‘ညှင်း’ တွေ့တာနဲ့ ငိုရတော့မလား
ငိုစရာမဟုတ်ပေမဲ့ သေချာတာကတော့ ‘ညှင်း’ပေါက်တာ ပျော်စရာ မဟုတ်ပါဘူး။ သူသူကိုယ်ကိုယ် စိတ်ညစ်မှာပါပဲ။
ဘာဖြစ်ဖြစ် မမှုဘဲ ပစ်ထားတတ်တဲ့ တချို့ ယောက်ျားလေးတွေအတွက်တော့ သိပ်အရေးမပါတဲ့ အကွက်တွေဖြစ်ချင် ဖြစ်နေမှာပေါ့။ ဒါပေမဲ့ ‘အလှအပ’ဆိုတာကို ချပ်ဝတ်တန်ဆာ လက်နက်တစ်ခုလို ဆင်မြန်းထားရတဲ့ မိန်းကလေးတွေအတွက်ကတော့ လူမြင်လွယ်တဲ့ အစိတ်အပိုင်းတွေမှာ ထွက်လာတဲ့ ညှင်းကွက်တစ်ကွက်ကြောင့် ကမ္ဘာပျက်မတတ် ခံစားနေရနိုင်ပါတယ်။
ဒီအခါမှာ အမြန်ပျောက်ချင်ဇောတွေရယ် အယုံလွယ်တတ်တဲ့ ဗီဇတွေရယ်ကြောင့် ကုသနည်းအမှားအယွင်းတွေနဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။ ညှင်းဟာ Malassezia furfur လို့ခေါ်တဲ့ fungus မှိုတစ်မျိုးကြောင့် ဖြစ်တာမို့ fungicide ဆိုတဲ့ မှိုသတ်ဆေးတွေအသုံးပြုမှသာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ရောဂါပိုးသေသွားပေမဲ့လည်း အရေပြားပေါ်က ညှင်းကွက်တွေကတော့ ရက်သတ္တပါတ်ပေါင်းများစွာ တခါတလေ လအနည်းငယ်ကြာမှ ပုံမှန်ပြန်ဖြစ်တတ်တာကြောင့်လည်း ဆေးမတိုးသေးဟု ယူဆပြီး မဆိုင်တဲ့ဆေးဝါးတွေ အသုံးပြု ရေလိုက်လွဲသွားတတ်ကြပါတယ်။ များသောအားဖြင့်တော့ ညှင်းကို over the counter လို့ခေါ်တဲ့ ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ fungicidal မှိုသတ်ဆေး လိမ်းဆေး ကရင်မ်၊ လိုးရှင်း နဲ့ ခေါင်းလျှော်ရည်တွေ အသုံးပြုပြီး သက်သာစေနိုင်ပါတယ်။
ဒါနဲ့မသက်သာရင်တော့ ဆရာဝန်ညွှန်ကြားချက်လိုအပ်တဲ့ ဆေးဝါးတွေနဲ့ နောက်တစ်ဆင့်တက်ကုသရတော့မှာမို့ ဆရာဝန်နဲ့ မဖြစ်မနေ ဆွေးနွေးပြသတိုင်ပင်ရပါမယ်။ ရှေးတုန်းကတော့ မှိုသေစေနိုင်တဲ့ အန္တရာယ်မရှိတဲ့ သဘာဝ ဆေးနည်းတွေသုံးခဲ့ကြပါတယ်။
– ပန်းသီးဗနီဂါ
– လက်ဖက်ဆီ
– ရှားစောင်းလက်ပတ်
– တမာရွက်
– သစ်ဂျပိုးခေါက်အဆီ
– oregano oil
– ဒိန်ချဉ်
စတဲ့ မှိုသေစေတဲ့ အာနိသင်ရှိတဲ့ အရာတွေ အသုံးပြု ဖော်စပ် လိမ်းကျံပြီး ညှင်းကို အံတုခဲ့ကြပါတယ်။
ခုလို ဆေးပညာထွန်းကားနေတဲ့ ခေတ်မှာတော့ အဲ့လို ခေါင်းရှုပ်ခံ ဆေးဖော်စရာလည်း မလိုတော့ပါဘူး။ လက်တကမ်းမှာအလွယ်တကူဝယ်လို့ရနိုင်တဲ့ ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ မှိုသတ်ဆေးပါဝင်တဲ့ လိမ်းဆေးကရင်မ်တွေ လိုးရှင်းတွေ ခေါင်းလျှော်ရည်တွေရှိနေပြီမို့ ဒီညှင်းကြောင့်တော့ မငိုပါနဲ့တော့….။
Dr Phyowai Lynn