ဆီးချိုရောဂါသည်တစ်ယောက်ရင်ဘတ်အောင့်တဲ့အခါ ဘာကိုစိုးရိမ်သင့်လဲ…
ပုံမှန်လူတစ်ယောက်ရင်ဘတ်အောင့်တဲ့အခါ နှလုံးရော၊ တခြားအရာတွေရော စဥ်းစားရပေမယ့် ဆီးချိုရောဂါသည်တစ်ယောက်ရင်ဘတ်အောင့်ပြီဆိုရင်တော့ ပထမဆုံးဦးစားပေးစဥ်းစားရမှာ နှလုံးသွေးကြောကျဥ်းတာပါပဲ။ ဘာလို့လဲဆိုတော့ ဆီးချိုရောဂါမှာ သွေးတွင်းသကြားဓာတ်များတာဟာ နှလုံးသွေးကြောကျဥ်းတာကိုဖြစ်စေလို့ပါ။
နှလုံးသွေးကြောကျဥ်းတဲ့အခါ နှလုံးကို သွေးလည်ပတ်မှုမကောင်းတော့တဲ့အတွက်…
1) ရင်ဘတ်အောင့်လာမယ်
ရင်ဘတ်အောင့်တာဟာ အလယ်မှာ(သို့)ဘယ်ဘက်မှာ အောင့်မယ်၊ ဆွဲညှစ်ထားသလို၊ အပေါ်ကနေဖိထားသလိုခံစားရမယ်၊ ပိတ်တဲ့အခြေအနေပေါ်လိုက်ပြီး နည်းနည်းနားလိုက်ရုံနဲ့သက်သာတာရှိသလို နားလိုက်လည်းမသက်
သာတော့တာမျိုးရှိနိုင်တယ်။ မိနစ်ပိုင်းအတွင်း
အောင့်တာ သက်သာသွားတာရှိသလို အဲ့ထက်ကြာတာလည်းရှိနိုင်တယ်။ အကုန်လုံးက ပိတ်တဲ့
အခြေအနေပေါ်ပဲမူတည်နေတယ်။ ရင်ဘတ်အောင့်တာကနေ လက်မောင်းအောင့်တာ၊ သွားကျင်တာ၊ လည်ပင်းအောင့်တာ၊ နောက်ကျောအောင့်တာ၊ ရင်ခေါင်းအောင့်တာတွေလည်းရှိတတ်တယ်။
2)မောလာမယ်
နှလုံးကသွေးကောင်းကောင်းမညှစ်ထုတ်နိုင်တဲ့ ခန္တာကိုယ်က သွေးကတစ်ဆင့်ရရှိတဲ့
အောက်စီဂျင်လည်းကောင်းစွာမရရှိတော့ မောလာမယ်။ နည်းနည်းလှုပ်လှုပ်ရှားရှားလုပ်ရင်ပိုဖြစ်တယ်။
3)Heart attack ရသွားနိုင်တယ်
နှလုံးသွေးကြောကျဥ်းရာကနေ လုံးဝပိတ်သွားတဲ့အခါ ခံစားရတဲ့လက္ခဏာတွေဟာ ပိုဆိုး
လာပြီး ပိုမောလာတာ၊ ချွေးတွေပြန်လာတာ၊ ပျို့အန်တာမျိုးတွေဖြစ်လာမယ်။ ဒါတွေဖြစ်လာပြီဆိုရင်တော့ လုံးဝအရေးပေါ်အခြေအနေပါ။
ဒီလိုပြောလိုက်လို့ Heart attack ရမှပဲဆေးရုံသွားရမယ်လို့ အမှတ်မှားသွားကြမှာစိုးပါတယ်။
ရင်ဘတ်အောင့်၊ မောတာကလည်း အချိန်မရွေး
နှလုံးသွေးကြောပိတ်သွားနိုင်လို့ အမြန်သာဆေးရုံသွားသင့်ပါတယ်။
အချိန်မှီသာကုသမှုမခံယူရင်
အပေါ်ကပြောသလို Heart attack ရသွားနိုင်ရုံသာမက
နှလုံးစည်းချက်မမှန်တော့တာ
နှလုံးကလုံးဝအလုပ်မလုပ်တော့တာမျိုးတွေထိဖြစ်သွားနိုင်ပါတယ်။
ဒါ့ကြောင့် ဒီလိုဆိုးရွားတဲ့နှလုံးသွေးကြောကျဥ်းရောဂါကို နောက်ဆက်တွဲအနေနဲ့မဖြစ်အောင်…
ဆီးချိုကိုသေချာထိန်းပါ
သွေးတိုးကိုသေချာထိန်းပါ
သွေးတွင်းအဆီ cholesterol ဓာတ်ကိုသေချာထိန်းပါ
အဆီများတဲ့အစားအစာတွေ၊ ငန်တဲ့အစားအစာတွေကိုရှောင်ပါ
စိတ်ဖိစီးတာကို တတ်နိုင်သမျှလျှော့ပါ
ဆေးလိပ်သောက်တာရှောင်ပါ
အသင့်အတင့်လေ့ကျင့်ခန်းလေးတွေပုံမှန်ပြုလုပ်ပြီး ကိုယ်အလေးချိန်ကိုထိန်းပါ။
ဒေါက်တာမိုးမခ(ဆေး ၂)