All Articlesအခြားရောဂါများအထွေထွေရောဂါများ

‘ညှင်း’ကို မုန်း၍ လိမ်းခဲ့သည်

1 Mins read

? ‘ညှင်း’ကို မုန်း၍ လိမ်းခဲ့သည် ?

မုန်းသင့်တာပေါ့။ မုန်းလည်း မုန်းချင်စရာ။ ‘ညှင်း’ တဲ့။ အသံထွက်ကအစ ဗီလိန်တစ်ယောက် မခိုးမခန့် ရယ်တဲ့အသံမျိုးနဲ့။

လူက လှချင်ရက် စက်စက်ယိုသည့် ဆယ့်ခြောက်နှစ်မှာ တစ်ရက်လျော့သည့်အရွယ်။ ပေါက်လာတဲ့ ညှင်းကွက်တွေက လူမြင်သာတဲ့ လည်တိုင်ကျော့ကျော့လေးပေါ်မှာတစ်ကွက်၊ ပုခုံးပေါ်မှာတစ်ကွက်၊ ရင်ဘတ်ပေါ် ညှပ်ရိုးနားမှာတစ်ကွက်။

ဝတ်နေကျ ခပ်ဟော့ဟော့ အင်္ကျ ီလေးတွေ ပစ်လိုက်ရတော့မလား။ ကမ်းခြေသွားရင်ရော swim suit လေးနဲ့ ဘယ်လိုလန်းမလဲ။ သေပြီ။ ဒါမှမမုန်းရင် မုန်းစရာမရှိ။ ဒီတော့ လိမ်းပြီပေါ့။ ဟိုလူကောင်းတယ်ပြောတဲ့ဆေးလေး လိမ်းလိုက်။ ဒီလူညွှန်တဲ့ skin care လေး သုံးကြည့်လိုက်။ ဟိုအရွက်ထောင်းပြီး ကပ်ကြည့်ဆိုလည်း လုပ်လိုက်တာပဲ။ ခက်တာက မသက်သာ၊ မပျောက်သွားတဲ့ အပြင် ရင်ဘတ်မှာ နောက်တစ်ကွက်တောင်ထွက်လာသေး။

ညှင်းကို မုန်း၍လိမ်းခဲ့တဲ့ ဇာတ်လမ်းက ထာဝရထက်နှစ်ဆမကဘဲ ဆယ့်နှစ်ဆလောက် ပိုရှည်မဲ့သဘောဖြစ်နေပြီ။

ညှင်းဆိုတဲ့ သကောင့်သားက မုန်းမုန်းနဲ့ တွေ့ကရာလိမ်းလို့ ရတာမဟုတ်ဘဲကိုး။

– အရေးအကြီးဆုံးအချက်ပြောရရင် ညှင်း ဆိုတာ လူတိုင်းနီးပါးရဲ့ အရေပြားပေါ်မှာ မွေးညှင်းပေါက်တွေမှာ သဘာဝအတိုင်းရှိတဲ့ yeast ဆိုတဲ့ မှိုလေးတွေ ပုံမှန်ထက် အဆများစွာ ပွားလာရာကနေ စဖြစ်ပါတယ်။

ဒီတော့ မှိုသတ်ဆေးပါတဲ့ လိမ်းဆေး ခရင်မ်၊ လိုးရှင်း နဲ့ ခေါင်းလျှော်ရည်တွေပဲ သုံးရပါမယ်။
ဥပမာပေးရရင်တော့ Clotrimazole , Miconazole, Selenium sulfide, Terbinafine , Zinc pyrithione soap စတာမျိုးတွေပေါ့။

မလိမ်းခင်မှာ လိမ်းမဲ့နေရာကို သေချာဆေးကြော အခြောက်ခံထားဖို့လိုတယ်။ လိမ်းရင်လည်း တစ်နေ့ကို တစ်ကြိမ်မှ နှစ်ကြိမ် အနည်းဆုံးနှစ်ပါတ်လောက် မှန်မှန်လေး လိမ်းသွားပေးရမယ်။

မှိုသတ်ဆေးပါတဲ့ ခေါင်းလျှော်ရည်သုံးရင်လည်း လျှော်ပြီး ဆယ်မိနစ်လောက်အထိ ရေမဆေးချသေးဘဲ ထားထားဖို့ လိုပါတယ်။

ဒါတွေလိမ်းပြီး တစ်လလောက်အထိမှ မထူးခြားရင်တော့ ဆရာဝန်တစ်ယောက်နဲ့ ဆွေးနွေးတိုင်ပင်ရပါတော့မယ်။ မှိုသတ်ဆေး သောက်ဆေးတွေ သောက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။

– နောက်ထပ်အရေးကြီးတဲ့ တစ်ချက်က ညှင်းက ပျောက်သွားပေမဲ့လည်း ပြန်ပေါ်လာတတ်တယ်ဆိုတာ သိဖို့ပါ။

ပူတဲ့ ရာသီဥတုမှာ ပြန်ဖြစ်တတ်တာမို့ ညှင်းကိုမုန်းရင် နေပူထဲ သိပ်မထွက်ပါနဲ့။ ထွက်ရင်လည်း SPF အနည်းဆုံး 30 လောက်ပါတဲ့ နေရောင်ကာလိမ်းဆေး ခရင်မ်တွေ လိမ်းရပါမယ်။ ဒါပေမဲ့ အဆီပြန်ရင် မှိုတွေပိုပွားတတ်လို့ အဆီပြန်စေမဲ့ greasy type Sun cream နဲ့ တခြား skin care တွေ မလိမ်းမိဖို့တော့ သတိထားရပါမယ်။

– အရေးကြီးတဲ့ နောက်ဆုံးတစ်ချက်ကတော့ ညှင်းဖြစ်စေတဲ့ မှိုလေးတွေ သေသွားပေမဲ့ နဂိုအသားအရေ ပြန်ဖြစ်ဖို့ ရက်သတ္တပါတ် တော်တော်များများကနေ လအနည်းငယ် အထိ အချိန်ယူရတတ်ပါတယ်။

အကြာကြီးနေမကောင်းဖြစ်သွားတဲ့ အရေပြားပေါ်က Melanocyte လေးတွေ အလုပ်ပုံမှန်ပြန်ဆင်းပြီး Melanin ပြန်ထုတ်ပေးနိုင်ဖို့ အချိန်ခဏပေးရဦးမှာကိုး။

မုန်းမုန်းနဲ့ တွေ့ကရာတွေ လျှောက်မလိမ်းနဲ့နော်…။

Dr Phyowai Lynn
(7.3.19)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…