အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read

နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း ခြင်း၊ သွားကိုက်ခြင်း)

နားကိုက်ခြင်း သက်သာအောင်လုပ်ဆောင်နိုင်တဲ့အချက်တွေကတော့-

ရေခဲကပ်ခြင်း – နာကျင်မှုကို သက်သာစေရန် ရေခဲ သို့မဟုတ် ရေအေး ရေစိုအ၀တ်စကို နားအပြင်ဘက်မှာ မိနစ် ၂၀ ခန့် ကပ်ပါ။

ရေနွေးအိတ်ကပ်ခြင်း – ရေနွေးအိတ်ကပ်ခြင်းဟာ နာကျင်မှုကို သက်သာစေပြီး ရောင်ရမ်းမှုကို လျှော့ချရန် ကူညီ ပေးနိုင်ပါတယ်။ အပူမလောင်မိစေဖို့တော့ သတိထားပါ။

နာကျင်မှုကို သက်သာစေခြင်း- acetaminophen သို့မဟုတ် ibuprofen ကဲ့သို့သော အကိုက်အခဲ ပျောက်ဆေး များဟာ နားကိုက်ခြင်း ကို သက်သာစေနိုင်ပါတယ်။ အစာအိမ်ရောဂါရှိသူများ အနေနဲ့ အကိုက်အခဲပျောက်ဆေး များကို သတိထားပြီး သောက်သင့်ပါတယ်။

ပီကေဝါးခြင်း – ပီကေဝါးခြင်းဟာ နားပိုးဝင်ခြင်းရဲ့ နာကျင်မှုနှင့် ဖိအားကို သက်သာစေနိုင်ပါတယ်။

အရာဝတ္တုများထည့်ခြင်းကို ရှောင်ကြဉ်ပါ – နားဖာကလော်တံနဲ့ နားကလော်ခြင်းဟာ နားကိုယားယံစေနိုင်ခြင်း (သို့) နားဖာချေးကို နားအတွင်းပို့သို့ ပိုမိုနက်ရှိုင်းအောင် တွန်းပို့လိုက်နိုင်ခြင်း တို့ကို ဖြစ်စေနိုင်တဲ့အတွက် နားထဲသို့ မည်သည့်အရာကိုမျှ မထည့်ပါနဲ့။

အနားယူခြင်း- တစ်ခါတစ်ရံတွင် ခန္ဓာကိုယ်ကို လုံလောက်စွာ အနားယူခြင်းက နားကိုက်ခြင်းကို သဘာဝအတိုင်း သက်သာစေနိုင်ပါတယ်။ အနားယူရာတွင် လှဲလျောင်းနေမည့်အစား မတ်တတ် အနေအထားဖြင့် အနားယူခြင်းက နားအလယ်ပိုင်းရှိ ဖိအားကို လျှော့ချနိုင်ပါတယ်။

ရေဓါတ်- ရေဓာတ်ရှိနေခြင်းက သင့်ခန္ဓာကိုယ်မှ ရောဂါပိုးများကို ပိုမိုထိရောက်စွာ တိုက်ဖျက်နိုင်စေပါတယ်။

နားအစက်ချဆေးများ- နားဖာချေးပိတ်ဆို့ခြင်းကြောင့် နားကိုက်ခြင်းကို ဖြစ်စေတယ်လို့ သံသယရှိပါက၊ နားဖာချေးကို ပျော့ပျောင်းစေပြီး ဖယ်ရှားရန် အထူးထုတ်လုပ်ထားသော နားအစက်ချဆေးများကို အသုံးပြုနိုင်ပါ တယ်။ နားစည် ပေါက်ပြဲမသွားသရွေ့ နာကျင်ကိုက်ခဲမှု သက်သာစေရန် နားအစက်ချဆေးကို အသုံးပြုနိုင် ပါတယ်။ သို့သော် ရောဂါလက္ခဏာများ ပိုဆိုးလာပါက ဆရာဝန်နဲ့ အမြန်ပြဖို့လိုအပ်ပါတယ်။

ဆရာဝန်နှင့် တိုင်ပင်ပါ- နားကိုက်ဝေဒနာ ပြင်းထန်ခြင်း၊ ဆက်ရှိနေခြင်း သို့မဟုတ် အဖျားတက်ခြင်း၊ နားထဲက အရည်ထွက်ခြင်း (သို့) ပြည်ထွက်ခြင်း၊ အကြားအာရုံဆုံးရှုံးခြင်းကဲ့သို့သော အခြားလက္ခဏာများ ရှိလာပါက ဆရာဝန်နှင့် ပြသရန် အရေးကြီးပါတယ်။ ထိုမှသာ နောက်ခံအကြောင်းရင်းကို ရှာဖွေဖော်ထုတ်နိုင်ပြီး သင့်လျော် သောကုသမှုကို အကြံပြုနိုင်မှာ ဖြစ်ပါတယ်။ ရောဂါပိုးဝင်ခြင်း ကြောင့် နားကိုက်ပါက ဆရာဝန်က ပဋိဇီဝဆေး များ သို့မဟုတ် အခြားဆေးဝါးများကို ညွှန်ကြားနိုင်ပါတယ်။

နားမကိုက်အောင်ကာကွယ်ဖို့အတွက်

–      ကလေးအနီးမှာ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဆေးလိပ်ငွေ့များကို တစ်ဆင့်ခံရှူရှိုက်မိခြင်း ဟာ ကလေးတွေမှာ နားပိုးဝင်ခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။

–      နားအတွင်း ပိုးဝင်ခြင်းမှ ကာကွယ်ရန် နားအတွင်းသို့ အရာဝတ္တုများ မထည့်ပါနဲ့ (ဥပမာ- နားကလော် ခြင်း၊ ဂွမ်းဆို့ခြင်း)

–      ရေချိုးပြီးနောက် သို့မဟုတ် ရေကူးပြီးနောက် နားရွက်ကို ကောင်းစွာခြောက်သွေ့အောင်ထားပါ။

–      မိမိနဲ့ ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်တဲ့အရာများ (ဥပမာ- ဝတ်မှုန်၊ ဖုန်) ကို ရှောင်ရှားပါ။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#DrShoon(ဆေး-၁)

#myDoctor

#Telemedicine

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *