်။ ခဏကြာတော့ မီးဖိုခန်းမှ “အမလေး” ဆိုပြီး အမေ့၏ အာမေတိတ်အော်သံ ကြားရသည်။ အကြောင်းကတော့ ရေခဲသေတ္တာမှာ ကျွန်တော်စျေးမှ ခိုးဝယ်လာသော ငါးရှဉ့်ထုတ်ကို အမေတွေပြီး လန့်သွားခြင်းဖြစ်သည်။ အမေက မြွေ၊ မျော့၊ ငါးရှဥ့် စတဲ့ ရှည်မျောမျော သတ္တဝါတွေကို ကြောက်လဲ ကြောက်သလို ရွံလဲ ရွံသည်။ ကျွန်တော်ကတော့ ငါးရှဉ့်ဆိုရင် မြင်ရင်ကို မနေနိုင်တဲ့သူမျိုး။ အဲ့မှာ ပြဿနာက စတာပဲ။
တကယ်တော့ ကျွန်တော်တို့ တစ်မိသားစုလုံးမှာ ငါးရှဉ့်စားတာ ကျွန်တော်တစ်ယောက်ထဲရယ်။ တစ်အိမ်လုံးက မစားရဲ ၊ ကျွန်တော်စားနေရင်တောင် ရွံသလိုလို မျက်လုံးမျိုးနှင့် အကြည့်ခံရသည်။ အမေကလည်း “ သားရေ၊ နင်ကတော့ အတော်ညစ်ပတ်ပြီး ပေါက်ကရစားတဲ့ကောင်၊ ဆရာဝန် ဖြစ်လို့သာတော် တော့တယ်” ။ ဒီလိုစကားမျိုးက အမြဲကြားနေကျဖြစ်တော့ ပြောလဲ အပြောခံ၊ ဆက်ပြီး စားဦးမည်ဖြစ်သည်။ တကယ်တော့ ကျွန်တော်ကလည်း ငါးရှဉ့်ကို ကြိုက်သွားရတဲ့ အကြောင်းက ကျွန်တော် နယ်လှည့်ပြီး ဆေးကုတဲ့ အချိန်တွေတုန်းက နယ်စုံရောက်တော့ အစားစုံစားဖူးသည်။ အခမဲ့ ဆေးလာကုပေးတဲ့ ဆရာကို သူတို့မှာ ရှိတာတွေနဲ့ ကျေးဇူးတုန့်ပြန်ချင်တာ နယ်သူနယ်သားတို့၏ ဖြူစင်ရိုးသားသော စိတ်ဓာတ်ပင်။ ကျွန်တော်ကလည်း ကျွန်တော်မစားတတ်ဘူး၊ မစားရဲဘူးလို့ ပြောရမှာ အလွန်အားနာတတ်သူပင်၊ ဒါကြောင့် အတော်လေးကို စုံပါသည်။ ဘယ်လောက်စုံခဲ့သလဲဆိုတာကို အမေ့ကို ကုန်စင်အောင်ပြန်မပြောရဲ၊ ကျိန်းသေပေါက် အဆူခံရမည်ဖြစ်သည်။ သေချာတာတစ်ခုကတော့ စားခဲ့ဖူးသမျှထဲမှာ တန်းတန်းစွဲ ဖြစ်သွားတာ ကတော့ ငါးရှဉ့်ပင်၊ ကျွန်တော့် အထင် မြစ်ဝကျွန်းပေါ်ဘက် သွားတုန်းက ဖြစ်မယ်ထင်တယ်။ အိမ်မှာကတော့ ငါးရှဉ့်ချက်ဖို့ တိုက်ပွဲဝင်တာ မအောင်မြင်သေးပါဘူး။ ဒါနဲ့ပဲ ငါးရှဉ့် အကြောင်းလေး ပြောဖို့ စိတ်ကူးရလာတယ် ဆိုပါတော့။ (ကျွန်တော်နဲ့ ဘဝတူတွေအတွက်ပေါ့လေ)
ကိုယ်ကတော့ ကိုယ့်အဖြစ်နဲ့ ကိုယ်ပါ၊ ဒါပေမယ့် ငါးရှဉ့်က ငါးတွေထဲမှာတော့ အတော်လေးကို အာဟာရ ဓာတ်ကြွယ်ဝတဲ့ ငါးတစ်မျိုးဖြစ်တယ်။ မိန်းကလေးတွေနဲ့ မတည့်ဘူးဆိုတဲ့ စကားကလည်း ယုံတမ်းပုံပြင်တစ်ပုဒ် ဗျ။ ကျွန်တော် အခုအောက်မှာ ဆက်ပြီးရှင်းပြမယ်။
(၁) အရိုးများကို သန်မာစေတယ်။
Phosphorous ဓာတ် 440 mg ပါဝင်တယ်ဆိုတာ အစားအသောက်တစ်ခုအနေနဲ့ ဆိုရင် အတော်များးတဲ့ ပမာဏပါ။ Phosphorous က အရိုးတွေ သန်မာစေဖို့ ကယ်လ်ဆီယမ်လိုပဲ အဓိက အရေးကြီးတဲ့ ဓာတ်တစ်ခုဖြစ်တယ်။ အရိုးကို သန်မာစေတဲ့နေရာမှာ နွားနို့၊ ဒိန်ချဉ် စတဲ့ နို့ထွက်ပစ္စည်းတွေကိုပဲ တန်ဖိုးရှိတယ်။ အချို့ သွေးဆုံးတိုင်ပြီး အမျိုးသမီးတွေဆို Osteoporosis လို့ခေါ်တဲ့ အရိုးပွတာ ဖြစ်တတ်တာမို့လို့ ငါးရှဉ့်ကို ဓာတ်စာအနေနဲ့ စားပေးရင် အတော်လေး သင့်တော်ပါတယ်။
