ဆီးချိုအရမ်းတက်လာတဲ့အခါ ဆေးရုံရောက်တဲ့ထိအရေးပေါ်ဖြစ်နိုင်တဲ့ ဆီးချိုရဲ့နောက်ဆက်တွဲရောဂါတစ်ခုအကြောင်း…
ဆီးချိုရောဂါအရမ်းဆိုးလာတဲ့အခါ နောက်ဆက်တွဲဖြစ်လာနိုင်တာ အများကြီးပါ။ ဒီထဲမှာမှ သွေးထဲမှာ Ketone တွေစုပုံပြီးဖြစ်တတ်တဲ့ဒီရောဂါကတော့ တော်တော်ထိန့်လန့်ရပါတယ်။ ကျွန်မတို့ခန္တာကိုယ်မှာရှိတဲ့ ကြွက်သားတွေ တစ်ရှူးတွေအတွက် စွမ်းအင်ရရှိဖို့ဆိုတာ Glucose က ဆဲလ်ထဲဝင်နိုင်ဖို့လိုပါတယ်။ ဒီလို ဆဲလ်ထဲဝင်နိုင်ဖို့ကို Insulin ဟော်မုန်းက ကူညီပေးမှ ဝင်လို့ရတာပါ။ ခန္တာကိုယ်မှာ ဆီးချိုကို
သေချာထိန်းပေးမယ့် Insulin ဟော်မုန်းလုံလုံလောက်လောက်မရှိတဲ့အခါ အဆီတွေကို လောင်စာအနေနဲ့ ဖြိုခွဲပစ်ပြီး သွေးထဲမှာ Ketone တွေစုပုံလာစေပါတယ်။
ဒီလိုဖြစ်လာတဲ့အခါ…
ပျို့တာ၊ အန်တာ၊ ဗိုက်အောင့်တာ
သစ်သီးနံ့တစ်ခုခုထွက်နေတာ၊ မောတာ
ရေအရမ်းဆာလာတာ၊ ဆီးခဏခဏသွားတာ၊
လူကအရမ်းနုံးခွေပြီး အားနည်းနေတာ
သတိကောင်းမကောင်းစစ်ဆေးကြည့်တဲ့အခါ confused ဖြစ်နေတာစတဲ့လက္ခဏာတွေပေါ်လာတတ်ပါတယ်။ သွေးထဲမှာလည်း သကြားဓာတ်တွေအရမ်းမြင့်တက်နေပြီးတော့ဆီးထဲမှာလည်း Ketone ထဲအရမ်းများနေပါတယ်။
တကယ်လို့သာ မကုသပဲထားလိုက်မယ်ဆိုရင် ခန္တာကိုယ်မှာအပြင်းအထန်ရေဓာတ်ခမ်းခြောက်တာ၊ Coma ရပြီး သေဆုံးသွားတာ
ထိဖြစ်သွားနိုင်ပါတယ်။
ကုသတဲ့နေရာမှာလည်းဆီးချိုကိုသေချာ adjust လုပ်ပြီး ပုံမှန်ပမာဏရောက်အောင်ပြန်ချပေးနိုင်ဖို့အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ မကုသရင်လည်း ဒုက္ခရောက်နိုင်သလို သေချာ adjust မလုပ်ပဲ ကုသရင်လည်းဒုက္ခရောက်နိုင်ပါတယ်။
Insulin ဟော်မုန်းဟာ Glucose တွေကိုဆဲလ်တွေထဲကို မြန်မြန်ဝင်သွားစေခဲ့ရင် အချိုဓာတ်ကျဆင်းတဲ့လက္ခဏာတွေဖြစ်ပေါ်လာပါလိမ့်မယ်။ အချိုဓာတ်တက်ရင်လည်း မကောင်းသလိုပုံမှန်ထက်ကျဆင်းရင်လည်း ကောင်းကျိုးမရှိပါဘူး။
နောက်တစ်ခုကတော့ ဆီးချိုရှိတယ်ဆိုတာစသိပြီးတဲ့ကလေးတွေမှာ ဦးနှောက်ဖောရောင်တာဖြစ်တတ်ပါတယ်။
Potassium ပမာဏသွေးထဲမှာ ကျဆင်းလာတာ စတာတွေဖြစ်တတ်ပါတယ်။
ဒီလို ကြောက်ဖို့ကောင်းတဲ့အခြေအနေကို အစကတည်းက မဖြစ်ဖို့ကာကွယ်နိုင်အောင်….
ဆီးချိုဆေးတွေကို သေချာသောက်ပါ၊ Insulin ထိုးနေရရင်လည်း မမေ့မလျော့ပဲ သေချာထိုးပါ
ဆီးချိုနဲ့ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်တွေကိုသေချာလိုက်နာပါ
မနက်တိုင်းအနည်းဆုံး အစာမစားခင်တစ်ခေါက်တော့ ဆီးချိုတိုင်းပေးပါ
ဖျားနာနေတဲ့အချိန်ဆိုရင်တော့ မနက်အစာမစားခင်တစ်ခေါက်၊ နေ့လည်နဲ့ ညဘက် အစားစားပြီး ၂ နာရီကြာရင် တစ်ခေါက် တိုင်းပေးပါ
ဆီးချိုကိုသေချာမထိန်းညှိနိုင်ဘူးဆိုရင် ဆရာဝန်နဲ့သေချာပြန်ဆွေးနွေးပါ
Ketone ပမာဏကိုပါ စစ်ဆေးတာမျိုးပြုလုပ်ပေးပါ။
သွေးတွင်းသကြားဓာတ်ကလည်း ပုံမှန်ထက်များနေမယ်၊ ဆီးစစ်ကြည့်ရင်လည်း Ketone တွေပါလာမယ်၊ ရောဂါလက္ခဏာတွေလည်း ပြနေရင်တော့ အမြန်ဆုံးဆေးရုံကိုသွားပြီး ကုသမှုသေချာခံယူဖို့လိုပါလိမ့်မယ်။
ဒေါက်တာသွန်းထည်ဝါ