(၂) သွေးအားကောင်းစေပါတယ်။
အမျိုးသမီးတွေနဲ့ ငါးရှဉ့်နဲ့ မတည့်ဘူးဆိုတဲ့ အယူအဆက ဒီအချက်နဲ့ တက်တက်စင်အောင်လွဲပါတယ်။ ငါးရှဉ့်မှာ Iron ဓာတ် (သံဓာတ်) 1mg ပါဝင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ သွေးအားနည်းခြင်း ပြဿနာတွေအတွက် အထူးသင့်တော်ပါတယ်။ အချို့ပညာရှင်များက ငါးရှဉ့်ကို ကိုယ်ခံအားး နည်းနေသူတွေအတွက် အထူးဓာတ်စာအဖြစ် ဖော်ပြခဲ့ကြပါတယ်။
(၃) ဗီတာမင် powerbank
Vitamin A,C,E,B1,B3,B6,B12,Folic acid နဲ့ အခြား သတ္တုဓာတ်တွေ များစွာ ပါဝင်တယ်။ သိသာထင်ရှားတာကတော့ Vitamin A – 7093 IU ပါဝင်တယ်ဗျ။ အမြင်အာရုံ၊ အသားအရည် အတွက် အတော်လေး သင့်တော်တဲ့ အပြင် Vitamin E လဲ ပါဝင်တာ ကြောင့် ဆံပင်အတွက်လဲ အကျိုးရှိတယ်။ Vitamin B complex တွေ ပါဝင်ပြီး သိသာထင်ရှားတဲ့ အချက်က သွေးထဲမှာ သွေးခဲဖြစ်ပြီးပိတ်ဆို့ခြင်းကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။
နောက်တစ်ခု ထူးဆန်းတာက အစားအသောက်တွေမှာ အများကြီး ပါဝင်လေ့ မရှိတဲ့ Arginine ဓာတ်၊ ဒီ ဓာတ်ပေါင်းက အမျိုးသမီးတွေမှာ ရင်သားကင်ဆာ မဖြစ်ဖို့ အဓိက ကာကွယ်ပေးတယ်။ ကင်ဆာဆဲလ်တွေ ကြီးထွားမှုနှုန်းကို လျော့ချပေးတယ်။ နောက်တစ်ချက်ကတော့ နှလုံးးနဲ့ သွေးကြောဆိုင်ရာရောဂါတွေအတွက် အထူးသင့်တော်ပါတယ်။
နောက်အချက်တွေအနေနဲ့ အချုပ်ပြောရရင် ပိုတက်ဆီယမ်ပါဝင်မှု မြင့်မားတာကြောင့် နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးအတွက် အထူးးကောင်းမွန်တယ်။ သွေးကြောများကို ကျယ်စေတဲ့အတွက် သွေးကြောပိတ်တဲ့ ပြဿနာတွေအတွက် အသုံးဝင်တယ်။ ပါဝင်တဲ့ ဇင့်ဓာတ်က အာရုံစူးစိုက်မှုကို အားပေးတာကြောင့် ကျောင်းသားကျောင်းသူတွေအတွက် အထူးသင့်တော်တယ်။ ဆက်ပြောရင်တော့ အများကြီး ပဲ ပေါ့လေ။
ဒီတော့ ပြောချင်တာက ငါးရှဉ့်က ဒီမှာသာ ရွံစရာ ဖြစ်နေတာ၊ ဟော်တည်စာထဲမှာဆိုရင် စျေးအကြီးဆုံး အစားအစာထဲမှာ ပါပါတယ်။ ချောင်းတွေ၊ လယ်ကွင်းေ တွပေါတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာသာ ငါးရှဉ့်ဟာ အရမ်းမရှားပေမယ့် အနောက်နိုင်ငံတွေမှာ အတော်လေး ရှားနေပြီဖြစ်ပြီး စျေးကြီးပါတယ်။ ဒီတော့ အကြံပေးလိုတာကတော့ တစ်ခါလာ ကြက်သား၊ ဝက်သား၊ ငါးကြင်း၊ ငါးမြစ်ချင်း သံသရာလည်းနေပြီး ဟင်းလျာ စဉ်းစားဖို့ အခက်တွေ့နေတဲ့ သူတွေကိုတော့ အကြံပေးချင်တာကတော့ စျေးလည်း အရမ်းမကြီးတဲ့ ငါးရှဉ့်ဟင်းလျာကို ထည့်သွင်း ချက်ပြုတ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။
သမားတို့မည်သည် မိမိ မွေးဖွားရာ ဇာတိမှာ ထွန်းပေါက်ရိုး ထုံးစံမရှိ ဆိုတဲ့အတိုင်း ကျွန်တော့် အိမ်မှာတော့ ငါးရှဉ့်ကို official ချက်စားခွင့်ရဖို့ တိုက်ပွဲ ဝင်လိုက်ပါဦးမယ်
စေတနာ မေတ္တာအပြည့်ဖြင့်
Dr.Zaw Htet Aung